28 March 2024 /

See today's Peace Related News

ရှမ်းမြောက်ဒေသ ဧပြီ ၁၈ရက်တွင် တပ်မတော်နှင့် KIA တိုက်ပွဲဖြစ်ပွား


ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း မြန်မာအစိုးရတပ် စစ်ကြောင်းများနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ကြား ဧပြီလ ၁၈ ရက် နံနက်ပိုင်းမှ မွန်းလွဲပိုင်း ၄ နာရီခန့်ထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း ဒေသခံများဆိုပါသည်။

KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၉) စခန်းရှိရာ Dima (တီမာ)၊ Manjang (မန်ဂျန်) ကျေးရွာဟောင်း သို့ အစိုးရစစ်ကြောင်းများ စစ်ဆင်လှုပ်ရှားလာသောကြောင့် ခုခံတိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လာကြောင်း နာမည်မဖော်လိုသူ KIA တပ်မဟာ (၆) အရာရှိ တစ်ဦးက ကချင်သတင်းဌာန KNG ကို ယခုလိုပြောသည်။

“အခုဆို ၂ နေရာ ၃ နေရာလောက်မှာ Dima နားက Manjang ဆိုတဲ့နေရာမှာ ဒီကနေ့ မနက် ၁၀နာရီခွဲကနေ့ ၃၊ ၄ခေါက်လောက် တိုက်ပွဲ ဖြစ်ပွားပါတယ်။ သူ့တို့ (မြန်မာစစ်ကြောင်း)တက်လာလို့ တိုက်ပွဲဖြစ်ပွားရတာဖြစ်တယ်”

တိုက်ပွဲများသည် ကွတ်ခိုင်မြို့နယ် Manjang (မန်ဂျန်)ကျေးရွာဟောင်း၊ Daknai နှင့် မူဆယ်ခရိုင် Mungbaw ကျေးရွာအနီး Man Nawng Kawng (မန်နောင်ကုန်း)စသည့် ၃နေရာတွင် ဖြစ်ပွားနေသည်ဟု အထက် KIA အရာရှိကဆိုသည်။ Man Nawng Kawng (မန်နောင်ကုန်း)တွင် KIA တပ်ရင်း (၃၆) နှင့် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်ဟု သိရသည်။

ယခုလ ဧပြီ ၃၀ရက် မတိုင်မီ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ကချင် KIA၊ ရခိုင် AA၊ ကိုးကန့် MNDAA နှင့် တအောန်း TNLA တို့နှင့် မြန်မာအစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကြား bilateral အပစ်ခတ်ရပ်ဆိုင်းရေးကိစ္စဆွေးနွေးရန် ပြင်ဆင်နေစဉ် ယခုတိုက်ပွဲ ဖြစ်လာခြင်း ဖြစ်သည်။