ရွှေမြစန္ဒီအိမ်ရာကိစ္စ ဆန္ဒပြမှုအတွက် ဒေါ်နော်အုန်းလှအပါအဝင် ဦးဆောင်သူ ၅ဦး ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီးခံရ

0
120

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှအပါအဝင် ရွှေမြစန္ဒီအိမ်ရာစီမံကိန်း ကန့်ကွက်ဆန္ဒပြရာတွင် ဦးဆောင်သူ ၅ ဦးကို ဧပြီ ၂၂ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့မရဲစခန်းက ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်စီတန်းလှည့်လည်ခြင်း ဥပဒေပုဒ် (၁၉/၂၀)ဖြင့် အမှုဖွင့် ဖမ်းဆီးလိုက်သည်ဟု ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့က ပြောသည်။

ရွှေမြစန္ဒီအိမ်ရာစီမံကိန်း မဖျက်သိမ်းရေးအတွက် ယမန်နေ့က ပြုလုပ်သည့် ဒေသခံလူထုများ၏ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့ခြင်းကြောင့် မြဝတီမြို့မရဲစခန်းမှ နော်အုန်းလှ၏ ရန်ကုန်အပြန်လမ်းခရီးတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ် သည်ဟု ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ဝင် မဇာခြည်လင်းက ကေအိုင်စီသို့ ယခုလိုပြောသည်။

၎င်းက “ဒေသခံတွေက သူတို့ပါ သူတို့ဆန္ဒပြမယ်။ အဲ့ဒီအတွက် ဆန္ဒပြတဲ့ အခါကျရင် အမိုးလာပြီး ဝန်းရံပေးပါဆိုတော့ အဲ့မှာသွားပြီးတော့ ဝန်းရံပေးတယ်။ ကျန်တာကတော့ သူတို့ပါ သူတို့လုပ်တယ်။ အဲ့ဒါကို တစ်နေကုန် ရဲတပ်ဖွဲ့တွေက ဘာမှ လာရောက်ညှိနှိုင်းတာမျိုးမရှိဘူး။ အဲ့ဒါနဲ့ ညနေပိုင်း အမိုးကားနဲ့အပြန် မြဝတီမြို့ အလယ်လောက်မှာ ရဲတပ်ဖွဲ့ဝင် ၂၀လောက်နဲ့ ကားပေါ်ကနေ ဆွဲချပြီး ငြိမ်းစုစီနဲ့ ပတ်သက်ပြီး မေးစရာရှိ တယ်ဆိုပြီး ဆွဲခေါ်သွားတယ်”ဟု ပြောသည်။

ရွှေမြစန္ဒီအိမ်ရာနေ ပြည်သူများက ၎င်းတို့နေအိမ်များ မတရားအဖျက်ခံရခြင်းအပေါ် မြဝတီမြို့တွင် စီတန်းလှည့်လည်ဆန္ဒ ထုတ်ဖော်ရန် အတွေ့အကြုံမရှိသည့်အတွက် အကူအညီတောင်းခဲ့ရာတွင် နော်အုန်းလှမှ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခွင့်ကို သက်ဆိုင်ရာသို့ တင်ပြပေးခဲ့သော်လည်း ယခုလို ဖမ်းဆီးခေါ်ဆောင်သွားခံရပြီး ငြိမ်းစုစီ ဥပဒေပုဒ်မ (၁၉/၂၀) အရ မြဝတီမြို့မ ရဲစခန်းမှ တရားလိုပြုကာ တရားရုံးတင်သွားမည်ဖြစ်သည်ဟု မဇာခြည်လင်းက ဆက်ပြောသည်။

နော်အုန်းလှအပါအဝင် ဆန္ဒပြမှုကိုဦးဆောင်သည့် ဦးမောင်ဦး၊ ဦးငယ်(ခ)ဦးဆန်းလှိုင်၊ ဒေါ်စန္ဒာမြင့်၊ ဒေါ်နန်းခင်သိန်း တို့ (၅)ဦးကို မြဝတီမြို့နယ်ရဲမှူး၊ ရဲမှူး ကျော်သူရည်မှ ငြိမ်းစုစီ ဥပဒေပုဒ်မ (၁၉/၂၀)ဖြင့် တရားလိုပြု အရေးယူသွားမည်ဖြစ် သည်ဟု တာဝန်ရှိသူ ဘက်က ဆိုသည်။

မြဝတီမြို့မစခန်း၊ ဒုရဲမှူး နိုင်ဝင်းက “အမှုကို ငြိမ်းစုစီနဲ့ဖွင့်ထားတာ။ ဒေါ်နော်အုန်းလှက အကြောင်းကြားစာမရှိဘူးလေ။ အမှုအတိုင်းစစ်မယ်။ ပြီးရင် တရားရုံးတင်ပေးမယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုပြုထားတာ” ဟု ကေအိုင်စီသို့ ပြောသည်။

နော်အုံးလှသည် ပြည်သူများ မတရားခံရသည့်အပေါ် ပြည်သူတစ်ဦးအနေဖြင့် သွားရောက် ဝန်းရံခဲ့ခြင်း သာဖြစ်ပြီး သွေးထိုးလှုံ့ဆော်မှုမျိုးလုပ်ခဲ့ခြင်းမျိုးမဟုတ်သောကြောင့် အဆိုပါ တရားစွဲဆိုမှုအတွက် ယနေ့အားမခံချက်ရ ၊ မရအပေါ် စောင့်ကြည့်သွားကာ အာမခံချက်မရရှိပါက ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များအတိုင်း လုပ်ဆောင်သွား မည်ဟုလည်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ဝင် မဇာခြည်လင်းက ပြောသည်။

(DKBA)မှ ဗိုလ်ညီညီ ဆိုသူက ရွှေမြစန္ဒီအိမ်ရာစီမံကိန်းအကြောင်းပြချက်ဖြင့် မြေကွက်များကို အကွက်ချ ရောင်းစားခဲ့ခြင်း အပေါ် တာဝန်ရှိသူများဖြေရှင်းပေးရန် တောင်းဆိုမှုနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရနှင့် လက်နက်ကိုင် အဖွဲ့တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးသဘောတူညီချက်များအရ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အတွင်းမဲကနယ်ကျေးရွာအနီးရှိ လူမနေသည့် ယာယီတဲအိမ်ကလေးများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ရက်နေ့က စတင်ဖယ်ရှား ရှင်းလင်းမှုများပြုလုပ်ခဲ့သည်။

အဆိုပါ စီမံကိန်းသည် ဥပဒေနှင့် ကိုက်ညီခြင်းမရှိသည့်အတွက် တားဆီးအရေးယူမှုများပြုလုပ်ရန် ကရင်ပြည်နယ် အစိုးရမှ မြဝတီဌာနဆိုင်ရာများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားမှုများရှိသလို အိမ်ရာများတွင် နေထိုင်နေသူများအ နေဖြင့် ပြောင်းရွှေ့ပေးကြရန် ဧပြီလ ၄ ရက်နေ့တွင် သစ်တောဦးစီးဌာနက အကြောင်းကြားစာထုတ်ပြန်ထားမှုကို ကျေနပ် မှုမရှိခြင်းကြောင့် စီမံကိန်းမြေတွင် မြေနေရာကို ငွေပေးဝယ်ယူထားသူများက လူအင်အားထောင်နှင့်ချီ၍ ယမန်နေ့က မြဝတီမြို့ထဲမှာတွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here