Technical Advisory Team နည်းပညာအကြံပေးအဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးနှင့်တွေ့ဆုံခြင်း

“ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ KIO ဟာ အဓိကအခန်းကဏ္ဍလို့ မပြောချင်ပေမယ့်လည်း KIO ရဲ့တောင်းဆိုမှုဟာ အဓိကကျတယ်လို့ မြင်တယ်”

လွတ်လပ်ရေးရပြီးချိန်မှ စကာ ဖြစ်တည်လာခဲ့သည့် မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၇၀ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မီးသည် ယနေ့ထိ အကင်းသေအောင် မငြိမ်းသတ်နိုင်သေးပါ။ ပြည်တွင်းစစ်ကြောင့် တိုင်းပြည်အတွက် အနှုတ်လက္ခဏာဆောင်သလား၊ အပေါင်းလက္ခဏာဆောင်ခဲ့သလားဆိုသည်က မေးခွန်းထုတ်ဖို့မလိုအောင်ပင် ထင်ရှားလို့နေပါသည်။ ပြည်တွင်းစစ်ကြောင့် ယနေ့ထိတိုင်အောင် စစ်ဘေးရှောင် ဒုက္ခသည်ဘဝဖြင့် နေရပ်ရင်းကို မပြန်နိုင်သေးသော ပြည်သူများသည် သိန်းနှင့်ချီရှိနေပါသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့ပေါင်း များစွာရှိနေပါသည်။ အစိုးရနှင့် တပ်မတော်မှ အသိအမှတ်မပြုသော အဖွဲ့များရှိနေသလို အသိအမှတ်ပြုကာ အပစ်ရပ်ရေးဆွေးနွေးလျှက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ဆယ်ဖွဲ့ထက်မနည်းရှိနေပါသည်။

ထိုအနက်မှ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)သည် ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA)ပြီးလျှင် အင်အားအကောင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဟု ဆိုရပါမည်။

မိမိတို့ မြန်မာငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့အနေဖြင့် KIO/KIA၏ နည်းပညာအကြံပေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးကို ယခုလို တွေ့ဆုံမေးမြန်းထားပါသည်။

“KIO ဟာ အဓိကအခန်းကဏ္ဍလို့ မပြောချင်ပေမယ့်လည်း KIO ရဲ့တောင်းဆိုမှုဟာ အဓိကကျတယ်လို့ ယူဆတယ်”

မေး။ ။ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ KIO ရဲ့ အခန်းကဏ္ဍက ဘယ်နေရာမှာပါဝင်နေပါသလဲ။ ဘယ်လောက်အရေးပါသလဲ။

ဖြေ။ ။ KIO ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ် ပါဝင်နေမှုကို ပြောမယ်ဆိုရင် စစ်ဖြစ်တဲ့အစ၊ တိုက်ပွဲပြန်ဖြစ်လာတာရဲ့ အစက KIO နဲ့ စဖြစ်တယ်လို့ပြောရမှာပေါ့။ ဒီရှေ့မှာက ကိုးကန့်နဲ့ ဖြစ်ခဲ့တာ။ ကိုးကန့် အဖွဲ့ ၂ ခြမ်းကွဲပြီး တစ်ခြမ်းက အစိုးရဖက်ကို ပေါင်းသွားတယ်။ နောက် တစ်ခြမ်းက ထွက်ပြေးသွားတယ်၊ ပြန် စုဖွဲ့တယ်။ ပြီးတော့ ကိုးကန့်နေရာမှာ ပြန်ဝင်တိုက်တယ်။ ဒါက ကိုးကန့်အခြေအနေ။ KIO/KIA ဘက် အနေအထားက ၂၀၁၁ က ပြန်စပါတယ်။ ပြောရရင် KIO ရဲ့ နိုင်ငံရေးတောင်းဆိုမှုကို အသွင်ပြောင်းပေးလိုက်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ မြင်တယ်။ ဒါကြောင့်မို့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ KIO ဟာ အဓိကအခန်းကဏ္ဍလို့ မပြောချင်ပေမယ့်လည်း KIO ရဲ့တောင်းဆိုမှုဟာ အဓိကကျတယ်လို့ ယူဆတယ်။ အခုချိန်ထိ KIO ဟာ ဖက်ဒရယ်၊ စစ်မှန်တဲ့ ပြည်ထောင်စုဆိုတဲ့ နိုင်ငံရေးအရ ကိုယ်ပိုင်ပြဌာန်းခွင့်ရတဲ့ ပုံသဏ္ဍန်ကို တောင်းဆိုတယ်။ နောက်တစ်ခုက အားလုံးပါဝင်ရေးမူကို တစ်စိုက်မတ်မတ်တောင်းဆိုနေတယ်။ ပြီးရင် NCA ကို တစ်နိုင်ငံလုံး လွမ်းခြုံတဲ့အနေအထားမျိုး ဖြစ်ဖို့ကို တောင်းဆိုတယ်။

KIO ရဲ့တောင်းဆိုမှုတွေဟာ တစ်နိုင်ငံလုံးအတွက် အဓိကကျတယ်လို့ ယူဆတယ်၊ ယူဆတဲ့အတွက်ကြောင့်လည်း ကျန်တဲ့အဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေး စည်းရုံးပြီးတော့ အားလုံးရဲ့ဘုံသဘောထား ဘုံတောင်းဆိုမှုဖြစ်အောင် KIO အနေနဲ့ ကြိုးစားခဲ့တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးမှာ KIO ကဘယ်နေရာ ဘယ်ကဏ္ဍမှာ အဓိကကျတယ်၊ မကျဘူးဆိုတာထက် KIO ရဲ့ တောင်းဆိုမှုဟာ ကျန်တဲ့ အဖွဲ့အစည်းတွေအားလုံးအတွက် သော်၎င်း၊ နိုင်ငံရေးအရသော်၎င်း အဓိကကျတယ်လို့မြင်ပါတယ်။
မြန်မာပြည်ရဲ့ငြိမ်းချမ်းရေးဟာ ဖက်ဒရယ်ရေးရာနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ မြင်တယ်။ ဒါကြောင့် ဖက်ဒရယ်တောင်းဆိုမှုက ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် အလွန်အရေးပါတယ်။ ဘယ်သူတွေတောင်းဆိုသလဲ ဆိုတာကလည်း အဓိကကျပါတယ်။ ဆိုတော့ ၂၁ ရာစုပင်လုံညီလာခံ ပထမအကြိမ်မှာ တောင်းဆိုမှု ၃ ခုထွက်တယ်။ တိုင်းရင်းသားတွေ တောင်းဆိုတာက ဖက်ဒရယ်ဒီမိုကရေစီပုံစံကို တောင်းဆိုခဲ့တယ်၊ အစိုးရဘက်က တောင်းဆိုတင်ပြခဲ့တာက ဒီမိုကရေစီ ဖက်ဒရယ် ဆိုတာဖြစ်တယ်။ တပ်မတော်ဘက်ကျတော့ ၂၀၀၈ခြေဥကို အခြေခံပြီးတော့ Practically ဖက်ဒရယ် အရဖြစ်တယ်ဆိုတာကို တင်ပြ၊ပြောဆိုခဲ့တယ်။ ဆိုတော့ အခုထိ ဆွေးနွေးမှု ရလဒ်ကောင်းမထွက်သေးဘူး။ ဒီငြိမ်းချမ်းရေးဟာ ဖက်ဒရယ်ပုံဖော်သလား၊ မဖော်ဘူးလားဆိုတာကို ဖြစ်တည်လာမည့် အရာဖြစ်တယ်လို့မြင်တယ်၊ ဒါကြောင့်မို့ ဖက်ဒရယ်ဖော်ဆောင်မှု၊ မဖော်ဆောင်မှုက အဓိကဖြစ်တယ်၊ ဒီလိုဖက်ဒရယ်ကို တောင်းဆိုတဲ့သူတွေဟာ အဓိအရေးပါတဲ့အခန်းကဏ္ဍမှာပါတယ်လို့ ဒီလိုယုံကြည်ထားပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်လာတဲ့ ၇ နှစ်ကျော်အတွင်း ကချင်လူထုအပေါ် ဘယ်လို အကျိုးသက်ရောက်စေခဲ့ပါသလဲ။

ဖြေ။ ။ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၇ နှစ်ကျော် မှာ တိုက်ပွဲဖြစ်တဲ့အတွက် အနုတ်လက္ခာဆောင်တဲ့ သက်ရောက်မှုက ပိုများပါတယ်။ အပေါင်းလက္ခာဆောင်တဲ့အချက်ကတော့ နိုင်ငံရေးအရ ဆွေးနွေးမှုမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလို့ ရလာတဲ့ အချက်နဲ့ နောက်တစ်ခုက ကမ္ဘာ့ကုလသမဂ္ဂရဲ့အထွေထွေ အတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ်အဖြစ်အသော်၎င်း ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပါဝင်မှုအရသော်၎င်း ကချင်လူထုခံစားချက်များအနေနဲ့ နိုင်ငံရေး အရ ခံစားချက်၊ လူမျိုးရေးအရခံစားချက်၊ စစ်ရေး အရခံစားချက်၊ စီးပွားရေးအရ ခံစားချက်တွေကို ကမ္ဘာက ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်၊ နက်နက်ရိုင်းရှိုင်း သိရှိနားလည်လာတာတွေက အပေါင်းလက္ခဏာ ဆောင်တယ်လို့ ပြောလို့ရပါတယ်။ အနှုတ်လက္ခာဆောင်တာကတော့ စစ်ပြေးဒုက္ခသည်ပိုများပြီး လူ့အခွင့်အရေး ပိုပြီး ချိုးဖောက်ခံရလာတယ်၊ လုံခြုံရေးအရ ပိုကျင်းကျပ်လာတဲ့အပြင် မယုံသင်္ကာမှုပိုများပြားလာတယ်။ လူမှုဖွံဖြိုးရေး နောက်ကျနေပြီး ပညာရေး၊ ကျန်းမာရေးကဏ္ဍအသီးသီးမှာ နောက်ကျကျန်ခဲ့တယ်။ ပြီးတော့ အမြဲတမ်း စိုးရိမ်ထိတ်လန့်မှု တွေနဲ့နေထိုင်ရတာ၊ ဒါတွေက ကချင်လူထုပေါ်မှာ အနှုတ်လက္ခာဆောင်တဲ့ သက်ရောက်မှုဖြစ်ပါတယ်။

ဘာတွေ ပြောင်းလဲသွားလဲဆိုရင် နံပါတ်တစ်က နေရာအပြောင်းအလဲ တွေရှိတယ်၊ နံပါတ်နှစ်က အတွေးအခေါ် ပြောင်းလာတယ်၊ အတွေးအခေါ်ပြောင်းလဲလာတယ် ဆိုတဲ့အရာက ကချင်တွေရဲ့ ကံကြမ္မာကို ကချင်တွေပဲ အဓိကတာဝန်ယူဖြေရှင်းရမယ်ဆိုတဲ့ ဒီအတွေးအခေါ် ယူဆချက်တွေ၊ ခံစားချက် ပြောင်းလာတာကို တွေ့ရတယ်။ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ ပြောင်းလဲလာတာက ဖော်ပြလို့မရသေးတဲ့ အခြေအနေမှာရှိနေပါတယ်။ ပြီးတော့ နိုင်ငံရေးအရ ပြောင်းတာတွေလည်း မရှိသေးဘူး။ ကချင်လူထုတွေ တောက်လျှောက် တောင်းဆိုလာတဲ့ ဖက်ဒရယ် ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတာကိုလည်း မယ်မယ်ရရပြောလို့မရသေးဘူး။ ဒါကြောင့် ပြောင်းလဲမှု မရှိသေးဘူးလို့ ပြောရမယ်။ ဒါပေမယ့် အနှုတ်လက္ခာဆောင်တဲ့ သက်ရောက်မှုနဲ့ ပြောင်းလဲမှုတော့ ရှိခဲ့ပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးကော်မရှင်နဲ့ အလွတ်သဘော တွေ့ဆုံညှိ့နှိုင်းမှု၊ တိုင်းရင်းသားအချင်းချင်း ညှိနိုင်းမှု အခြေအနေ တွေကိုသိချင်ပါတယ်။

ဖြေ။ ။ ငြိမ်းချမ်းရေးကော်မရှင်နဲ့ အလွတ်သဘောတွေ့ဆုံမှုအခြေအနေကတော့ သမ္မတသိန်းစိန်လက်ထက် MPC နဲ့တော့ အခေါက်ရေ စိတ်စိတ်၊ ကြိမ်ဖန်များစွာ အလွတ်သဘောအရသော်၎င်း၊ တရားဝင်အရသော်၎င်း တွေ့ဆုံ ဆက်သွယ်မှုရှိခဲ့တယ်။ ဒါပေမယ့် အခု ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကျတော့ အလွတ်သဘောညှိနှိုင်းမှု အခြေအနေတွေက အကြိမ်ရေအားဖြင့်ဆိုသော်ဘာမှ မရှိသေးဘူး၊ လက်ချိုးရည်လို့ ရတယ်။ ဒါကြောင့် တိုးတက်မှုတစ်စုံတစ်ရာ မဖော်ဆောင်နိုင်သေးဘူးလို့ ကျွန်တော်တို့မြင်တယ်။

ဘာကြောင့်လဲဆိုတော့ KIO နဲ့ NRPC ရဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ အခု သမ္မတဦးဝင်းမြင့်လက်ထက်မှါဆိုရင် အခုထိ တရားဝင် မယ်မယ်ရရ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်း တာမရှိသေးဘူးလို့ ပြောလို့ရတယ်၊ ဒါပေမဲ့ အလွတ်သဘော informal talk တွေတော့ ရှိတယ်။ ဒါကြောင့် တိုးတက်မှု မရှိဘူးလို့ ပြောရမယ်။

၂၁ ရာစုပင်လုံမှာ ပါဝင်ဆွေးနွေးခဲ့တာတွေက KIO ရဲ့ သီးသန့်သဘောထားမဟုတ်ဘူး၊ ဒါက UNFC အနေနဲသော်၎င်း၊ FPNCC အနေနဲ့သော်၎င်း ဒီအနေအထားနဲ့ ပါဝင်တာဖြစ်တယ်။ ဒါကြောင့်မို့ KIO သီးခြား သဘောထားအနေနဲ့ ဆွေးနွေးခဲ့တာမရှိခဲ့ဘူး။ ဒါကြောင့် တိုးတက်ပြောင်းလဲမှု မရှိဘူးလို့ပြောလို့ရတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) အချင်းချင်းညှိနှိုင်းနေမှုက အမြဲတမ်း ညှိနှိုင်းဆွေးနွေးနေရပါတယ်။ ဒီ EAOs အဖွဲ့အစည်းအချင်းချင်းရဲ့တာဝန်ခံမှုအတိုင်းအတာက မတူကြဘူး။ အဖွဲ့အစည်းကြီးတွေရဲ့ တာဝန်ခံမှု ကြီးမားတာရှိသလို ဖိအားလည်း ရှိတယ်။ အဖွဲ့ငယ်တွေကျတော့ တာဝန်ခံမှု အတိုင်းအတာလျော့နည်းတယ်၊ ဖိအားလည်း နည်းတယ်။ ဆိုတော့ အခါအားလျှော်စွာ ညှိနှိုင်းဆွေးနွေးမှုကိုလုပ်ရတယ်။ အဲလိုဆွေးနွေးညှိနှိုင်း နေမှုကပဲ အချင်းချင်းကြား တင်းမာမှုတွေကို ပြန်လျှော့ရပါတယ်။

ဥပမာ- ရှမ်းပြည်ဒေသမှာ တခါတလေကျတော့ KIA ရှေ့တန်းနဲ့ TNLA တွေရဲ့တင်းမာမှု၊ တစ်ဖက်ကလည်း SSPP နဲ့ TNLA တင်းမာမှုတွေပြီးတော့ RCSS တွေနဲ့ တိုက်ပွဲငယ်တွေရှိတယ်။ အောက်ခြေအဆင့်ရဲ့ ပြဿနာပေါ့။ ဒီတော့ နိုင်ငံရေးအရကွဲပြားမှု မဟုတ်ဘဲ အောက်ခြေအခြေအနေအရ ပဋိပက္ခပေါ့၊ ဒါကြောင့် နိုင်ငံရေးအရကို စုပေါင်းအဖြေရှာမှု (collective solution) နည်းလမ်းဖြင့် ဆွေးနွေးတယ်။ အောက်ခြေပြဿနာကိုလည်း ဒီလို collective solution အနေနဲ့ပဲ ဖြေရှင်းတယ်။ ဒါကြောင့် အချင်းချင်း ညှိနှိုင်းမှုတွေကို ဒီထက်အရှိန်ပိုမြင့်လာအောင် အမြဲတမ်း ကြိုးစားလုပ်ဆောင်နေရတဲ့အခြေအနေဖြစ်တယ်။ ဒါကြောင့် တစ်စုံတရာ အတိုင်းအတာတစ်ခုထိတော့ အခြေအနေကောင်းနေပါသေးတယ်။

မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နှစ်ဖက် အကျိုးစီးပွားညှိယူတာပဲ ဖြစ်တယ်လို့ တချို့က ပြောကြတယ်။ အပေးအယူ မျှဖို့ လိုတယ်လို့ ပြောလေ့ရှိတယ်။ ဘယ်လိုအခြေအနေမျိုးပါလဲ။

ဖြေ။ ။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှစ်ဖက်အကျိုးစီးပွားညှိနှိုင်းတယ်ဆိုတာက နိုင်ငံရေးအရကို ဖြေလျှော့တဲ့ သီအိုရီအရ ပုံဖော်တာဖြစ်တယ်။ တကယ်တမ်းငြိမ်းချမ်းရေးဟာ ဥပမာ- သဘောဝ သယံဇာတ အမျိုးသားအကျိုးစီးပွား ပေါ်အခြေခံပြီး တည်ဆောက်ရမည့်အရာ တစ်စုံတစ်ရာ၊ တစ်နည်းတစ်ဖုံ ဟုတ်တာတယ်။ဒါပေမယ့် နိုင်ငံရေးအရ မျှမျှတတ ပုံဖော်ဖို့က ပိုအရေးကြီးတယ်။

ဆိုတော့ တချို့သောသူတွေဟာ အဝေ မတည့်လို့ သဘာဝ သယံဇာတပေါ် အခြေခံပြီး တိုက်ပွဲဖြစ်တယ်။ ဒါအတွက် ညှိနှိုင်းယူနေကြတယ်လို့ မြင်နေကြတဲ့ အမြင်တွေလည်းရှိတယ်။ တကယ်တမ်း ဒီမြန်မာနိုင်ငံရဲ့ တော်လှန်ရေးအရင်းမြစ်က ဦး နေဝင်း အာဏာသိမ်းပြီး ၁၉၄၇ ဖွဲ့စည်းပုံကို ဖျက်သိမ်း၊ ဖျက်ဆီးပြီး တစ်ပါတီစနစ်၊ တော်လှန်ရေးကောင်စီ စသဖြင့် တစ်ပါတီဦးဆောင်တဲ့ မဆလ ဘက်ကို အကောင်အထည်ဖော်လာခဲ့တဲ့အတွက် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ ဖြစ်တယ်။ နောက်ပိုင်းမှ သဘာဝ သယံဇာတ၊ အခွန် ဝင်ငွေတွေအရသော်၎င်း နယ်စပ်ဒေသ ကုန်သွယ်ရေးအကျိုးစီးပွားအရသော်၎င်း နောက်ဆက်တွဲ ပဋိပက္ခ တွေကြောင့် ဖြစ်လာခဲ့တာ တွေလည်းရှိတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ နှစ်ဖက်အကျိုးစီးပွားကို ညှိနှိုင်းရုံနဲ့ ငြိမ်းချမ်းရေး ရပြီလို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမယ့် နိုင်ငံရေးစနစ်အဖြရှာလို့ မရခဲ့တဲ့အတွက် NCA လက်မှတ်သဘောတူစာချုပ်ချုပ်ပြီးသည့်တိုင် မအောင်မြင်တဲ့ စာချုပ်ချုပ်ပွဲ၊ မအောင်မြင်တဲ့ သဘောတူညီချက် တစ်ခုသာ ဖြစ်သွားတယ်။ NCA ရဲ့ နောက်ဆက်တွဲက ၂၁ ရာစုပင်လုံ ၃ ကြိမ်ပြီးပေမယ့် အောင်မြင်တဲ့ အသီးအပွင့် တွေ မရရှိသေးသည့် ညီလာခံ ဖြစ်နေတယ်လို့ ပဲပြောချင်ပါတယ်။
ဒါကြောင့်မို့ ဒီခေါင်းစဉ်က ခေတ်သစ်နိုင်ငံရေး သုတေသီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်နဲ့ ဘေးပယောဂတွေ သူတို့ရဲ့ ဆက်စပ်တွေးခေါ်တဲ့ သီအိုရီတွေကြောင့် ဖြစ်လာတဲ့ မေးခွန်းဖြစ်တယ်။

မြန်မာနိုင်ငံရဲ့တော်လှန်းရေး၊ ပဋိပက္ခသမိုင်း အရင်းမြစ်က ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်ကို ဖျက်ဆီးခဲ့ပြီး ၁၉၄၇-၄၈ ဖွဲ့စည်းပုံ ဖျက်ဆီး၊ အာဏာသိမ်းပြီးနောက်ပိုင်း unitary system ဖြစ်တဲ့ စစ်အစိုးအရပုံစံ၊ တစ်ပါတီစနစ်ပုံစံ ကို ဖော်ဆောင်ခဲ့တဲ့အတွက် တော်လှန်ရေးတွေ ဖြစ်လာတာ အခုချိန်ထိ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ ပြည်တွင်း အမြင် internal version အရပြောရမယ့် စကားဖြစ်တယ်။

အပေးအယူမျှဖို့ လိုတယ်ဆိုတဲ့ဟာက ဒီနေ့ ခေတ်ကာလရဲ့ ယဉ်ကျေးမှု တစ်ခုဖြစ်တယ်။ ပဋိပက္ခကိုရှောင်မယ်။ Negotiation၊ Compromise ဆက်လုပ်မယ်ဆိုတာက ဒီခေတ်ကာလရဲ့ ယဉ်ကျေးမှုတစ်ခုလို့ ပြောလို့ရတယ်။ ဒီဟာက အကျိုးအမြတ်ကို အခြေခံလို့ရတယ်။ ဒါပေမယ့် အာဏာပါဝါကို ခွဲလို့ ရသလားဆိုတော့ ဒီနိုင်ငံရဲ့ သမိုင်းကြောင်း၊ ပကတိ အနေအထား နဲ့ဆိုင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပကတိအနေအထားနဲ သမိုင်းကြောင်း ပဋိပက္ခအရင်းမြစ်က အပေးအယူလုပ်ဖို့ဆိုတဲ့သဘောထား က ဒီဗဟိုအစိုးရရဲ့ ဦးစီး လုပ်ဆောင်ရမှာဖြစ်တယ်။ ဘယ်လောက်ပဲပြောပြော အောက်ခြေအဖွဲ့အစည်းက ဦးဆောင်ဖြေရှင်းလို့မရဘူး။ ဒါကို ပြေပြေလည်လည် ဖြေရှင်းဖို့ နေရာယူ၊ တာဝန်ရှိတာက ဗဟိုအစိုးရဖြစ်တယ်။ သူ့ရဲ့ အဓိကတာဝန်ကျမှုကို ကျွန်တော်တို့က Highlight လုပ်ရမှာဖြစ်တယ်။ ဘယ်လို အပေးအယူလဲဆိုတော့ အခုနကပြောတဲ့ နိုင်ငံရေးအရ အပေးအယူဆိုတဲ့ နိုင်ငံရေးအာဏာခွဲဝေမှု ကျင့်သုံးမှုလို့ ပြောရမယ်။ ဗဟိုအစိုးရကို အာဏာဘယ်လောက်၊ ပြည်နယ်တွေမှာ ဘယ်လောက် ထားမယ်ဆိုတာကို ပြောရမယ်။ ဒါက ဖက်ဒရယ်နဲ့ဆိုင်တယ်။ သဘာဝ သယံဇာတနှင့် အခွန်ဘဏ္ဍာငွေတွေကိုဘယ်လိုခွဲဝေ မလဲ၊ လုံခြုံရေးကို ဘယ်လို မျှမျှတတ အပေးအယူလုပ်ပြီး တာဝန်ခွဲယူမလဲ ဒါတွေက အရေးကြီးတာပေါ့။ ဒီကိစ္စ အကြောင်းအရာတွေဟာ အခုထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပြောလို့ မရသေးဘူးဖြစ်နေတယ်။

မေး။ ။ NCA လမ်းကြောင်းပြင်ပ ငြိမ်းချမ်းရေး လုပ်တောင်ရတာက ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။ ။ တကယ်တမ်းကျတော့ လမ်းကြောင်း ၂ ခုပူးသွားတာလို့ ပြောလို့ရတယ်။ NCA ဟာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ အစိုးရကြားက လမ်းကြောင်း။ ၂၁ ရာစုပင်လုံကတော့ နိုင်ငံရေးပါတီ၊ အစိုးရ၊ စစ်တပ်၊ တော်လှန်ရေးအဖွဲ့၊ လူမျိုးစုတွေကော အားလုံးပေါ့ ဒီနှစ်ပင်လိမ်တဲ့ လမ်းကြောင်းဖြစ်နေတာပေါ့။ အစလမ်းကြောင်းက အစိုးရ၊ တပ်မတော်နဲ့ EAOs တွေညှိနှိုင်းတဲ့ Triple type လမ်းကြောင်းပေါ့။ ဒါပေမဲ့ ခုသွားနေတဲ့လမ်းကြောင်းက triple type လမ်းကြောင်းမဟုတ်ဘဲ ၂၁ရာစု ပင်လုံလမ်းကြောင်းဖြစ်နေတယ်။ ဆိုတော့ဘယ်ကိစ္စကို အဓိကရှင်းကြမလဲဆိုတာက ပြဿနာဖြစ်နေတာဖြစ်တယ်၊ ဒါကြောင့်လည်း တော်လှန်ရေးအဖွဲ့အစည်းတွေ စိတ်ပျက်တာလည်း ဒီကိစ္စပဲဖြစ်တယ်။ NCA လမ်းကြောင်းမှာ တပ်မတော် နဲ့ EAOs တွေအဓိကညှိပြီး အစိုးရက မိဘသဖွယ်ပေါ့။ NLD ကလည်း အရင်က တော်လှန်းရေးအဖွဲ့အစည်း ဖြစ်တယ်၊ ဒီမိုကရေစီကို နည်းလမ်းတကျဖော်ဆောင်မယ်လို့ ကြွေးကြော်ပြီး နှစ်ပေါင်း၃၀လောက် ကြိုးပမ်းလာတဲ့ နိုင်ငံရေးပါတီဖြစ်တယ်။ ဒါကြောင့် ဒီ ၃ ပွင့်ဆိုင် ဆွေးနွေး၊ ဖြေရှင်းလို့ရှိရင် ဘာပဲပြောပြော စစ်မှန်တဲ့ ငြိမ်းချမ်းရေး တစ်ခုတော့ထွက်လာမယ်လို့ ယူဆမျော်မှန်းခဲ့တယ်။

ဒါပေမယ့် အခုကျတော့ NCA လမ်းကြောင်းလို့ပြောရင် NCA မှာ မပါတဲ့နိုင်ငံရေးပါတီတွေကပဲ နေရာယူပြီး အဓိကဆွေးနွေးနေတယ်။ ဆိုတော့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့တောင်မှ မှေးမှိန်သွားတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်းနဲ့ NCA လမ်းကြောင်းဟာ ၂ ပင်လိမ် ပုံစံအနေအထားဖြစ်နေတယ်။ ဒါကြောင့်မို့ အခုသွားနေတဲ့ပုံစံက ရလာဒ်ကောင်းထွက်ဖို့တော့ အလားအလားမရှိဘူး၊ နည်းလမ်းကောင်း မဟုတ်ဘူးလို့ မြင်တယ်။ ဘာကြောင့်ဆိုတော့ ဒီ Nationwide Ceasefire ဆိုတာက unilateral အစိုးရဘက်က တစ်ဖက်သတ်ကြေညာတဲ့ဟာမဟုတ်ဘူး၊ တပ်မတော်ဘက်က တစ်ဖက်သတ်ကြေညာတဲ့ ဖြစ်စဉ်မဟုတ်ဘူး၊ တော်လှန်ရေးအဖွဲ့အစည်းတွေဆိုတဲ့ အထဲမှာတောင်မှ ၁၀ ဖွဲ့နဲ့ပဲ ဖြစ်သွားတဲ့ Ceasefire ဖြစ်တယ်။ ဆိုတော့ နိုင်ငံရေးပါတီတွေအတွက် ceasefire မလိုဘူး။ အဓိက က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ အစိုးရတပ်ကြားက Ceasefire သာအဓိကဖြစ်တယ်ဆိုတဲ့ သဘောတရားဖြစ်တယ်။

ဒါကြောင့်မို့ လက်နက်မကိုင်တဲ့သူတွေအနေနဲ့ ceasefire လုပ်စရာမလိုဘူး။ အဲလို လမ်းကြောင်းသွေဖီမှုတွေ၊ ဦးတည်ချက်သွေဖီမှုတွေ၊ ပစ်မှတ်လွဲချော်မှုတွေက ငြိမ်းချမ်းရေးဖော်ဆောင်မှုကို ကျန့်ကြာစေတယ်၊ ပစ်မှတ်လွဲစေတဲ့အရာတွေဖြစ်တယ်။ ဒါက ဦးဆောင် ကိုင်တွယ်ဖြေရှင်းသူတွေရဲ့ အားနည်းချက်လို့မြင်တယ်။ အဓိကတော့ ခေါင်းဆောင်ပိုင်းတွေရဲ့ စိတ်ကူးစိတ်သန်း နိုင်ငံတစ်ခုကို လွမ်းခြုံနိုင်တဲ့ ရူပါရုံ ကင်းမဲ့မှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့အရာတွေဖြစ်တယ်။

မေး။ ။ NCA လမ်းကြောင်းဖြစ်စဉ်ကို KNU က ယာယီ ရပ်ဆိုင်းထားမှုက ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဘယ်လို ဆက်ဖြစ်စေမလဲ။

ဖြေ။ ။ ဒါကရှင်းနေပါတယ်။ KNU ကလည်း သဘောမကျတဲ့အကြောင်း ထုတ်ပြန်ထားပြီ။ ၂၁ ရာစုပင်လုံ၊ UPDJC အတွင်းထဲက ဆွေးနွေးပွဲအားလုံးမှာ စိတ်ပျက်တဲ့သဘောတရားပဲ ။ သူတို့ ပစ်မှတ်နဲ့ လွဲချော်လာလို့ ရပ်ဆိုင်းတဲ့သဘောတရားဖြစ်တယ်။ ဒါပေမယ့်သူတို့က CONFRONTATION သိပ်မလုပ်သလို Blamed လည်းမလုပ်ဘူးလို့မြင်တယ်၊ သူတို့ CLAIM တောင်းဆိုမှုတွေဟာ အခုသွားနေတဲ့ပစ်မှတ်နဲ့ လွဲနေလို့ ရပ်ဆိုင်းတာလို့မြင်တယ်။ ဒါက NCA နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အဓိပ္ပာယ်မဲ့တယ်၊ အဓိပ္ပာယ်မရှိတဲ့ လမ်းကြောင်းဖြစ်တယ်လို့ တရားဝင် မကြေငြာပေမယ့်လည်း ဒီအနေအထားဖြစ်နေတယ်ဆိုတာကို တိတ်တဆိတ် အချက်ပြတဲ့ အဖြေဖြစ်တယ်။

မေး။ ။ NCA မူဘောင်တချို့ ပြုပြင်သင့်တယ်လို့ ပြောကြတယ်။ ဘယ်လောက် အတိုင်းအတာထိ ပြုပြင်နိုင်ပြီလို့ ထင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့လည်း ဒီနောက်ပိုင်း ဆွေးနွေးမှုလမ်းကြောင်းတွေမှာ သိပ်မပါတော့ အသေးစိတ်ကိုတော့ မသိတော့ဘူး။ JMC လမ်းကြောင်း၊ UPDJC လမ်းကြောင်း၊ ၂၁ ရာစုပင်လုံ လမ်းကြောင်းရှိတယ်။ ဆိုတော့ NCA မူဘောင်အချို့ပြောင်းသင့်တယ်ဆိုတာတွေက NCA လက်မှတ်ထိုးထားတဲ့ Signatory Groups အဖွဲ့တွေရဲ့ ဦးတည်ချက်နဲ့ ဖြစ်ပေါ်ကျရာက်ပြီး အတည်ပြုလာခဲ့တဲ့ မူဘောင်တွေရဲ့ လွဲချော်မှုတွေကြောင့် ဖြစ်တယ်။ ဆိုတော့ လက်မှတ်ထိုးအဖွဲ့တွေက ဒီလွဲချော်မှုတွေအပေါ် သူတို့ရဲ့တောင်းဆိုမှုထွက်ပေါ်လာမှ ကျွန်တော်တို့အနေနဲ့သိရမှာဖြစ်တယ်။ အတွင်းကျကျပြောရရင်တော့ လွဲချော်မှုတွေရှိနေတယ် ဒီလောက်ပဲ ပြောချင်ပါတယ်။

မေး။ ။ ၂၀၁၈ တိုက်ပွဲ အကြိမ်ရေ၊ လက်ရှိ စစ်ရေးအခြေအနေ၊ ကချင်ဘယ်ဒေသမှာ ပိုစစ်ဖြစ်လဲ။ ၂၀၁၈ တပ်မတော် အပစ်ရပ်မကြေငြာခင် ဘယ်ဒေသတွေမှာ တိုက်ပွဲ ပိုပြင်းထန်ခဲ့သလဲ။

ဖြေ။ ။ ၂၀၁၈ နှစ်ချုပ်တော့ သေချာမသိသေးဘူး၊ သို့သော်၂၀၁၈ မှာအကြိမ်ရေတော့ အတော်လေး လျှော့ကျသွားခဲ့တယ်။ ဒါပေမယ့် ဆယ်ဂဏန်းလောက်တော့ရှိသေးတာပေါ့။ ၂၀၁၅ နှောင်းပိုင်းမှာတော့ လျော့သင့်သလောက် တိုက်ပွဲအကြိမ်ရေလျှော့သွားပေမယ့် စစ်အင်အားလျော့သွားလားဆိုတော့ မလျော့ဘူး၊ စစ်ရေးလုပ်ရှားမှု လျော့သွားတာလည်း မရှိဘူး၊ စစ်ရေးပြင်ဆင်မှုတွေ၊ စစ်လက်နက်ခဲယမ်း ပြင်ဆင်မှုတွေလည်း မလျှော့ဘူး။ ထိတွေ့ တိုက်ပွဲ တော့လျော့သွားတာရှိတာပေါ့။ ဒီတော့ တပ်မတော်ဘက်က စစ်အင်အား၊ လှုပ်ရှားမှု၊ ပြင်ဆင်မှုတွေကတော့ မလျှော့ဘူး။ ဒါကြောင့် စစ်ရေးကတော့ တင်းမာနေဆဲလို့ ပြောလို့ရပါတယ်၊ တိုက်ပွဲ လျော့တာနဲ့ စစ်အင်အား လျှော့တာ မတူဘူး။ စစ်အင်အားတိုးချဲ့ပြင်ဆင်မှုက ဒီအတိုင်းပဲရှိနေတယ်။ ကချင်ပြည်နယ် ဘယ်ဒေသမှာ ထိတွေ့တိုက်ပွဲ ပိုဖြစ်သလဲဆိုရင် ဒီ သယံဇာတ နယ်မြေ၊ Mining area တွေနဲ့ နယ်စပ်ဒေသ ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ဒီလိုဒေသတွေမှာ ထိတွေ့တိုက်ပွဲ ပိုဖြစ်တယ်။

မေး။ ။ ထိတွေ့တိုက်ပွဲနဲ့ စစ်ရေးတင်းမာမှုက ဘယ်လိုအကြောင်းကြောင့် ဖြစ်တယ်လို့ ယူဆပါသလဲ။

ဖြေ။ ။ KIO ဟာ အင်မတန်မှ ြကြိုးစားခဲ့ပြီးတော့ NCA လက်မှတ်ထိုးတဲ့နေရာမှာ မပါတဲ့အတွက် တပ်မတော်ဘက်က တင်းသွားတဲ့သဘောပေါ့။ KIO က NCA လက်မှတ်မထိုးတဲ့အကြောင်းရင်း အများကြီးရှိတယ်။ အဓိကတော့ NCA စာချုပ်ကို ကျွန်တော်တို့က ဖြစ်စဉ်အရ ကျယ်ကျယ်ပြန့်ပြန့်၊ ခိုင်မာမှုရှိစေချင်တယ်၊ ပြီးတော့ အားလုံးပါဝင်ရေးမူအတိုင်း ဖြစ်စေချင်တယ်။ ဒါတွေမဖြစ်လာခဲ့ဘူး။ နောက်ပြီး ကချင်လူထုနဲ့ ဆွေးနွေးပြီး သဘောထားရယူဖို့ အကန့် KIO မှာလိုအပ်နေသေးတယ်။ ဥပမာ NCCT ရဲ့ SINGLE TEXT လုပ်တုန်းက အဖွဲ့ချင်းစီက ကိုယ့်ရဲ့မိခင် ဌာနချုပ်ကို report back လုပ်ရတယ်၊ ပြီးတော့ ဌာနချုပ်ကလည်း ကိုယ့်လူမျိုး၊ ဒေသပြည်သူတွေနဲ့ ဆွေးနွေတိုင်ပင်ပြီး အားလုံးရဲ့သဘောတူ လက်ခံနိုင်တဲ့ အနေအထားရောက်အောင် ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဆောင်မှာဖြစ်တယ်၊ ဒီလိုလုပ်ဆောင် သဘောတူညီချက်ရယူပြင်ဆင် အတည်ပြုပြီးမှသာ NCA လက်မှတ်ထိုးမယ်ဆိုတဲ့ KIO ရဲ့ ပင်ကိုယ်အစီအစဉ် (individual process) ကရှိခဲ့တယ်။ အဲဒီဟာကို မလုပ်လိုက်နိုင်ပေးခဲ့ဘူး။ လုပ်ဖို့ အခွင့်၊ အချိန်လည်း မပေးခဲ့ဘူး၊ ဒါကြောင့်မို့ KIO က လက်မှတ် မထိုးခဲ့ခြင်းရဲ့ အကြောင်းအရင်းထဲမှာ ဒါတွေပါပါတယ်။

ဒီနောက်ပိုင်း စစ်ရေးတင်မာမှု ပိုခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ အရပ်သားတွေရှိတဲ့ ရပ်ရွာတွေက ပစ်မှတ်သဖွယ်ဖြစ်ခဲ့တယ်။ ရှေ့ပိုင်းမှာဆို တပ်မတော်က KIA စစ်ဘက်ဆိုင်ရာရှိတဲ့ ဌာနချုပ်၊ တပ်မ၊ တပ်ရင်ရှိတဲ့ နေရာတွေနဲ့ ရှေ့တန်းတပ်မစခန်းရှိတဲ့နေရာတွေကို အများသောအားဖြင့် ပစ်မှတ်ထားခဲ့ပေမယ့် NCA လက်မှတ်ထိုးဖို့ ငြင်းလိုက်တဲ့ နောက်ပိုင်းမှာတော့ အရပ်ဖက်နဲ့ စစ်ဖက်နယ်နမိတ်ချင်း နီးစပ်နေတဲ့ နေရာတွေမှာ ပိုဖြစ်လာခဲ့တယ်၊ အရပ်သားတွေဖက်ကို ပိုဦးတည်လာတယ်။ ဥပမာ-ကဆုန့်၊ လိုင်နှောင်းခူး၊ အောင်လောဒ့် စတဲ့နေရာတွေကိုပေါ့။ အစိုးရစစ်တပ်အနေနဲ့ ကချင်လူထုကိုပါ သိမ်းကြုံးပြီး ဦးတည်လာတဲ့ ထိုးစစ်တိုက်ပွဲ ပုံစံဖြစ်လာခဲ့တယ်။ အရင်ကတိုက်တဲ့တိုက်ပွဲ ပုံစံတွေနဲ့ကွာတဲ့ အနေအထား ဖြစ်လာတာရှိတယ် လို့ပြောလို့ရပါတယ်။

မေး။ ။ လက်ရှိ ထိတွေ့တိုက်ပွဲကြောင့် အရပ်သားတွေပေါ် ဘယ်လောက်ထိခိုက်ပါသလဲ။

ဖြေ။ ။ KIO က NCA လက်မှတ်မထိုးတဲ့နောက်ပိုင်း တိုက်ပွဲတွေမှာ ပြည်သူတွေ တော်တော်ထိခိုက်နစ်နာ ကြရတယ်။ စစ်ပွဲဆိုတာက လက်နက်နဲ့ဆိုတော့ ပြည်သူတွေအတွက်တော့ စိုးရိမ်ထိပ်လန့်စရာပဲ၊ စစ်တပ်ကနေ ဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ နိပ်စက်မှုတွေ၊ ပေါ်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ အဓမ္မပြုကျင့်ခံရမှုတွေ အထူးသဖြင့် အမျိုးသမီးတွေ ကျူးလွန်ခံရတယ်။ အမျိုးသားတွေအတွက်လည်း ထိုနည်း၎င်းပါပဲ၊ ဘယ်လောက်ထိ ထိခိုက်ခံစားရသလဲဆိုရင်တော့ ကာယကံရှင်တွေကို မေးမြန်းမှပဲ ရင်ထဲမှာ နစ်နေအောင်ကို ခံစားရတဲ့အပိုင်းတွေရှိတယ်၊ သူတို့ပြောရင် အမြဲမျက်ရည်တောင်ကျနေကြတယ်။ ဒါက သူတို့ ဘယ်လောက်ထိ၊ နစ်နာခဲ့တယ်၊ နာကျည်းခဲ့တယ်၊ ခံစားခဲ့ရသလဲဆိုတဲ့ သက်သေဖြစ်တယ်။ သူတို့ လူမှုဘဝတွေ ပျက်သုဉ်းခဲ့ရတယ်။ အိမ်ခြံမြေတွေ ပျက်စီးခံခဲ့ရတယ်။ အခုဆို ထုတ်ပြန်လိုက်တဲ့ ဥပဒေအသစ်ကြောင့် သူတို့ ပိုစိုးရိမ်မှုရှိလာကြတယ်။ ဒါတွေကို တွေးမိတိုင်း စိတ်ထဲမှာ ငိုကြွေးနေရတယ်။ ဒုက္ခသည်စခန်း အခန်းငယ် ကျဉ်းကျဉ်းမှာ သူတို့ နေတာ နှစ်ချီပြီ။ ပြီးတော့ ခြိမ်းခြောက်မှု အမျိုးမျိုးနဲ့၊ ကလေးတွေ ကျန်းမာရေး၊ လူမှုဖောက်ပြန်မှု၊ စိတ်ကျန်းမာရေး၊ အကျပ်အတည်းအမျိုးမျိုးကြား သူတို့အတွက် နေမထူး ၊ ရှင်မထူးဖြစ်လာတဲ့အခြေအနေ ရှိနေပြီ။ ဒါကဘယ်လောက်ထိ ထိခိုက်မှုရှိနေလဲလို့ ပြောရင် ဖော်ပြလို့တောင်မရနိုင်တဲ့ အခြေအနေဖြစ်နေတယ်။

အဓိကထိတွေ့ အစိုးရဆိုတဲ့ အဖွဲ့တိုင်းမှာ အုပ်ချုပ်ရေးနဲ့ စစ်ဖက် တွဲပြီးရှိတယ်။ အစိုးရထဲမှာ အုပ်ချုပ်ရေးရှိသလို၊ စစ်တပ်၊ ရဲတပ်ဖွဲ့ရှိသလို၊ ထိုနည်းတူ KIO ကလည်း အုပ်ချုပ်ရေးနဲ့ စစ်ဖက်ကို ထားတယ် ပုံစံတူဖြစ်တယ်။ ဒါပေမယ့် ပစ်မှတ်ထားခံရတာက တောင်ပေါ်ဒေသ အစိုးရထိန်းချုပ်နယ်မြေမဟုတ်တဲ့ ကျေးရွာတွေက ပြည်သူတွေ ၊ KIO နဲ့နီးစပ်တဲ့သူတွေ KIA ထောက်ခံနေတဲ့ ကချင်ပြည်သူတွေ၊ KIO ကိုထောက်ပံ့နေတဲ့ သူတွေဖြစ်တယ်။ သူတို့ မိသားစုဝင်တွေက KIO ဝန်ထမ်းတွေဖြစ်တယ်။ ဆိုတဲ့ အမြင်ယူဆချက်မျိုးပေါ့။ ဒီလိုအမြင်မျိုးနဲ့ အစိုးရစစ်တပ်က ထိုရွာတွေကို ပစ်မှတ်ထားပြီး ခြိမ်းခြောက်တယ်၊ မီးရှို့တယ်၊ လက်နက်ကြီးပစ်တယ်။ အမြဲတမ်း စစ်ဆေးမေးမြန်းမှုတွေလုပ်တယ်။ ဒါတွေက ကျွန်တော်တို့ကြားမှာ တင်းမာမှုတွေ၊ လူမျိုးရေးမုန်းတီးမှုတွေနဲ့ အတူယဉ်တွဲနေလို့ မရဘူးဆိုတဲ့ အတွေးအခေါ်တွေ နားကျည်းစိတ်ကနေတဆင့် ဖြစ်ပွားစေတယ်။ ဒါကြောင့် ဒီနောက်ပိုင်းပြဿနာတွေက တော်တော်လူမျိုးရေးဆန်တဲ့ ကျယ်ပြန့်ပြဿနာပုံစံတွေ ဖြစ်လာတယ်။

မေး။ ။ ကချင်ပြည်နယ်မှာ ၂၀၁၃ က စစ်ရှိန်လျှော့ချရေးသဘောတူညီချက် ထိရောက်ပါသလား။ ငြိမ်းချမ်းရေးအတွက် ဘယ်လိုအပေးအယူမျိုးလိုပါသလဲ။

ဖြေ။ ။ တကယ်တမ်း၂၀၁၃ သဘောတူချက်ညီချက်က ကျယ်ပြန့်တဲ့သဘောတူညီချက်ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ၂ ဖက်သဘောတူထဲမှာ UN ကိုယ်စားလှယ်၊ တော်လှန်ရေး အဖွဲ့အစည်းတွေ၊ အစိုးရ၊ တပ်မတော်၊ တရုတ်ဖက်ကလူကြီး အထူးကိုယ်စားလှယ်ပါတယ်၊ တိုင်းရင်းသား ရပ်မိရပ်ဖ ပါတယ်၊ အားလုံးပါခဲ့တယ်။ ဒါကို KIO ကထိန်းသိမ်းချင်တယ်။ ဒီထဲမှာ စစ်ရေး၊ နိုင်ငံရေး၊ IDPs နေရပ်စွန့်ခွာသူတွေ အတွက် ပြန်လည်နေရာချထားရေး၊ နိုင်ငံရေး ဆွေးနွေးပွဲ ဆက်လျက် အကောင်အထည်ဖော်ဆောင်ရေး၊ လုံခြုံရေးကိစ္စ ခေါင်းစဉ်အားလုံးပါရှိခဲ့တဲ့ စာချုပ်ဖြစ်တယ်။ ပြီးတော့ JMC ဖွဲ့ပြီး ဆက် လုပ်ဆောင်သွားဖို့ ဆန္ဒရှိပေမယ့် လက်တွေ့ အကောင်အထည်မဖော်နိုင်ခဲ့တာဖြစ်တယ်၊ ဒါလည်း အကြောင်းအရာအများကြီးရှိတယ်။ ၂၀၁၃ သဘောတူညီချက်အရ ထိတွေ့တိုက်ပွဲကိုလျှော့ချနိုင်ခဲ့တယ်။ အဲဒီညှိနိုင်းမှုတွေကို Peace-talk Creation Group ကနေတစ်ဆင့်ပြုလုပ်တယ်။ ပြီးတော့ ၂၀၁၄ မှာ ပဌိပက္ခ လျှော့ချရေးအဖွဲ့ (conflict resolution committee) ကို ကချင်ပြည်နယ်အစိုးရအဆင့်ဖွဲ့ခဲ့တယ်။ ထိုအဖွဲ့မှာ မြောက်ပိုင်းတိုင်း၊ ပြည်နယ်အစိုးရ၊ KIO က ပါတယ်။ ဒီ TAT ရုံးမှာဘဲ (၁၁) ကြိမ်ထိဆွေးနွေးတယ်။ အဲဒီနောက် NCCT ပုံစံရဲ့ စုပေါင်းဆွေးနွေးပွဲ ဘက်ကို ဦးတည်သွားတော့ KIO နဲ့ သီးသန့် သဘောတူညီချက်တွေကို ဖော်ဆောင်ဖို့ကို ပျက်ကွက်ခဲ့သလိုဖြစ်ခဲ့တယ်။ ၂၀၁၃ ရဲ့ သဘောတူညီချက်ကို ကျွန်တော်တို့က အသက်သွင်းချင်လို့ ကမ်းလှမ်းခဲ့တာတွေရှိခဲ့တယ်။ ဒါပေမယ့် ၂၀၁၃ သဘောတူညီချက်ဟာ ၂၀၁၅ NCA လက်မှတ်မထိုးခဲ့တဲ့အတွက်ကြောင့် မရားမဝင်တော့တဲ့ ပျက်ပြယ်သွားတဲ့ ပုံစံဖြစ်သွားတယ်။ ဒါပေမဲ့လည်း နှစ်ဖက်သဘောတူစာချုပ်ကို မဖျက်သိမ်းသင့်ဘူး၊ မပျက်ပြယ်သင့်ဘူး ဆက်လျက်ထိန်းသိမ်းသင့်တယ်၊ ဆက်လျက်အကောင်ထည်ဖော်ပြီးတော့ ဆက်လျက်ညှိနိုင်းသွားလျင် ဆွေးနွေးပွဲတွေမှာ ဆက်လျက်ပါဝင်သွားနိုင်ရန် NCA လက်မှတ်ထိုးဖို့ အဆင့်သင့်မဖြစ်တဲ့ ဒီလို အဖွဲ့အစည်းတွေ အတွက် အကြုံးဝင်နေတယ် ဆိုတဲ့ သဘောထားတွေတော့ ကမ်းလှမ်းခဲ့ပေမဲ့ အရာမရောက်ခဲ့ တာဖြစ်တယ်။

မေး။ ။ ၂၀၂၀ မှာ ငြိမ်းချမ်းရေးရအောင် လုပ်မယ်လို့ တပ်မတော်က ပြောဆိုထားမှုပေါ် KIO အနေနဲ့ ဘယ်လိုသဘောထားပါသလဲ။ လက်ရှိ တပ်မတော်ဘက် ၄ လ အပစ်ရပ်ထားတဲ့အပေါ်မှာရော။

ဖြေ။ ။ ငြိမ်းချမ်းရေးဆိုတာ တစ်ဖက်သတ်လုပ်လို့ လုပ်လို့မရဘူး။ ငြိမ်းချမ်းရေးလို့ပြောလာရင် တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အဖွဲ့အစည်း၏ လုံခြုံမှု၊ အမျိုးသားသင်္ကေတ လက္ခဏာတွေ ပေါ်အခြေခံပြီး ဘယ်လောက်ထိ အပြန်အလှန်အသိအမှတ်ပြုမှု ရှိမရှိ၊ ဆိုတဲ့အပေါ်မှာ တည်ဆောက်ဆွေးနွေးရတဲ့ ငြိမ်းချမ်းရေးဖြစ်တယ်။ ဆိုတော့ အဲဒီဟာကို အစိုးရ(သို့) တပ်မတော်က တစ်ဖက်သတ် ဘယ်လိုဖော်ဆောင်သွားမလဲဆိုတဲ့ နည်းလမ်းအဆင့်ဆင့်တွေက သူ့တို့အတွက် စိန်ခေါ်မှုဖြစ်တယ်။ လုပ်ချင်တိုင်းလုပ်လို့မရတဲ့အထဲမှာ ငြိမ်းချမ်းရေးပါတယ်။ တိုင်းပြည်ကို ချစ်တဲ့ စကားတစ်ခုနဲ့ပဲ ငြိမ်းချမ်းရေးတည်ဆောက်လို့မရဘူး။ ငြိမ်းချမ်းရေးဟာ အပြန်အလှန်တန်ဖိုးထားမှု၊ ယုံကြည်လေးစားမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ဥပဒေစိုးမိုးမှုများ ရှိမရှိ ဒါတွေအပေါ်အခြေခံပြီး တည်ဆောက်ရမှာဖြစ်တယ်။
ဒါပေမယ့် သူတို့ရဲ့ ပြုမူပြောဆိုမှုတွေကို (constructive) အကောင်းမြင်လို့ရပေမယ့် အဆင့်ဆင့် ဘယ်လိုဖော်ဆောင်မလဲဆိုတဲ့အပိုင်းကိုတော့ သံသယဖြစ်မိတယ်။ KIO အနေနဲ့က ဒါကို ကြိုဆိုပေမယ့် ပိုပြီး ခိုင်ခိုင်မာမာဖြစ်တဲ့ လမ်းကြောင်းကို တိုက်တွန်းချင်တာရှိတယ်။ အခုတလောကလည်း စစ်ဦးစီရုံးကနေ အပစ်ရပ်ကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့အပေါ်မှာ KIO ကနေ ဒီအပေါ် သဘောထားထုတ်ပြန်မှုရှိတယ်။ မြောက်ပိုင်းမဟာမိတ် အနေနဲ့ကလည်း ထုတ်ပြန်မှုလုပ်ခဲ့တယ်။ ဒီကိစ္စက စားပွဲပေါ်မှာ ဆွေးနွေးယူရမယ့်အရာဖြစ်တယ်၊ ဒါပေမယ့် ထုတ်ပြန်ချက်လုပ်ဆောင်တာ statement politic က နိုင်ငံရေးက ပိုပြီးတင်းမာမှုဖြစ်စေတယ်။ ဆွေးနွေးမှု နိုင်ငံရေးကတော့ ပိုပြီး အပြန်အလှန်နားလည်မှုကို ဖြစ်စေတယ်။

ဒီတော့ ၂၀၂၀ မှာ ငြိမ်းချမ်းရေးရအောင်လုပ်မယ်ဆိုတဲ့ ပြောဆိုမှုဟာ ဒီတပ်မတော်ရဲ့ Deep of commit အရ သူ့ရဲ့ Sense of Commitment အရပြောဆိုတာဖြစ်တယ်လို့မြင်တယ်။ အခုရခိုင်အခြအနေကိုပြန်ကြည့်ရင် သံသယတွေရှိနေတယ်။ KIO အနေနဲ့ ဘယ်လို သဘောထားနိုင်သလဲ ဆိုတော၊့ ဒီ ငြိမ်းချမ်းရေးမူကို အဓိက အသေးစိတ်ကို ညှိရခက်တယ်ဆိုရင်လည်း ဘာမှ နိုင်ငံရေး Agenda မပါပဲ Nationwide Ceasefire အပစ်ရပ်ကြေငြာလိုက်တာ ဒါကပုံစံတစ်မျိုးဖြစ်မယ်။ ဒါမှမဟုတ် တကယ်ပဲ ငြိမ်းချမ်းရေးလမ်းကြောင်း သွားမယ်ဆိုလို့ရှိရင်၊ ဒီတပ်မတော်ဘက်က တရားသကိုင်ထားတဲ့ ငြိမ်းချမ်းရေးမူကို လျှော့ဖို့လိုတယ်။ NLD ဘက်က ထုတ်ပြန်ခဲ့တဲ့ ငြိမ်းချမ်းရေဦးတည်ချက်ပဲ ပြောရမလား၊ သဘောထားလို့ပြောမလား အဲဒါ (၇)ချက် ရှိတယ်၊ ပြီးတော့ UNFC ဘက်ကထုတ်ပြန်တဲ့မူ (၈)ချက် ရှိတယ်၊ ဆိုတော့ အဲဒီမတူညီတဲ့ ငြိမ်းချမ်းရေးမူ ၃ ခုကို ညှိနှိုင်းပြီး တော့ မူတစ်ခုတည်းဖြစ်အောင် လုပ်လို့မရဘူးလား။ ရအောင် ရည်ညွန်းပြီး လုပ်ဆောင်လို့မရဘူးလားဆိုတာတော့ မပြောတတ်ဘူး။ တကယ်တမ်း ငြိမ်းချမ်းရေးရအောင် ဖော်ဆောင်မယ်ဆိုလို့ရှိရင်တော့ မျှမျှတတ၊ အသိအမှတ်ပြုမှုတော့ လုပ်ဆောင်ရမယ်။ ချုပ်ပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတာ တစ်ဖက်သတ် အကောင်ထည်ဖော်လို့ မရဘူး၊ အားလုံးပါဝင်ပြီး လက်ခံနိုင်တဲ့ ဖြစ်စဉ်ဖြစ်ရမယ်၊ ဒီလို အကောင်အထည်ဖော်မှုကို တပ်မတာ်ကပဲ တာဝန်ခံမလား၊ အစိုးရကပဲ တာဝန်ခံပြီးလုပ်မလား။ ဒါမှမဟုတ် အားလုံး ပူးတွဲပြီးလုပ်မလား ဆိုတဲ့မေးစရာရှိနေသေးတယ်။ ဆိုတော့ KIO အနေနဲ့ကတော့ စစ်ဦးစီးချုပ်ရဲ့ ထုတ်ပြန်ချက်ကို မူအရ ကြိုဆိုတဲ့သဘောရှိတယ်။ ပိုပြီး ကျယ်ပြန့်ခိုင်မာဖို့ ပြန်လည် ထုတ်ပြန်ချက်တွေလုပ်ခဲ့တယ်၊ တကယ်တမ်း မြဲမြန်တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ နိုင်ငံရေးအာဏာ ခွဲဝေနိုင်ဖို့ က စားပွဲပေါ်ညှိနိူင်းဖြေရှင်းချက် နဲ့ပဲ အဖြေရှာမယ်ဆိုတဲ့ တချို့တိုတွန်းချက်တွေ လုပ်ထားပါတယ်။ ဒါကြောင့် ဆွေးနွေးပွဲတွေကို အမြဲတမ်းလက်ခံ ဆွေးနွေးသွားမယ်ဆိုတဲ့မူပေါ်လစီ ဆုံးဖြတ်ချက်တွေရှိပြီးသားဖြစ်တယ်။

မေး။ ။ တပ်မတော်ဘက် ၄ လ အပစ်ရပ်ထားတဲ့အပေါ် KIO က ဘယ်လို ဆက်လုပ်သွားမလဲ။

ဖြေ။ ။ BILATERAL NEGOTIATION လုပ်ဖို့ ကြိုးစားတယ်။ အထက်မြန်မာပြည် ဗိုလ်ချုပ် ထွန်းထွန်းနောင်နဲ့ KIO သီးသန့် တရုတ် Dali မှာ ၂ ကြိမ်ဆွေးနွေးခဲ့တယ်။ ဒါက နှစ်ဖက်အဖွဲ့ရဲ့ စစ်ရေးအရ ညှိနိုင်းအဖြေရှာဖို့ ကြိုးစားခဲ့တယ် မအောင်မြင်ဘူး။ ချင်းမိုင်မှာ တစ်ခေါက် အလွတ်သဘော ဦးခင်ဇော်ဦးနဲ့ ဆွေးနွေးတယ်။ အလွတ်သဘော က သိပ်ထည့်မပြောတော့ဘူး။ ဒါပေမယ့် တပ်မတော်နဲ့ ထိပ်တိုက် နှစ်ဖက်သီးသန့် ဆွေးနွေးခဲ့တာက ရလဒ်မကောင်းခဲ့ဘူး၊ အဲကတည်းက ရပ်သွားတာကအခုပြန်ဆွေးနွေးလို့ ရမလားဆိုတာက တော့ ဆက်ပြီးကြိုးစားတယ်။ ဒါပေမယ့် ရခိုင်ပြည်ရဲ့ ကိစ္စက တစ်နည်းတစ်ဖုံဖြစ်နေတော့ KIO နဲ့လည်း ပတ်သက်မှု ရှိနေတယ်လို့ထင်တယ်။ AA ဟာ မြောက်ပိုင်းမဟာမိတ်အဖြစ်သော်၎င်း၊ KIO နယ်မြေမှာ အခြေခံပြီးတော့ ပေါက်ဖွားကြီးထွားလာတဲ့ အနေအထားအရသော်၎င်းဖြစ်တယ်။ BILATERAL ဆွေးနွေးပွဲ လုပ်ချင်ပေမယ့်လည်း လက်တွေ့မှာ STATEMENT POLITICS တွေကြောင့် မြန်မြန်ဆန်ဆန် ဖြစ်နိုင်မည့် အခြေအနေတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု သမ္မတရုံး ထုတ်ပြန်ချက်တွေက ပိုပြီး ပြင်းထန်လာတယ်။ ဦးဇော်ဌေးရဲ့ အင်တာဗျူးတွေထဲမှာဆို အကြမ်းဖက်စသဖြင့် ပြန်းထန်စွာ သုံးနှုန်းလာတာတွေ့ရတယ်၊ ထိုနည်း၎င်း AA ဘက်က တုံ့ပြန်မှုကလည်း ပြင်းပြင်းထန်ထန်ဖြစ်လာမှာဖြစ်တယ်။ စစ်ရေးဆိုတာ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ရှိသမျှ နဲ့ ဖြေရှင်းရတဲ့လမ်းကြောင်း ဖြစ်တယ်။ ညှိနှိုင်းဆွေးနွေးမှု မရှိရင်တော့ အဲဒီလမ်းကြောင်းဘက် ရောက်သွားမှာဘဲ။ ဒီကိစ္စပေါ်မှာ KIO အနေနဲ့ ဝင်ရောက်ဆွေးနွေးချင်ပေမယ့် တပ်မတော်ဘက်က လက်ခံနိုင်ဖွယ်မရှိဘူး၊ လက်ခံဖို့ ခက်ခဲနေတယ်။ လတ်တလောကတော့ ဒီအခြေအနေဖြစ်နေတယ်၊ ဒါပေမယ့် တပ်မတော်ကနေ ဧပြီလကုန် အထိ အထက်မြန်မာပြည် အရှေ့ပိုင်းဒေသတွေမှ အပစ်ရပ်ထားမယ်ဆိုတဲ့အပေါ်တော့ ကြိုဆိုရမှာ ဖြစ်တယ်၊ ပြီးတော့ တရုတ်ရဲ့ Facilitation ကလည်း ဘယ်အချိန်ထိ လုပ်သွားနိုင်မလဲဆိုတာတော့ ရတိပြတ်ပြောလို့ မရတဲ့အခြေအနေဖြစ်တယ်။ ဒီ လေးလ အပစ်ရပ်ထားသည်ကနေ တဆင့် ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဘယ်လို ဆွေးနွေးမှုတွေကနေ အဖြေရှာသွားမလဲဆိုတဲ့ အရာက အားလုံး သဘောထားကြီးကြီး ကမ်းလမ်းလုပ်ဆောင်ရမှာဖြစ်တယ်လို့ပြောချင်ပါတယ်၊ ကောင်းတဲ့ အစပြုခြင်းကို လုပ်ဆောင်ရင်တော့ တိုင်းရင်းသားအားလုံး၊ လူထုအားလုံးအတွက် ကောင်းမွန်တဲ့ အစပြုဖြစ်ဖြစ်ပါလိမ့်မယ်လို့ ယုံကြည့်ပါတယ်။

မေး။ ။ တစ်ခုတည်းသော တပ်မတော်တည်ဆောက်ရေး အပေါ်အမြင်။

ဖြေ။ ။ သီအိုရီအရတော့ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်တစ်ခုပဲ ရှိရမယ်ဆိုတာ သီအုရီအရ လက်ခံတယ်။ ဆန့်ကျင်တဲ့သဘောထားတွေမရှိဘူး။ ဒါပေမယ့် ဘယ်လိုမျိုး တပ်မတာ်ဖြစ်သင့်၊ ရှိသင့်သလဲ ဆိုတာ အရေးကြီးတယ်။ ဒါကြောင့် ဆွေးနွေးပွဲမှာ SSR နဲ့ DDR ပြောလာတဲ့အခါ တော်လှန်ရေး အဖွဲ့တွေကပဲ SSR/DDR လက်ခံတာမဟုတ်ဘဲ၊ တပ်မတော်ကိုယ်တိုင် ဒီဖြစ်စဉ်ထဲ ပါသွားရမယ်ဆိုတဲ့ ဒါကျွန်တော်တို့ တောင်းဆိုတဲ့အချက်ဖြစ်တယ်။ EAOs ဘက်ကပဲ ဒီကိစ္စကိုလုပ်ဆောင်တာမဟုတ်ဘဲ တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်အားလုံး လွမ်းခြုံပြီး security Sector reform နဲ့ DDR process တွေမှာ အားလုံးပါပြီး ပြုပြင်ပြောင်းလဲမှုကို လုပ်ရမယ်ဆိုတဲ့ တောင်းဆိုချက်ဖြစ်တယ်။ သီအိုရီအရ တပ်မတာ်တစ်ခုရှိရမယ်ဆို မြန်မာ့တပ်မတော်၊ ဗမာ့တပ်မတော်ဆိုတာထက် ပြည်ထောင်စု တပ်မတော် ဖြစ်ရမယ်ဆိုတဲ့ concept ဖြစ်ပါတယ်။ အစိုးရက ဒီကိစ္စ နဲ့ ခွဲမထွက်ရဆိုတာကို ကျယ်ကျယ်လောင်လောင်မပြောပေမယ့် တပ်မတော်က ပဲ ပြောနေတယ်။ ဒါကြောင့် ကျွန်တော်တို့ KIO ကတော့ ခွဲမထွက်အောင် ဘယ်လို စုပေါင်းကြမလဲ၊ ဘယ်လိုလုပ်ဆောင်သွားမလဲ ဆိုတဲ့စဉ်းစားချက်တွေလုပ်ခဲ့ပါတယ်။ ခွဲမထွက်ရဆိုတဲ့ ခေါင်းစဉ်ကြောင့်ပဲ ခုတလော တရုတ်ပြည် Dali က ဆွေးနွေးပွဲလည်း ရပ်သွားတာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက KIO တစ်ဖွဲ့ ကပဲ ဒီကိစ္စပြောလို့မရတဲ့ အရာဖြစ်တယ်။ ဆိုတော့ တပ်မတော်ပြောချင်တာ ခွဲမထွက်ရဆိုတာ ဘယ်အခြေအနေလဲဆိုတောကို အားလုံးလက်ခံနိုင်လောက်တဲ့ ရှင်းပြမှုမျိုးကို EAOs အဖွဲ့စုံနဲ့ ပြည်သူလူထု အားလုံးကိုလည်း ရှင်းလင်းချပြနိုင်ရမယ်လို့ မြင်တယ်။ တပ်မတော်အနေနဲ့ သူ့သဘောနဲ့သူ တစ်ခုတည်းသော တပ်မတော်ဖွဲ့စည်းရေးကိစ္စမှာ အားလုံးလက်ခံနိုင်လောက်တဲ့ ရှင်းပြချက်မျိုးတွေနဲ့ သေချာ ရှင်းလင်းချပြနိုင်ရမယ် နောက်မှ ဒီအပေါ် ဆန့်ကျင်ရင်တော့ ဆန့်ကျင်သူတွေရဲ့ အပြစ်ဖြစ်တယ်။ ဒါကို မချပြဘဲ ခွဲမထွက်ရေးကို လက်မှတ်ထိုးရမယ်၊ သဘောတူရမယ်ဆိုတာကတော့ ဘာကို ဆိုလိုတာလဲဆိုတဲ့ မေးခွန်းမေးရမှာဖြစ်တယ်၊ ဒီကိစ္စကလည်း ဆွေးလို့ခက်ခဲတဲ့ ပဋိပက္ခခေါင်းစဉ် တစ်ခုဖြစ်နေတယ်။ အားလုံးလက်ခံနိုင်တ့ ပြည်ထောင်စုတပ်မတော်ကို ဖွဲ့စည်းသင့်တယ်၊ လုံခြုံရေးကိုလည်း အားလုံးပါဝင်လက်ခံ နိုင်တဲ့ပုံစံ ပွဲစည်းသင့်တယ် ဘယ်ပုံ၊ ဘယ်နည်းဆိုတဲ့ မေးခွန်းကို မေးဖို့ဖြစ်တယ်၊ ဒါကိုခိုင်မာအောင် ဘယ်လိုလုပ်မလဲ၊ ၂၀၀၈ ကနေဖွဲ့စည့်တဲ့ ပုံစံတပ်မတော်တစ်ခုတည်း ဖြစ်ရမယ်ဆိုတာကတော့ ဖြစ်မလာနိုင်ဘူး၊ လက်ခံလို့မရသေးဘူး လို့မြင်ပါတယ်။

မေး။ ။ မြန်မာ့ငြိမ်းချမ်းရေးမွာ နိုင်ငံတကာပါဝင်မှုက ကချင်ငြိမ်းချမ်းရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိ နေပါသလဲ။

ဖြေ။ ။ တကယ်တမ်း မြန်မာ့ငြိမ်းချမ်းရေးက နိုင်ငံတကာ ယုံကြည်မှုယိုယွင်းသွားတဲ့ အခြေအနေဖြစ်တယ်၊ ပြန်လည် တည်ဆောက်နေရတဲ့အခြေအနေပဲ ရှိတယ်။ ဆိုတော့ နိုင်ငံတကာ ကြည်ညိုလေးစားတဲ့သတွေ ဦးဆောင်ရမယ်။ ဆိုတော့ အခုဒေါ်အောင်ဆန်းစုကြည်တက်လာတယ်။ ဒေါ်စုဦးဆောင်မှုအောက် အခု ၃ ကြိမ်မြောက် ပင်လုံညီလာခံ ပြီးတဲ့အထိ ကျွန်တော်တို့ အားလုံး ပါဝင်ခဲ့ကြတယ်။ မြေပြင် ပြဿနာတွေ အမျိုးမျိုး ရှိတယ်။ သူ့ကို ယုံကြည်ပြီး ဖြေရှင်းဖို့ တောင်းခဲ့တာတွေရှိခဲ့တယ်။ တကယ်တမ်းမှာ ပြည်သူတွေ မျှော်မှန်းသလောက် သူအကောင်အထည်ဖော်မှုမရှိသေးဘူး၊ အားနည်းနေသေးတယ်။ သူ့အစိုးရတက်တာ အခု ၂ နှစ်ကျော်ပြီး သုံးနှစ်လောက်ပဲရှိသေးတယ်လို့ ပြန်ပြောနိုင်ပါတယ်။ သို့သော် ဒီမိုကရေစီတော်လှန်ရေး က ၈၈ခုနှစ် ၁၉၉၀ ကတည်း ကဟုတ်တယ်။ ဒီလောက်ကြာပြီ ဖြစ်တဲ့ ဒီမိုကရေစီတော်လှန်ရေးဟာ အခုအစိုးရဖြစ်တဲ့အချိန်ကျမှ အကောင်အထည်ဖော်မယ်ဆိုတာထက်၊ သူ့အစိုးရမလုပ်ရရင်တောင် ဒီတိုင်းပြည်ဟာ ဒီမိုကရေစီကို ဦးတည်ရမည်ဆိုတာကို စောင်းပေးလုပ်ဆောင်သင့်တယ်လို့မြင်ပါတယ်။ Democratic Culture ဖြစ်တဲ့ Button Up စနစ်ကို တစိုက်မတ်မတ် အားလုံးကို အကောင်အထည်ဖော်ဆောင်ရွက် ရင်ပိုအားကောင်းလာမည့် အနေအထားဖြစ်တယ်၊ ငြိမ်းချမ်းရေးလည်း ထိုနည်း၎င်းပါပဲ လူထုတွေအားလုံးက ဒေါ်စု အစိုးရအဖွဲ့ကို PURE GOVERNMETN, CIVILIAN GOVERNMENT, ELECTED GOVERNMENT ဖြစ်ဖို့ မျှော်လင့်ခဲ့တယ်။ တကယ်တမ်း သူက စစ်တပ်နဲ့ ညှိပြီး JOINT ADMINISTRATIVE GOVERNMENT ပုံစံ ၂၀၀၈ ဖွဲ့စည်းပုံအရ လိုက်လိုက်လျှောလျှော အကောင်ထည်ဖော်နေတယ်။ သူ့လက်ထက်မှာပဲ သမ္မတ ၂ ခေါက်တောင် ပြောင်းတယ်ဆိုတာ မဖြစ်သင့်ဘူး။ ကျန်ရှိ ၂ နှစ်မှာ ထပ်လဲဦးမလား မပြောတတ်ဘူး၊ ဒါက အားနည်းချက်ဖြစ်တယ်။ လူထု မျှော်မှန်းချက်က စစ်အာဏာရှင် ဓလေ့ကင်းမဲ့ပြီး၊ ဒီမိုကရေစီ အစိုးရသီးသန့် ဖြစ်အောင် နေချင်တယ်။ တကယ်တမ်း အခု မဖြစ်လာဘူး။ သူက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို လုပ်မယ်။ ဥပဒေစိုးမိုးအောင်လုပ်မယ်။ ဖွဲ့စည်းပုံပြင်မယ်ဆိုပြီး ကြွေးကြော်ခဲ့တယ်။ အခုကတော့ အကိုင်းအဖျားအနားတွေပဲ ပြုပြင်ပြီး POWER STRUCTURE မှာ အက္ခရာကျတဲ့ Article တွေကို အခုထိ မပြောင်းလဲနိုင်သေးဘူး။ ပိုခက်ခဲသွားမယ့်လမ်းကြောင်း သုံးနေလား၊ ပိုမိုလွယ်ကူလာမည့်လမ်းကြောင်း ကိုသုံးနေတာလားဆိုတဲ့ မေးခွန်းရှိနေတယ်။ သူ့ကို ယုံကြည်ပြီး မဲပေးခဲ့ကြတဲ့ ပြည်သူတွေအတွက် သူ့ရဲ့ပြန်လည်တုန့်ပြန် လုပ်ဆောင်မှုတွေက အံဝင်ခွင်ကျမဖြစ်သေးဘူး။ ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှု အပိုင်းမှာလည်း လစ်ဟင်းနေသေးတယ်။

ဆိုတော့ တော်လှန်ရေးအဖွဲ့အစည်းတွေက THIRD PARTY ကဏ္ဍဖြစ်တဲ့ နိုင်ငံတကာရဲ့ပါဝင်မှုကို အားကောင်းစေချင်ကြတယ်။ ဘာကြောင့်ဆိုတော့ ယုံကြည်မှုတည်ဆောက်လို့မရတဲ့အခြေအနေ၊ အနေအထားမှာ မြန်မာပြည်ရောက်နေပြီ။ တစ်ဖက်က ဘယ်လောက်ပဲ ယုံကြည့်မှုပြပြ ထပ်မံပြီး ယုံကြည်လို့ မရတော့တဲ့ အခြေအနေဖြစ်နေတယ်။ တပ်မတော်နဲ့ KIO အချင်းချင်းကြားက ယုံကြည့်မှုကင်းမဲ့နေတဲ့အခြေအနေက ကျောက်ဆူးချသလို မယုံကြည်မှုက ခိုင်မာနေကြ ဖြစ်နေပြီ။ ဆိုတော့ ဒီလိုအနေအထားမှာ နှစ်ဦးကြားပဲ ညှိနိုင်းဖြေရှင်းမယ် ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့် နိုင်ငံတကာရဲ့ ပါဝင်မှု အဓိကလိုအပ်နေပြီလို့မြင်တယ်။ ဒါကြောင့်မို့ KIO အနေနဲ့ကတော့ တရုတ်၊ အမေရိကန်၊ ယူကေ၊ အီးယူ၊ အာဆီယံစသည်ဖြင့် ပါသင့်ပါထိုက်သည့်နိုင်ငံတွေကို ဖိတ်ကြမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ဘက်က အမေရိကန်နဲ့ ယူကေတွေ ပါတာကို မလိုလားဘူး။ ဒါကြောင့် တပ်မတော်နဲ့ အစိုးက မဖိတ်နိုင်ခဲ့ဘူး။ အခုလည်း မျက်မြင်သက်သေအနေနဲလည်း မဟုတ်ဘူး၊ လေ့လာသူအဖြစ်နဲ့ပဲ ပါရမယ်ဆိုတော့ ပိုပြီး ယုံကြည်မှုကျလာတာဖြစ်တယ်။

နိုင်ငံတကာနဲ့ ပြည်တွင်း အားလုံးက NLD အစိုးရတက်လာရင် ပြုပြင်ပြောင်းလဲမှုအရှိန်အဝါ ရှိမယ်လို့ မျှော်မှန်းထားပေမယ့် လက်တွေ့ အကောင်ထည်ဖော်မှုအားနည်းနေတော့ ပြန်ပြီး များများစားစား ဝေဖန်လာကြတာကိုတွေ့ရှိနေရတယ်။
နိုင်ငံတကာကတော့ ကချင်တွေရဲ့ နိုင်ငံရေး ဦးဆောင်မှုက အရေးပါတယ်လို့ သိရှိလက်ခံထားကြပါတယ်။ ဒါပေမယ့် အခုတော့ နိုင်ငံရေး ရေချိန်ကျနေတဲ့အချိန်ဖြစ်တယ်။ ကချင်ပြည်သူနဲ့ ကချင်ပြည်နယ်အတွက်လည်း အခုချိန်မှာ တစ်နိုင်ငံလုံးအတွက် အလားလာသိပ် မကောင်းနေတဲ့ အခြေအနေဖြစ်တယ်။ ထိုနည်း၎င်းပဲ NCA လက်မှတ်မထိုးနိုင်သေးတဲ့အဖွဲ့တွေအတွက်လည်း အခြေအနေမကောင်းဘူး။ အခု လာမည့် April 2019 အထိ Ceasefire လုပ်တယ်ဆိုပေမဲ့လည်း ဒါကို သမရိုးကျ စဉ်းထားလို့ မရတဲ့ အခြေအနေဖြစ်တယ်။ တပ်မတော်ဟာ ယုံကြည်မှုကို ဆက်တိုက် ဆက်လက်တည်ဆောက်နေဖို့ အရေးကြီးတယ်။ ဗမာလူထုက တပ်မတာ်ကို ယုံကြည်တာထက် ဗမာမဟုတ်တဲ့တိုင်းရင်းသားလူထုတွေ ယုံကြည်အောင်၊ ပြီးတော့ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေ အပါ ယုံကြည်မှုရှိလာအောင် ဖော်ဆောင်ဖို့ လိုအပ်တယ်။ ကိုင်တွယ်ဖြေရှင်းပုံ မှန်ကန်ဖို့လည်း လိုအပ်တယ်။ ဒါမှပဲ အာလုံးပါဝင်ပြီး ခိုင်မာတဲ့ ယုံကြည်မှုနဲ့ ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်လို့ရမယ်လို့ နောက်ဆုံးအနေနဲ့ ပြောချင်ပါတယ်။

ကျေးဇူတင်ပါတယ်ဆရာ။