KNU နှင့် မွန်ပြည်သစ်ပါတီတို့ တိုက်ပွဲဖြစ်ပွား နှစ်ဖက်စစ်ရေးတင်းမာနေဟုဆို

0
227

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားသည့် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီ-NMSPတို့အကြား ဧပြီလ ၂၉ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ် ဒဒိန်အနီး တစ်ဝိုက် တွင် ပစ်ခတ်မှုဖြစ်ပြီးခဲ့ပြီးနောက် ယခု စစ်ရေးအခြေအနေ တင်းမာမှုရှိနေဆဲဟု နှစ်ဖက်တာဝန်ရှိသူများက ပြောသည်။

အုပ်ချုပ်ရေးနယ်မြေ အငြင်းပွားမှုကိစ္စနှင့် သစ်ထုတ်လုပ်မှုကိစ္စကြောင့် ယခုလို အောက်ခြေတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ် ပွားပြီး စစ်ရေးတင်းမာမှုဖြစ်ပွားရခြင်းဖြစ်သည်ဟု နှစ်ဖက်သော တာဝန်ရှိသူများက မေလ ၂ ရက်(ယနေ့) ကေအိုင်စီသို့ အသီးသီး ပြောဆိုကြသည်။

“ နယ်မြေပိုင်ဆိုင်မှုကိစ္စနဲ့ ဖြစ်တာပါ။ အရင်က ဘုရားသုံးဆူမြို့အနောက်ဘက် ဂျပန်ရေတွင်းနေရာနဲ့ ဒဒိန်နေရာတွေမှာ သူတို့နေရာ ယူထားတယ်။ အခုလမ်းသစ်ထိုးဖောက်တဲ့နေရာမှာ အင်အားထပ်ဖြည့်ပြီး တိုးချဲ့နေရာယူထားတယ်။ နောက် ဆုတ်ခိုင်းတာ မဆုတ်ဘဲ တပ်အင်အားပိုပြီးထပ်ဖြစ်လာတော့ ကျနော်တို့ လုံခြုံရေးယူတဲ့အနေနဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်တာပါ။ ငြိမ်းချမ်းရေးကိုတော့ ထိခိုက်မှုမဖြစ်စေချင်ပါဘူး”ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA၊ တပ်ရင်း ၁၆၊ တပ်ခွဲ(၂)မှ ဗိုလ်ကြီးစောအဲ့ဖလားက ကေအိုင်စီသို့ ပြောသည်။

မိမိတို့ ထိန်းချုပ်ထားသည့်နယ်မြေအတွင်း NCA လက်မှတ်မထိုးခင်ကာလကလည်း ပထဝီနိုင်ငံရေး အနေအထားအပေါ်တွင် မွန်ပြည်သစ်ပါတီဘက်က နယ်မြေတိုးချဲ့မှုများ ပြုလုပ်ခဲ့မှုရှိပြီး လက်ရှိဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုသည် နှစ်ဖက်သော ခေါင်းဆောင်များ၏ ညှိနှိုင်းဆွေးနွေးမှုရလဒ်အပေါ်တွင် မူတည်သည်ဟု ဗိုလ်ကြီးစောအဲ့ဖလားက ဆက်ပြောသည်။

ကြားအင်းဆိပ်ကြီးမြို့နယ်(KNU တပ်မဟာ ၆ နယ်မြေအတွင်း)ရှိ တောင်ပေါက် ၂၄ ရွာနယ်မြေကို မွန်ပြည်သစ်ပါတီနှင့် KNU တို့ နှစ်ဖက်ပူးတွဲ အုပ်ချုပ်နယ်မြေအဖြစ် ယနေ့တိုင် ပူးတွဲအုပ်ချုပ်နေကြပြီး ဂျပန်ရေတွင်း၊ ဒဒိန်နှင့် အချို့နေရာတွင် မွန်ပြည်သစ်ပါ တီ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ဘုရားသုံးဆူမြို့ နယ် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်အာကာက “ကျနော်တို့ဘက်က တိုက်ပွဲမဖြစ်ခင်မှာ ညှိနှိုင်းတိုင်ပင်ဖို့ လုပ် တယ်။ သူတို့က တပ်နေရာရုပ်သိမ်းပြီးမှ ညှိနှိုင်းဆွေးနွေးမယ်ပြောတယ်။ နယ်မြေကိစ္စနဲ့ သစ်ကိစ္စပေါ့နော်။ ကျနော်တို့က KNU ဖက်ကို သစ်တန် ၄ဝဝ ပေးသွင်းရမယ်ဆိုတာ မြို့နယ်အဆင့်နဲ့ တပ်ကတာဝန်ရှိသူတွေ ၃ ကြိမ်လောက်နှစ်ဖက်တွေ့ဆုံ သဘော တူထားတာရှိတယ်။ နောက်ပိုင်းနယ်မြေရှင်းလင်းတော့ သူတို့က ဆုတ်ခိုင်းတယ်။ သံပုရာချောင်းအနီးတစ်ဝိုက်မှာ တပ် တည် ဧရိယာ စခန်းချပြီး ကျနော်တို့ တပ်သွားလာတာရှိတယ်။ အဲဒီညနေမှာ သူတို့လာရင်းနဲ့ ပစ်ခတ်မှုဖြစ်သွားတာပါ” ဟု ပြောသည်။

၁၉၈၈ ခုနှစ်တွင် KNUနှင့် မွန်ပြည်သစ်ပါတီတို့ ဘုရားသုံးဆူမြို့နယ်မြေ အငြင်းပွားမှုကြောင့် ရက်ပေါင်း ၂ဝ ကျော်ကြာ မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်နှင့် အရပ်သားစုစုပေါင်း ၂ဝဝ နီးပါး သေဆုံးခဲ့ရသည်။ ၂ဝ၁၆ ခုနှစ်မှစ၍ ၎င်းတို့ အဖွဲ့အကြား တစ်ကျော့ပြန်တိုက်ပွဲများပြန်ဖြစ်လာပြီး ယနေ့အချိန်ထိ ၁ဝ ကြိမ်ထက်မနည်း နှစ်ဖက်ပစ်ခတ်မှုရှိသည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

လတ်တလောတွင် ကေအဲန်ယူနှင့် မွန်ပြည်သစ်ပါတီတို့ တပ်ဖွဲ့ဝင်များအကြား စစ်ရေးတင်းမာမှုမှာ အချိန်မရွေး ပစ်ခတ်မှုဖြစ်ပွား နိုင်သည့် အခြေအနေတွင်ရှိသည့်အတွက် စိုးရိမ်ကြောက်ရွံမှုအောက်က သွားလာနေထိုင်နေရသည်ဟု ဒေသခံများက ပြော သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here