29 March 2024 /

See today's Peace Related News

ရှမ်းမြောက်ဒေသ တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

တပ်မတော်၏ လေးလကြာ တဖက်သတ်ထိုးစစ်ရပ်ထားမှု ကုန်ဆုံးရန် အချိန်တစ်ပတ်ကျော်အလိုမှ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ရိုင်အတွင်း တပ်မတော်စစ်ကြောင်း နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပါသည်။

Mungbaw (မုန်ဘော်)ကျေးရွာပတ်ဝန်းကျင် Kai Dwi Bum (ကိုင်ဒွေးဘွမ်)တောင်တွင် KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) တပ်ဖွဲ့ နှင့် မြန်မာစစ်တပ် တပ်မ (၉၉) စစ်ကြောင်းတို့ စနေနေ့ကတည်းက ယနေ့ သုံးရက်တိုင် ဆက်လက် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။

“ဒီကနေ့ မနက်ပိုင်း ၆နာရီခွဲချိန်ခန့်မှ အဲဒီ ကိုင်ဒွေးဘွမ် တောင် ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားပါတယ်။ ကိုင်ဒွေးဘွမ် က ကျနော်တို့တပ်ဖွဲ့တွေ ဆုတ်ခွာသွားရတယ်လို့ ကြားတယ်။ မြန်မာစစ်တပ် စစ်ကြောင်း လေးကြောင်းလောက်နဲ့ ထိုးစစ်ဆင်နေခြင်းဖြစ်တယ်” ဟု နာမည်မဖော်လိုသူ KIA တပ်မဟာ (၆) အရာရှိ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောသည်။

KIA တပ်ရင်း (၃၆)၏ ဌာနချုပ် Howa ရွာဟောင်းကို သိမ်းပိုက်ရန် အစိုးရတပ်က ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း KIA က ဆိုပါသည်။

ကုတ်ခိုင်မြို့နယ်အတွင်းမှာလည်း KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၉)၏ ဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ရန် တပ်မ (၉၉)က အင်အား ၃၀၀ခန့် Dima (တီမာ)ကျေးရွာတွင် စုစည်းထားပြီဖြစ်ကြောင်း KIA တပ်မဟာ (၆)က ဆိုသည်။

ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ယနေ့ KIO ဗဟိုကော်မတီဝင်များ နှင့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် PCG တို့ တွေ့ဆုံကြမည်ဖြစ်ပြီး အစိုးရနှင့် KIO တို့ bilateral အပစ်ရပ်ဆွေးနွေးမည့် နေ့ရက်ကို ပြန်လည်အတည်ပြုနိုင်ရန်ဖြစ်သည်ဟု လိုင်ဇင်တွင် ရောက်ရှိနေသည့် PCG မှ Slg. Lamai Gum Ja (ဆလန် လမိုင်ဂွမ်ဂျာ) တနင်္ဂနွေနေ့ည ကချင်သတင်းဌာန KNG ကို ယခုလို ပြောသည်။

“တွေ့ဆုံ ဆွေးနွေးမယ့်နေ့ရက်ကို ဧပြီ ၃၀ လို့ ဆိုထားပေမယ့် မသေချာသေးဘူး။ တနင်္လာနေ့ ကျနော်တို့ KIO ဗဟိုလူကြီးတွေနဲ့ တွေ့ဆုံပြီးမှ ဆွေးနွေးမယ့်နေ့ရက် အသိအကျကို သိနိုင်မှာပါ” ဟု ဆိုသည်။

အစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဘက်က မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ဖြစ်သည့် ကချင် KIO/KIA၊ တအောန်း TNLA၊ ကိုးကန့် MNDAA နှင့် ရခိုင် AA ကိုယ်စားလှယ်များနှင့် ဧပြီလ (၃၀)ရက်နေ့ ဆွေးနွေးရန် ရက်သတ်မှတ်ထားပါသည်။

အစိုးရ NRPC နှင့် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ တို့ မတ်လ ၂၁ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံစဉ် မြောက်ပိုင်းမဟာမိတ်လိုလားသော bilateral အပစ်ရပ်လက်မှတ်ရေးထိုးရေး အစီစဉ်ကို NRPC ဘက်က လက်ခံလာပြီးနောက် ထပ်မံ မတွေ့ဆုံရန်ပြင်ဆင်နေချိန် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရတပ် နှင့် KIA တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား လာခြင်းဖြစ်သည်။