ရှမ်းမြောက်ဒေသ ဧပြီ ၂၀ရက်တွင် တပ်မတော်နှင့် KIA တိုက်ပွဲထပ်ဖြစ်

0
107

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုန်ဘော်ကျေးရွာအနီး မြန်မာအစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်း တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပါသည်။

KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) နှင့် အစိုးရ တပ်မ (၉၉)စစ်ကြောင်းကြား Man Pin (မံပင်း)ရွာထိပ်မှာ နံနက် ၈ နာရီခန့်က တိုက်ပွဲတစ်ကြိမ်နှင့် ၎င်းနောက် ၉ နာရီခန့်မှ ယခုချိန်ထိ ဖြစ်ပွားနေကြောင်း KIA တပ်မဟာ (၆) က ဆိုပါသည်။

“လွန်ခဲ့တဲ့ နှစ်ရက်က ဖြစ်တဲ့စစ်ကြောင်းနဲ့ဖြစ်တာပါ။ မနေ့ည သန်းခေါင်ချိန်မှာ ကျနော်တို့ တပ်ရင်း ၃၆ နယ်မြေကို သူတို့ဝင်လာပြီး ဒီကနေ့မနက် ၈နာရီမှာ မိနစ် ၂၀၊ ၃၀ ပစ်ခတ်ပြီး ရပ်သွားတယ်။ အဲဒီနောက် ကျနော်တို့ ပြန်လည် ပစ်ခတ်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အခုချိန်ထိ ပစ်ခတ်ကြတာပါ” ဟု တပ်မဟာ (၆)မှ နာမည်မဖော်လိုသူ အရာရှိတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောသည်။

KIA တပ်ရင်း (၃၆) ဌာနချုပ် Howa mare dingsa (Howa ကျေးရွာဟောင်း)ကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် အစိုးရတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု အထက် KIA တပ်မဟာ (၆)အရာရှိ က ဆိုပါသည်။

နှစ်ဖက်တပ်ဖွဲ့ ကြား မုန်ဘော်ကျေးရွာအနီး Man Nawng Kawng (မန်နောင်းကောင်)တွင် ဧပြီလ ၁၈ ရက်နေ့ကလည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တချိန်ထဲမှာပဲ ကွတ်ခိုင်မြို့နယ်အတွင်း KIA တပ်မဟာ (၆)လက်အောက် တပ်ရင်း (၉ ) ဌာနချုပ်ကို သိမ်းပိုက်ရန် တပ်မ (၉၉) က Dima (တီမာ)ကျေးရွာတွင် ယနေ့ စစ်အင်အား ၃၀၀ ခန့်ထိ စုစည်းထားကြောင်း KIA တပ်မဟာ (၆) အရာရှိက ဆက်ဆိုသည်။

ထို့ကြောင့် တပ်မ (၉၉) လက်အောက် ခြေမြန်တပ်မရင်း (ခမရ) ၄၁၈ နှင့် KIA တပ်ရင်း (၉) တပ်ဖွဲ့ကြား Dima မှ Mungli ကျေးရွာဘက်သွားလမ်း Manjang ကျေးရွာအနီး ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်။

‘ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသောလူမျိုးသန့်စင် စစ်ဆင်ရေး နှင့် ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်များတွင် ကျူးလွန်သော လူ့အခွင့်ရေးချိုးဖောက်မှုများကြောင့်’ ၂၀၁၈ သြဂုတ်လ ၁၇ ရက်နေ့ အမေရိကန်အစိုးရ၏ စီပွားရေး ဒဏ်ခတ်မှုခံရသည့် နာမည်ပျက် စာရင်းထဲတွင် တပ်မ (၉၉)လည်း ပါဝင်သည်။

ဧပြီ ၃၀ ရက်နေ့မတိုင်မီ အစိုးရနှင့် bilateral အပစ်ခတ်ရပ်စဲရေး ဆွေးနွေးမည့်ကိစ္စ ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၏ ဗဟိုဌာနချုပ် ကချင်ပြည်နယ် လိုင်ဇာမြို့တွင် KIO/KIA ထိပ်ပိုင်းခေါင်းဆောင်များ နှင့် တပ်မဟာ၊ တပ်ရင်း အားလုံးမှခေါင်းဆောင်ပိုင်းများကြား အရေးပါသည့် အစည်းဝေးကို ဧပြီလ ၁၆ ရက်နေ့မှ စတင်ပြုလုပ်နေပါသည်။

တပ်မတော် က ၂၀၁၈ ဒီဇင်ဘာလ (၂၁)ရက်နေ့မှ ၂၀၁၉ ဧပြီလ (၃၀)ထိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် တဖက်သတ် ထိုးစစ်ရပ်ထားကြောင်း ထုတ်ပြန်ထားသော်လည်း ၎င်း သတ်မှတ်ကာလ မကုန်ဆုံးမီ ရှမ်းပြည်မြောက်ပိုင်း KIA စခန်းများကို သိမ်းပိုက်ရန် ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here