တပ်မတော်၏ ယာယီအပစ်အခတ်ရပ်ဆိုင်းထားသော နောက်ဆုံးနေ့ဖြစ်သည့် ဧပြီ ၃၀ရက်တွင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီး မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲဖြစ်ပွားနေပါသည်။
ထိုးစစ်ဆင်လာသော အစိုးရစစ်ကြောင်း နှင့် KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၉) တပ်ဖွဲ့ တို့ Namti Bum (နမ္မတီးတောင်ခြေ)၊ နမ္မတီးရွာဟောင်းတွင် ဧပြီ ၃၀ရက် နံနက် ၆နာရီခန့်မှ တိုက်ပွဲစတင်ဖြစ်ပွားသည်ဟု လိုင်ဇာ ဗဟိုဌာနချုပ်မှ KIA အရာရှိတစ်ဦး ကချင်သတင်းဌာန KNG ကို ယခုလို အတည်ပြုပြောပါသည်။
“အရင်တုန်းကတော့ မူဆယ်ဘက်မှာ ကျနော်တို့ရှိတဲ့ နယ်မြေဆီ သူတို့ (အစိုးရတပ်)လာတဲ့အခါတိုင်းလိုလိုမှာ မခုခံဘဲ ရှောင်ပေးခဲ့တယ်။ ဒါပေမယ့် အခုတော့ သူတို့ (အစိုးရတပ်)က ကျနော်တို့နယ်မြေ Mungbaw (မုန်ဘော်)ဘက်ဆီ နယ်ချဲ့လာလို့ မူဆယ်ဘက်မှာ ကျနော်တို့ ခုခံလာရတာဖြစ်တယ်” ဟု ရှင်းပြသည်။
မြန်မာအစိုးရ တပ်မတော်၏ စစ်တိုင်း (၅)တိုင်းမှာ (၄)လကြာ တဖက်သတ် ထိုးစစ်ရပ်ထားခြင်းသည် ယနေ့ ဧပြီလ (၃၀)ရက်နေ့မှာ ကုန်ဆုံးပါသည်။
သို့သော်လည်း တပ်မတော်က လိုက်နာခြင်းမရှိဘဲ ရှမ်းပြည်မြောက်ပိုင်း KIA စစ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်းအပြင် စခန်းသိမ်း ထိုးစစ်များကို ဧပြီလ (၁၈)ရက်နေ့မှ ပြုလုပ်လာသည်။
တိုက်ပွဲဖြစ်ပွားနေသော်လည်း ယနေ့ မူဆယ်မြို့တွင် အစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန NRPC နှင့် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့ ကချင် KIA၊ ရခိုင် AA၊ တအောန်း TNLA နှင့် ကိုးကန့် MNDAA အဖွဲ့ ကိုယ်စားလှယ်များ bilateral နှစ်ဖက် အပစ်ရပ်ရေး အသေးစိတ်ကို ဆွေးနွေးကြပါသည်။