29 March 2024 /

See today's Peace Related News

သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော်လည်းအမှုနှင့်ပတ်သက်သော တရားမျှတမှုအတွက် ပြည်ထောင်စုတရားလွှတ်အထိ ထုချေသွားမည်ဟု ကချင်လူငယ်ခေါင်းဆောင်များ ပြောဆို

အမျိုးသားရေး နှင့် တရားမျှတရေး ရပ်တည်လုပ်ဆောင်ရာတွင် ကြောက်ရွံ့ခြင်းမရှိဘဲ ပိုတိုး၍လုပ်ဆောင်လာနိုင်ရန် ရည်ရွယ်ပြီး အကျဉ်းထောင်မှလွတ်မြောက်လာသည့် ကချင်လူငယ်ခေါင်းဆောင် (၃)ဦးနှင့် ကချင်လူထုတွေ့ဆုံခြင်း အစီအစဉ်ကို မေလ (၁)ရက်နေ့ နံနက်ပိုင်း မြစ်ကြီးနားမြို့ မနောကွင်း Majoi Gawknu ခန်းမတွင် ပြုလုပ်ခဲ့သည်။

Shd. Hkangkum Lum Zawng (ကို လွမ်းဇောင်း)၊ Slg. Hkawn Zau Jat (ဦးဇော်ဂျတ်)၊ Srn. Nbau Nang Pu (ဒေါ်နန်ပူ) တို့ကို အပြစ်မရှိပဲ မြန်မာစစ်တပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦး တရားလိုပြုကာ တရားစွဲဆိုရခြင်းနှင့် ခေါင်းဆောင် ၃ဦးထောင်ကျခဲ့သည့် အဓိက အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု အစီစဉ် ဦးဆောင်သူ Slg. Lasha Paw Lu ကပြောဆိုထားသည်။

“အဓိကတွေ့ဆုံပွဲလုပ်တာက လူထုတွေကို သိစေချင်လို့ပါ။ ကျနော်တို့ရဲ့ခေါင်းဆောင် ၃ဦးကို ဘာကြောင့် တရားစွဲတယ်။ ဘာကြောင့် ထောင်ချတယ်။ တစ်ချို့က မသိကြဘူး။ ပြောချင်တာက ဦးလွမ်းဇောင်း က မပြောတာကို ပြောတယ်လို့ တရားစွဲတယ်။ နောက် ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူ က ဖြစ်တာကို ဖြစ်တယ်လို့ ပြောတာကို တရားစွဲတယ်။ ဒီအချက်တွေကို ပြည်သူတွေကို သိစေချင်တယ်။ နောက်တစ်ခုက ဆက်လက်လုပ်ဆောင်သွားမယ့် အမျိုးသားရေးတွေကို ဘယ်လိုလုပ်ဆောင်သွား မလဲ။ တရားမျှတမှုရရှိလာအောင် ရှေ့ဆက်ဘယ်လိုလုပ်ဆောင်ကြမလဲ။ အပြန်အလှန်ပြောဆိုကြ တာပေါ့” ဟု ပြောသည်။

ဦးလွမ်းဇောင်းနှင့် ဦးဇော်ဂျတ် ၂ဦးမှာ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာခြင်းဖြစ်သော်လည်း အဆိုပါကစ္စနှင့်ပတ်သက်ပြီး ဆက်လက် တရားမျှတမှုရရှိရန်အတွက် ပြည်ထောင်စု တရားလွှတ်တော်အထိ ပြန်လည်ထုချေသွားမည် ဖြစ်ကြောင်းကို ဦးလွမ်းဇောင်း က အခမ်းအနားတွင်ပြောဆိုခဲ့သည်။

“ကျနော်တို့ရဲ့ အမှုနဲ့ပတ်သက်ပြီး တရားလွှတ်တော် အဆင့်ဆင့်ကိုလည်း ဖြတ်ကျော်ပြီးပြီ။ အဲ့ဒါကို အပြစ်မရှိဘဲ အပြစ်ရှိတယ်လို့ စီရင်ပေးခဲ့တယ်။ ဒါကို ကျနော်တို့အနေနဲ့ လက်မခံနိုင်ဘူး။ အခုက ပြည်ထောင်စုလွှတ်တော်အထိ တတ်ကျွမ်းတဲ့ ဥပဒေပညာရှင်တွေနဲ့ဆက်လက်ထုချေသွားမယ်” ဟု ပြောဆိုသည်။

ယနေ့ Majoi Gawknu ခန်းမ တွေ့ဆုံဆွေးနွေးပွဲတွင် မြစ်ကြီးနား လူထု ၇၀၀ကျော်နှင့်အတူ ကချင်ပါတီပေါင်းစည်းအဖွဲ့ ‘Kachin State People’s Party’ ခေါင်းဆောင်များနှင့် စစ်ရှောင်များ ပါဝင်တက်ရောက်ကြပါသည်။

ကချင်ပြည်နယ် တိုက်ပွဲအတွင်း ပိတ်မိပြည်သူများလွတ်မြောက်ရေးအတွက် ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ မှ မေလ ၈ ရက်ထိ မြစ်ကြီးနားမြို့တွင် ဆန္ဒပြပွဲများ နှင့် မနောကွင်း သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့ရာတွင် “ပြည်သူတွေကို ပိတ်တာ တပ်မတော်ဖြစ်တယ်၊ ပိတ်မိပြည်သူများကို ခြိမ်းခြောက်၊ ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်တာ တပ်မတော်ပါ” ဆိုတဲ့ အသုံးအနှုန်းတွေကြောင့် မပခ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦး က တရားလိုပြုကာ ဥပဒေ ပုဒ်မ ၅၀၀ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။