29 March 2024 /

See today's Peace Related News

ကချင်ဒုက္ခသည်စခန်းများသို့ ကုလ ကူညီရေး အရာရှိ သွားရောက်

လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူး နှင့် အရေးပေါ် ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး Ursula Mueller က မေလ (၁၁)ရက်နေ့ ကချင်ပြည်နယ်ကိုသွားရောက်စဉ် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံပြီး အစိုးရထိန်းချုပ်နေရာ ကချင်ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သည်။
အစိုးရမှ စစ်ရှောင်များကို ပြန်လည်နေရာချထားသည့် မြစ်ကြီးနားမြို့ပင် Nawng Nang (နောင်းနန်)တိုက်နယ် Ngwi Pyaw Sanpya ေ(ငွပျော်စံပြ) ကျေးရွာနှင့် ဝိုင်းမော်မြို့နယ် မိုင်းနား Roman Catholic စစ်ရှောင်စခန်း နှင့် မှန်ပြစံပြစစ်ရှောင်ကျေးရွာသို့ သွားရောက်ခဲ့သည်။

စစ်ပြေးဒုက္ခသည်များက Ursula Mueller နှင့်တွေ့ဆုံခဲ့စဉ် ၎င်းတို့ လက်ရှိ ကြုံတွေ့နေသည့် စားဝတ်နေရေးပြဿနာနှင့် လိုအပ်နေသည့် အခက်အခဲများအတွက် ကူညီထောက်ပံ့ပေးရန်တင်ပြတောင်းဆိုခဲ့ကြောင်းသိရသည်။

“လျှပ်စစ်မီးရရှိဖို့။ ကလေးတွေရဲ့ကျောင်းသွားလာရေး အခက်အခဲတွေ။ ဒီနေရာမှာက ကိုယ့်ရဲ့နေရာဒေသ အသစ်မဟုတ်တဲ့အတွက် စားဝတ်နေရေး အတွက်အဆင်ပြေရန်အတွက် ဒီအချက်တွေ ကျနော်တို့တော်တော် ခက်ခဲနေတဲ့အပိုင်းတွေကို တင်ပြခဲ့တယ်” ဟု အစိုးရမှ နေရာချပေးသော မှန်ပြစံပြစစ်ရှောင်ကျေးရွာမှ ဦး La Ring က ပြောသည်။

သူမက စစ်ဘေးဒုက္ခသည်များကို ‘ထပ်မံကူညီသွားရန်’ ဟု ကတိပြုပြောဆိုခဲ့ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌလည်းဖြစ် ကချင်ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ (Kachin Humanitarian Concern Committee) ခေါင်းဆောင် Rev. Dr. Hkalam Samson ထံမှုသိရသည်။

အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး Ursula Mueller ၏ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်သည့် ခရီးစဉ်၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ လူသားချင်းစာနာမှု အကူအညီလိုအပ်သည့်အခြေအနေများ၊ ဆက်လက်ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခ၏ သက်ရောက်မှု အခြေအနေများကို ကိုယ်တိုင်တွေ့မြင်၊ သိရှိနိုင်ရန်နှင့် အဆိုပါပြည်နယ်များတွင် နေထိုင်လျက်ရှိသည့် နေရပ်စွန့်ခွာ တိမ်းရှောင်သူများနှင့် ထိခိုက်လွယ်သည့် အခြေအနေရှိနေသည့်အတွက် ရေရှည်တည်တံ့သော ဖြေရှင်းမှုနည်းလမ်းများနှင့် စပ်လျဉ်ပြီး ဆွေးနွေးရန်အတွက်ဖြစ်သည်ဟု United Nations Nations Unies အမည်ရှိ လူမှုကွန်ယက်တွင် ဖော်ပြချက်မှ သိရသည်။

ကချင်ပြည်နယ်တွင် စစ်ပြေးဒုက္ခသည် ၁သိန်းကျော်ရှိရာ အစိုးရထိန်းချုပ်နေရာတွင် ၄သောင်းကျော်ရှိပြီး ၈သောင်းကျော်နှင့်အများစုမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်သည့် တရုတ်နယ်စပ်တလျှောက် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေပါသည်။ သို့သော်လည်း KIO ထိန်းချုပ်နေရာ ဒုက္ခသည်စခန်းများကို အစိုးရထိန်းချုပ်နေရာများမှ စားနပ်ရိက္ခာများ တရားဝင် သယ်ဆောင်ကူညီပေးခြင်းကို မြန်မာစစ်တပ်မှ ဟန့်တားထားဆဲဖြစ်သည်။

မြန်မာအစိုးရ နှင့် KIO ကြား နှစ်ဖက် အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးနေသောကာလ ကချင်ဒုက္ခသည်များ နေရပ်ပြန်လာနိုင်ရေးအတွက် အစိုးရနှင့် KIO တို့နှင့် KHCC ညှိနှိုင်းနေစဉ် လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူး Ursula Mueller ကချင်ပြည်နယ်ကို ရောက်လာခြင်းဖြစ်သည်။