NCA-S EAO ထိပ်သီးအစည်းအဝေးတွင် တစ်ဆို့နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကျော်လွှားနိုင်ရေး ဘုံသဘောထားများချမှတ်နိုင်ခဲ့ဟုဆို

0
342

ကျင်းပပြီးစီးခဲ့သည့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NCA-S EAO ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံနောက်ဆုံးနေ့တွင် တစ်ဆို့နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကျော်လွှားနိုင်ရေး ဘုံသဘောထားများ ချမှတ်နိုင်ခဲ့ဟု ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းငင်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“အခုဟာ ငြိမ်းချမ်းရေးဖြစ်စဉ်က တစ်ဆို့နေတာကိုး၊ ကျနော်တို့ဘက်ကလည်း ဒီတစ်ဆို့မှုတွေကို ကျော်လွှားနိုင်ဖို့ဆိုပြီးတော့ ကျနော်တို့ EAO ဘက်အခြမ်းက နည်းနာတွေ နည်းလမ်းတွေ မူတွေ ဘုံသဘောထားတွေ ချမှတ်နိုင်ခဲ့တာ ကောင်းတဲ့ လက္ခဏာပါ” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် NCA-S EAO များ ကိုင်စွဲထားသည့် မည်သည့်သက်ဆိုင်သူများကိုမျှ ချန်လှပ်မထားရေး အခြေခံမူ ( Non-Exclusive Principle) အရ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံး ပါဝင်ဆွေးနွေးနိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ စုဖွဲ့မှုတစ်ခုဖွဲ့စည်းနိုင်ရေး အလုပ်အဖွဲ့တစ်ရပ် ဖွဲ့စည်းခဲ့သည်ဟု ယနေ့ထုတ်ပြန်သည့် NCA-S EAO ထိပ်သီးခေါင်းဆောင်များ စတုတ္တအကြိမ်အစည်းအဝေး(ပထမပိုင်း) ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြသည်။

ဗိုလ်မှူးကြီးစိုင်းငင်းက “ဒီဆွေးနွေးပွဲမှာ တစ်အချက်က ဒီတစ်ဆို့မှုတွေကို ဘယ်လိုကျော်လွှားမလဲ၊ နှစ်အချက်က ကျနော်တို့ ၁၀ ဖွဲ့စုဖွဲ့မှုကိစ္စဆွေးနွေးတာဖြစ်တယ်၊ ဒါကြောင့် ဒီစုဖွဲ့မှုကိစ္စကို အသေးစိတ်ဆက်လက်ဆောင်ရွက်ဖို့ အလုပ်အဖွဲ့ကို ကျနော်တို့ ဖွဲ့လိုက်တာဖြစ်တယ်၊ တစ်ဖွဲ့တစ်ယောက် ၁၀ ဖွဲ့အခြေခံပြီး ၁၀ ယောက်နဲ့ဖွဲ့တာဖြစ်တယ်၊ ဒီအထဲ Think Tank နဲ့ပတ်သက်ပြီး ခေါင်းဆောင်တွေပါဝင်ဖို့တော့ ရှိတာပေါ့” ဟု ဆက်ပြောသည်။

ထို့အတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုအပါအဝင် ငြိမ်းချမ်းရေးတွင် ကြုံတွေ့နေရသည့် တစ်ဆို့မှုများ ဖြေရှင်းကျော်လွှားနိုင်ရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်တစ်ရပ် စနစ်တကျရေးဆွဲချမှတ်ပြီး အစိုးရ၊ တပ်မတော်ခေါင်းဆောင်များနှင့် ဆွေးနွေးသဘောတူညီမှုရယူရန် သဘောတူညီခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်၌ ပါရှိသည်။

သို့ရာတွင် အစိုးရငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “တရားဝင်ဆွေးနွေးပွဲတွေရပ်တန့်ပြီး ၇ လကြာတော့ Summit လုပ်တယ်၊ မပါသေးတဲ့လူတွေပါလာတယ်၊ မပါသေးတဲ့လူတွေပါဝင်ဖို့လိုသလို အခု NCA ထိုးပြီးသားလူတွေက ဒီ Process ကို ဆက်သွားနိုင်ဖို့ဟာလည်း လိုတယ်ဗျ၊ အဲဒါကိုတော့ တိတိကျကျရေးသား ဖော်ပြတာမျိုးတော့ ကြေညာချက်ထဲမှာ မတွေ့ရဘူး၊ တရားဝင်ဆွေးနွေးပွဲတွေ ဘယ်လိုလာမလဲဆိုတာ မတွေ့ရသေးဘူး၊ အဲဒါကိုတော့ အမြန်ဆုံးဆောင်ရွက်နိုင်ရင်ဖြင့် အကောင်းဆုံးပေါ့ဗျာ၊ မဟုတ်ရင်တော့ တစ်ဖက်နဲ့တစ်ဖက်ကြားမှာ ကြာသွားရင်တော့ ယုံကြည်မှုတွေ လျော့သွားတာလည်း ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

ထို့အတူ ကရင်အမျိုးသားအစည်းအရုံး KNU က တရားဝင်ဆွေးနွေးပွဲများဆိုင်းငံ့ခဲ့ပြီး ၇ လအကြာ ယခုကျင်းပသည့် ထိပ်သီးအစည်းအဝေးပြီးဆုံးပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေး အလွတ်သဘောကျင်းပနိုင်ရန် အစိုးရကိုယ်စားလှယ်များ မျှော်လင့်ထားကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

အလားတူ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည် တိုင်းရင်းသားအားလုံး၏ “ဘုံအကျိုးစီးပွား၊ ဘုံသဘောတူညီချက်”ဖြစ်သည့်အတွက် ၎င်းနှင့်ပတ်သက်ဆက်နွယ်မှုရှိသည့်အကြောင်းအရာများကို တွဲလုပ်ကြဖို့လိုအပ်သလို NCA စာချုပ်ကြောင့် အားလုံးနိုင်ငံရေးဆွေးနွေးခွင့် ရရှိနေခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံရေးဆွေးနွေးခွင့်များ ရပ်တန့်မသွားစေရန် သတိထားကြရန်နှင့် မိမိတို့ EAO များ၏ ညီညွတ်ရေးကိုလည်း တည်ဆောက်ကြရန် ထိပ်သီးညီလာခံ တတိယမြောက်နေ့ မေလ ၁၆ ရက်တွင် သဘာပတိအဖြစ်ဆောင်ရွက်သူ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က အဖွင့်မိန့်ခွန်းတွင် သတိပေးပြောကြားခဲ့သည်။

အဆိုပါ ထိပ်သီးအစည်းအဝေး(ပထမ)ပိုင်းကို မေလ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့ရာတွင် ထိပ်သီးခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ လေ့လာသူများ၊ နည်းပညာအထောက်အကူပြုများ စုစုပေါင်း ၈၀ ဦးခန့်တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ထိပ်သီးအစည်းအဝေး(ဒုတိယပိုင်း) ကိုလည်း မကြာမီလပိုင်းအတွင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း EAO ခေါင်းဆောင်များထံမှ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here