KNU အထွေထွေအတွင်းရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

“PPCM ကို ဖွဲ့တဲ့ရည်ရွယ်ချက်က လက်မှတ်ထိုးတဲ့ အဖွဲ့နဲ့ မထိုးတဲ့ အဖွဲ့တွေအကြား ကျယ်ကျယ်ပြန့်ပြန့် သွားနိုင်တဲ့ အနေအထားမျိုးကို ဖန်တီးနိုင်ဖို့ဖြစ်ပါတယ်”

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မေလ ၁၄မှ ၁၈ရက်နေ့အထိ ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁ဝဖွဲ့၏ NCA_EAOs ထိပ်သီးအစည်းအဝေးတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက လက်ရှိ ငြိမ်းချမ်းရေးဖော် ဆောင်မှုလုပ်ငန်းစဉ်ကို PPST စုဖွဲ့မှု ပုံစံမှ PPCM (Peace Process Consultative Meeting) လမ်းကြောင်းဖြင့် ဆက်သွားရန် အဆိုပြုချက်တစ်ရပ် ပြုလုပ်ခဲ့သည်။

ယင်းအဆိုပြုချက်အပေါ် EAOs ထိပ်သီးခေါင်းဆောင်များအကြား အဓိက ဆွေးနွေးစရာ ကဏ္ဍတစ်ခုဖြစ်ခဲ့သလို သဘောထားကွဲလွဲမှုများလည်း ထွက်ပေါ်လျက်ရှိသည်။ ၎င်းအဆိုပြုချက်ကိစ္စ အပါအဝင် ရှေ့ဆက် ကေအဲန်ယူ သွားမည့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ပဒိုစောတာဒိုမူးအား တွေ့ဆုံမေးမြန်းထားသည်များကို စုစည်းတင်ပြလိုက်ပါသည်။

ကေအိုင်စီ ။ ။ ပြီးခဲ့တဲ့ ချင်းမိုင် EAO ထိပ်သီး အစည်းအဝေးမှာ PPST ကနေ PPCM လမ်းကြောင်းကိုသွားဖို့ KNU က
အဆိုပြုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောပြပေးပါ။

ပဒိုစောတာဒိုမူး။ ။ PPST က ရှင်းရှင်းပြောရရင်တော့ ကျနော်တို့လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေကြားထဲမှာ စုဖွဲ့ ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တာပေါ့။ ဒါပေမဲ့ တကယ်လက်တွေ့မှာကျတော့ PPST ရဲ့ စုဖွဲ့မှုတွေက လက်မှတ်ထိုးတဲ့ အသိုင်းအဝိုင်းထဲမှာပဲရှိနေပြီးတော့ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှု အပိုင်း တွေမှာ အများကြီးအားနည်းတာ တွေ့ရတယ်။

ကျနော်တို့ ဖြစ်စေချင်တာက ဒီကနေ့ ကျနော်တို့ လက်မှတ်ထိုးထားတာက တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ညှိနှိုင်းမှုတွေ၊ သတင်းအချက်အလက် ဖလှယ်မှုတွေ တစ်ယောက်နဲ့ တစ်ယောက် အကြံပြုတာတို့ ဘာဖြစ်လဲဆိုတော့ လက်မှတ်ထိုးထားတဲ့အဖွဲ့ တွေ ဒီလို အခက်အခဲတွေ ကြုံနေရပြီး ကျော်လွှားသွားဖို့ ကြိုးစားနေရတဲ့အပိုင်းကို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ တွေလည်း သူတို့ဘယ်လိုအကြံပေးနိုင်လဲ။ သူတို့ရဲ့အခက်အခဲတွေကိုလည်း ကျနော်တို့ NCA ကို အခြေခံပြီးတော့ သွားကြမဲ့ အဖွဲ့အစည်းတွေကြားထဲမှာ ညှိနှိုင်းနိုင်တဲ့ ပုံစံတစ်ခုတော့ရှိသင့်တယ်။

အဲ့တော့မှပဲ တစ်နိုင်ငံလုံး အသွင်ဆောင်တဲ့ အပစ်ခတ်ရပ်စဲရေးကို ကျနော်တို့ ဖန်တီးလို့ရမှာဖြစ်တယ်။ ကျနော်တို့ (၈)ဖဲ့ွ၊ (၁၀)ဖွဲ့နဲ့တော့ ဖက်ဒရယ် တည်ဆောက်မှုမှာ ဒီလို နိုင်ငံရေး အခင်းအကျင်းအောက်မှာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါက ကျနော်တို့ လက်တွေ့ ကျနော်တို့ ကြုံတွေ့ရပြီးဖြစ်တယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့ ကေအဲန်ယူက အမှန်တကယ် နဂိုကတည်းက Progressive Realization ဆိုတဲ့ တစ်ဆင့်စီ တိုးတက်အောင်မြင်အောင် ကြိုးစားသွားမယ်ဆိုပေမဲ့ (၃)နှစ်ကျော်ပြီး တိုးတက်မှုက မရှိသလောက် နောက်ဆုတ်သွားတဲ့ အနေအထားလောက်ကို ကျနော်တို့ ပြန်ကြုံတဲ့အခါကျတော့ ဒီဖြစ်စဉ်နဲ့ လုပ်ငန်းစဉ်ကိုတော့ လုံးဝပြန်သုံးသပ်ဖို့တော့ လိုလာပြီး။ ဒီဖြစ်စဉ်အပေါ်မှာ ကျနော်တို့ သံန္ဓိဌာန်ထားရှိမှုအပေါ်မှာ ကျနော်တို့ မေးခွန်းထုတ်ရမဲ့ အပိုင်းတွေ ရောက်လာပြီး။

အဲ့ဒါကြောင့် ထိလွယ်ရှလွယ်ဖြစ်နေတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်အပိုင်းမှာ ကျနော်တို့ မမှားသင့်တာ မမှားရအောင် အတူတကွလုပ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းလည်း ရအောင်ဆိုတဲ့ အခြေခံတွေကြောင့် ကျနော်တို့ PPCM ကိုဖွဲ့လိုက်တာဖြစ်တယ်။ PPCM ကို ဖွဲ့တဲ့ရည်ရွယ်ချက်ကလည်း ကျနော်တို့ လက်မှတ်ထိုးတဲ့ အဖွဲ့နဲ့ မထိုးတဲ့ အဖွဲ့တွေအကြား ကျယ်ကျယ်ပြန့်ပြန့် သွားနိုင်တဲ့ အနေအထားမျိုးကို ကျနော်တို့ ဖန်တီးနိုင်ဖို့ဖြစ်ပါတယ်။

ကေအိုင်စီ ။ ။ KNU က အဆိုပြုတဲ့ PPCM လမ်းကြောင်းကို အခြားသော EAOs အဖွဲ့တွေက ဘယ်လိုသဘောထား ရှိပါသလဲ။

ပဒိုစောတာဒိုမူး။ ။ အမြင်ကတော့ တူညီတဲ့ အမြင်ရှိသလို တချို့လည်း ဆန့်ကျင်တဲ့ အမြင်မျိုးလည်းရှိကြပါတယ်။ ဒါကလည်း ထုံးစံပဲလေ။ လူ့သဘာဝအရ ကိုယ်က Comfort Zone ထဲရောက်ပြီးဆိုရင် ဒီ Comfort Zone ကနေ ထွက်ဖို့က တော်ရုံတန်ရုံ မစဉ်းစားချင်ကြဘူး။ ဒါက လူတိုင်းရဲ့ သဘောသဘာဝပဲ။ ဆိုတော့ EAO အဖွဲ့အစည်းတ ချို့ကလည်း လက်ရှိ အနေအထားကို မွေ့လျာ်တဲ့အနေအထားမှာ အပြောင်းအလဲတစ်ခုသွားဖို့ သူတို့မှာ အများကြီးကို စိန်ခေါ်မှုအကြီးကြီးလို့ သူတို့မြင်နေတယ်။

သူတို့ရဲ့ အမှန်တကယ် ဖက်ဒရယ်ပြည်ထောင်စုကိုသွားဖို့ ရည်မှန်းချက်ကို မေ့နေတတ်တဲ့ အဖွဲ့အစည်းတချို့ကိုလည်း တွေ့နေရတယ်။ အဲ့အတွက်ကြောင့် ကျနော်တို့က စုဖွဲ့မှုဆိုတာ နိုင်ငံရေးလိုအပ်ချက်နဲ့ ကြုံတွေ့ရတဲ့ နိုင်ငံရေး စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ ကျော်လွှားရမဲ့ စုဖွဲ့မှုသာလျှင် ဖြစ်သင့်တယ်။ ကျနော်တို့ရဲ့ စုဖွဲ့မှုဟာ ကျနော် တို့ရဲ့ Comfort Zone ဖန်တီးမှု မဖြစ်သင့်ဘူးဆိုတာကိုတော့ ကျနော်တို့ဘက်ကတော့ အဲ့လို ခံယူထားတယ်။

ဒါကြောင့် PPST ကနေ သွားနေရင်းနဲ့ကို ၂၀၂၀ ကနေ ရှေ့ဆက်သွားနိုင်ဖို့ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၂၀၂၀ အလွန်မှာ
ဆက်သွားနိုင်ဖို့ မသေချာမရေရာတဲ့ကာလမှာ PPST စုဖွဲ့မှုကနေ တစ်ခုခုမှားနေပြီးဆိုတာကိုတော့ ကျနော်တို့ သုံးသပ်သင့်ပြီး။ ကျနော်တို့ ကေအဲန်ယူ သုံးသပ်မှုက ဒီလို PPST စုဖွဲ့မှု ဒီလိုအတိုင်းသွားမယ်ဆို ရင်တော့ ၂၀၂၀ကိုကျော်လွှားနိုင်ဖို့ ကျနော်တို့ စိန်ခေါ်မှုတွေ
အများကြီးကြုံရလိမ့်မယ်။ ဒီလိုစိန်ခေါ်မှုနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုသွားနိုင်ဖို့ အခုကတည်းက လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ပြန်မွမ်းမံပြီးတော့ လိုအပ်တဲ့ စုဖွဲ့မှုအသစ်ကို ရှာကြံပြီးတော့ စဉ်းစားတာပဲဖြစ်ပါတယ်။

ကေအိုင်စီ ။ ။ PPCM အဆိုပြုချက်အပေါ် အခြား EAO တွေက လက်မခံဘူးဆိုရင် ကေအဲန်ယူအနေနဲ့ ဘယ်လို ဆက်သွားမလဲ။

ပဒိုစောတာဒိုမူး။ ။ ကျနော်တို့ကတော့ ဆက်ပြီးသွားမှာပဲလေ။ ကျနော်တို့ ကြားထဲမှာ ဖက်ဒရယ်သွားမယ်ဆိုတာ လူတိုင်းက ဖက်ဒရယ်သွားမှာပဲ။ အဲ့တော့ ကျနော်တို့ကြားထဲမှာ တူညီတဲ့ ကျနော်တို့နဲ့ ရည်မှန်းချက်ချင်း တူညီတဲ့ အဖွဲ့အစည်းတွေကြားထဲမှာ ကျနော်တို့
ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမှာဖြစ်ပါတယ်။

ကေအိုင်စီ ။ ။ PPCM ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပျက်သွားနိုင်တယ်ဆိုပြီး တခြား EAO တွေက ပြောဆိုသုံးသပ်တာမျိုးရှိတဲ့အပေါ် ဘာပြောချင်သလဲ။

ပဒိုစောတာဒိုမူး ။ ။ PPCM ကြောင့် ငြိမ်းချမ်းရေးပျက်မယ်လို့ သုံးသပ်တဲ့အပေါ် ကျနော် နှစ်ပိုင်းမြင်တယ်။ ပထမပိုင်းက PPCM က
ဘာလဲဆိုတာကို သူတို့ မရှင်းလင်းတဲ့အတွက်ကြောင့်ပဲဖြစ်တယ်။ ဒါကိုကျနော်တို့ ရှင်းပြခဲ့ပါ တယ်။ PPCM က PPST လို နောက်ထပ် Institution (အဖွဲ့)အသစ်ထောင်တာ မဟုတ်ဘူး။ သူက လက်မှတ်ထိုးတဲ့ အဖွဲ့နဲ့ မထိုးတဲ့အဖွဲ့ကြားမှာ အသိအမြင်တွေဖလှယ်ဖို့ အကြံပြုနိုင်ဖို့ ကျေကျေလည်လည် ဆွေးနွေးနိုင်ဖို့ တစ်နိုင်ငံ လုံးရဲ့အရေးမှာ၊ တိုင်းရင်းသားတွေရဲ့အရေးမှာ ဘယ်လိုအတူတကွ ရပ်တည်ချက်တွေ ချမှတ်ပြီးတော့ မတူညီတဲ့ လမ်းကြောင်းကနေ ဘယ်လိုအတူတကွဆက်သွားမယ်ဆိုတဲ့ အခြေခံတစ်ခုပေါ်မှာ သွားမှာဖြစ်တဲ့အတွက်ကြောင့် အဲ့လိုမြင်တဲ့သူတွေက ရှင်းရှင်းပြောရင် သူတို့အဖွဲ့ရဲ့ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ ကိုယ်ပိုင်အယူအဆ ကိုယ်ပိုင်မူဝါဒ တွေမှာ အားကောင်းမှု မရှိလို့ပဲလို့ ကျနော်တို့ သုံးသပ်မိပါတယ်။

ဘာကြောင့်လဲဆိုရင် EAO တချို့တွေမှာ သူတို့မှာ ကိုယ်ပိုင်ရပ်တည်ချက်ဆိုတာထက် Institution တစ်ခု ကို ဖွဲ့လိုက်တယ်။ အဲ့ဒီ Institution တစ်ခုရဲ့ အရိပ်ကိုခိုပြီးတော့ သူတို့ရဲ့ Comfort Zone ဖြစ်အောင် ဖန်တီးကြတဲ့ အလေ့အထက Border Politic လို့ပဲခေါ်မှာပေါ့၊ နယ်စပ်မှာ နှစ်ပေါင်း (၇၀)က ဒီလိုဟာမျိုးကို ကျနော်တို့ တောက်လျှောက် ကြုံရတာကိုး။ ကျနော်တို့ ကေအဲန်ယူက သူများနဲ့မတူတာက ကျနော်တို့မှာက ကိုယ်ပိုင် ပေါ်လစီရှိတယ်။ မူဝါဒ၊ အခြေခံမူ၊ လုပ်ငန်းလမ်းညွှန်ရှိတယ်။

ဒီလို လုပ်ငန်းလမ်းညွှန်နဲ့ အခြေခံမူတွေက တစ်နိုင်ငံလုံးနဲ့ ပတ်သက်နေပြီးတော့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ရဖို့အပိုင်းမှာ အဲ့လိုရည်ရွယ်ထားတဲ့ အခြေခံမူတွေရှိတယ်။ အဲ့အတွက်ကြောင့် အခု PPST ကိုသာ ဆက်သွားမယ်ဆို ရင် ကျနော်ထင်တာကတော့ အခြေအနေပိုပြီးတော့ ဆိုးသွားလိမ့်မယ်။ နောက်ဆုံး ၂၀၂၀မှာ လမ်းဆုံးသွားပြီးတော့ တကျော့ပြန် ပြန်မဖြစ်ဘူးလို့တော့ ကျနော်တို့ ပြောလို့မရဘူး။ ကျနော်တို့ အဲ့ဒါတွေကို ကြိုမြင်တဲ့အတွက်ကြောင့် တစ်နိုင်ငံလုံးအသွင်သဏ္ဍာန်ဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စကို အခြေခံတဲ့ တူညီမှုတွေ ရှာနိုင်ဖို့ပဲဖြစ်ပါတယ်။ မတူညီတဲ့အခြေခံကို အစိုးရနဲ့ တပ်မတော်တို့ဘက်က စဉ်းစားတဲ့နေရာမှာ မတူညီတဲ့အခြေခံကို တစ်စုထဲဖြစ်မှရမယ် ဆိုတဲ့ ပုံစံမျိုးသူတို့ တွေးနေတဲ့ နေရာကနေပြီးတော့ မတူညီတဲ့ အခြေခံကနေ မတူညီတဲ့ အဖွဲ့အစည်းတွေကြားထဲ မှာ စုစည်းပြီးတော့ အတူတကွ ဘုံရည်မှန်းချက် ဘုံရပ်တည်ချက် ချမှတ်ထားတဲ့အခြေခံနဲ့ ညှိနှိုင်းဆွေးနွေးတာ ပိုပြီး သင့်တော်တယ်။ ပိုပြီးအောင်မြင်နိုင်တယ်ဆိုတဲ့ အချက်ကိုပြစေလိုတာပဲဖြစ်ပါတယ်။

ဒါကိုပဲ PPST မှာပါတဲ့ EAO တချို့က PPST ကိုပဲ အစိုးရနဲ့ တပ်မတော်က အသိအမှတ်ပြုထားတယ်ဆိုပြီး နားလည်ထားတယ်။ အမှန်က ကျနော်တို့ လက်မှတ်ရေးထိုးထားတာက တစ်ဖွဲ့ချင်းစီကို အခြေခံပြီးထိုးထားတာ ဖြစ်ပါတယ်။ PPST ကနေ လက်မှတ်သွားထိုးတာ မဟုတ်ပါဘူး။ ဒါကြောင့် NCA အကောင်အထည်ဖော်တဲ့နေရာမှာ သက်ဆိုင်ရာ NCA ထဲမှာပါတဲ့ ကိုယ်စားလှယ်တိုင်းက အကောင်အထည်ဖော်ရတာဖြစ်တဲ့အတွက်ကြောင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ထိခိုက်မှုနဲ့ လုံးဝ မပတ်သက်ဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကောင်အထည်ဖော်ရမဲ့ အပိုင်းတွေမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေကပါဝင်ပြီး ဆက်ပြီး အကောင်အထည်ဖော်ရမှာပဲ။

ကေအိုင်စီ ။ ။ လက်ရှိ တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်သွားနိုင်ဖို့ KNU အနေနဲ့ ဘယ်လိုဆက်သွားဖို့ ရှိလဲ။

ပဒိုစောတာဒိုမူး။ ။ ကျနော်တို့ KNUက တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဖြေရှာနိုင်ဖို့ တရားဝင်တွေ့ဆုံမှု ကို ရပ်ဆိုင်းပြီးတော့ အလွတ်သဘောတွေ့ဆုံမှုနဲ့ စတင်ခဲ့တာပေါ့။ အဲ့လို စတင်မှုကို အခြေခံပြီးတော့ ကျနော်တို့ အစိုးရနဲ့ ညှိနှိုင်းမှုတွေလုပ်ခဲ့တာရှိတယ်။ တစ်ဖက်မှာလည်း လက်မှတ်ထိုးထားတဲ့ EAOs တွေနဲ့ ပူးပေါင်းလုပ်ဆောင် တာတွေလည်း ရှိတယ်။ ကျနော်တို့ KNU အနေနဲ့ကတော့ ဖက်ဒရယ်ကို ရောက်ရှိနိုင်ဖို့ လိုအပ်တဲ့ အဆင့်(၄)ဆင့်ပါ တဲ့ အဆိုပြုချက်တွေကို NRPC(အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန)ကို ပေးအပ်ခဲ့ပြီးပြီး။ ဘာကြောင့်လဲဆိုတော့ NCAထဲမှာ ဖက်ဒရယ်ကို ထူထောင်ကြမယ်ဆိုတဲ့ သဘောတူညီချက်က ရှိထားတယ်ဆိုပေမဲ့ ဘယ်လိုထူထောင်ကြမလဲဆိုတဲ့နေရာမှာ နိုင်ငံရေးရလဒ်နဲ့အညီ ထူထောင်မယ်လို့ ပြောတယ်။

အဲ့ဒီအတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေကို သွားနိုင်ဖို့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေကို ရေးဆွဲတဲ့အခါကျ တော့ လစ်ဟာနေတဲ့ အပိုင်းတစ်ပိုင်းရှိနေတယ်။ အဲ့ဒီဟာက ကျန်နေလို့ ကျနော်တို့ အခုလို အခက်အခဲကြုံနေရတာ ဖြစ်ပါတယ်။ အဲ့ဒီအပိုင်းကို ကျနော်တို့က ထောက်ပြပြီးတော့ လစ်ဟာနေတဲ့အပိုင်းက နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ထဲမှာ လက်ရှိ ဘာပါသလဲဆိုရင် ဘယ်သူတွေ ပါဝင်ဆွေးနွေးမလဲ၊ ဘယ်လိုအချိုးအစားနဲ့ ပါကြမလဲ၊ ဘယ်လိုဆုံး ဖြတ်မလဲ၊ ဘယ်လို အထောက်အကူပြုမဲ့ ယန္တရားတွေရှိမလဲ စသဖြင့်ပဲပါတယ်။ ဖက်ဒရယ်ရောက်အောင် ဘယ်လို သွားကြမလဲ။ ဖက်ဒရယ်အခြေခံမူတွေရအောင် ဘယ်လိုဆွေးနွေးကြမလဲဆိုတဲ့ ညှိနှိုင်းရမယ်ဆိုတဲ့အဆင့်က မပါနေ ဘူး။

အဲ့လို မပါတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံရေးဆွေးနွေးမှုတွေမှာ နှစ်ဖက်ကြားမှာ ကွာဟမှုတွေက များတဲ့အ တွက်ကြောင့် ဟိုအချက်တွေ ဆွေးနွေးလို့မရဘူး၊ ဒီအချက်တွေ ဆွေးနွေးလို့မရဘူးဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာတဲ့ နောက်ပိုင်းမှာ ကျနော်တို့ ဒီလိုပဲ လုပ်ငန်းစဉ်က ရပ်တန့်သွားတာပေါ့။ ကေအဲန်ယူအနေနဲ့ ဒီအချက်ကို ထောက်ပြ ပြီးတော့ အဆင့်(၄)ဆင့်ပါတဲ့ ဖက်ဒရယ်နိုင်ငံကို ရောက်ရှိနိုင်ဖို့ အခြေခံတဲ့ အဆိုပြုလွှာကို ကျနော်တို့ ဆက်လက် ဆွေးနွေးသွားဖို့ရှိပါတယ်။ အဲ့အတိုင်းပဲ ကျနော်တို့ ပြန်လည်ပြင်ဆင်မွမ်းမံသွားဖို့ ရှိပါတယ်။

ကေအိုင်စီ ။ ။ အဲ့ဒီ အဆင့်(၄)ဆင့်ဆိုတာ ဘာတွေဖြစ်မလဲ။

ပဒိုစောတာဒိုမူး။ ။ အဲ့ဒီအဆင့်(၄)ဆင့်မှာ ပထမဦးဆုံးမှာက အရေးကြီးဆုံးအဆင့်ဖြစ်ပါတယ်။ အဲ့ဒါက အပစ် အခတ်ရပ်စဲခိုင်မာဖို့ပဲ ဖြစ်ပါတယ်။ ကျနော်တို့ NCA ထဲမှာ အခန်း(၇)ခန်းရှိနေတယ်ဆိုပေမဲ့ အခန်းတိုင်းမှာလိုလို ဥပမာ အခန်း (၁)ဆိုရင် အခြေခံမူတွေဖြစ်ပေမဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ မတူကြပါဘူး။ ဒါကြောင့် အောက်ခြေမှာ နားလည်မှုတွေ မနည်းပြန်တည်ဆောက်ရတာရှိပါတယ်။ အခန်း(၃)မှာ တပ်ပိုင်းဆိုင်ရာ ကိစ္စမျိုးတွေဆိုရင် လက် မှတ်ရေးထိုးပြီး (၁၄)ရက်အတွင်းမှာ နှစ်ဖက်တပ်မှူးတွေအကြားမှာ တွေ့ဆုံပြီးတော့ အချိန်ဇယား သတ်မှတ်ပြီးတော့ လုပ်ငန်းစဉ် ချမှတ်မယ်ဆိုတာရှိပေမဲ့ အခု(၃)နှစ်ကြာပြီး မတွေ့ရသေးဘူး။

ထိုနည်းလည်းကောင်းပဲ အခန်း(၄)မှာလည်းပဲ အခန်း (၃)က အလုပ်မဖြစ်တဲ့အခါကျတော့ အခန်း(၄)က ကိုးလို့ကန့်လန့်တွေဖြစ်ပြီး ကျနော်တို့ကြားမှာ ယုံကြည်မှုတွေ ထိခိုက်လာတယ်။ နောက်ပြီး အခန်း(၆)ဆိုရင် အခု ထက်ထိ မဆွေးနွေးနိုင်သေးဘူး။ အခန်း(၇)မှာဆိုရင် အထူးသဖြင့် ပုဒ်မ (၃၀)မှာပါတဲ့ SSR/ DDR ဆိုတဲ့ကိစ္စတွေ ဆွေးနွေးရမယ်ဆိုတာ ဒါပေမဲ့ အခုက အဲ့ဒီဟာတွေ မရောက်နိုင်ဘဲနဲ့ ကျနော်တို့ DDR လို့ပဲ ပြောလို့ရတဲ့ လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စတွေ တွန်းလှန်တာတွေ တွေ့ရတယ်။ ဒါတွေကို ကြည့်လိုက်တော့ အခန်း (၅) ဆိုရင်လည်း နိုင်ငံရေး ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ခုဏကပြောတဲ့ ဟိုအချက်ဆွေးနွေးလို့ မရဘူး။ ဒီအချက်ဆွေးနွေး လို့ မရဘူးဆိုတဲ့ အခက်အခဲတွေ ကြုံရတာပေါ့။

အဲဒါကြောင့် ဒါတွေ အကုန်လုံးက အပစ်အခတ်ရပ်စဲရေးကို အဓိက ဦးတည်ပြီးတော့ ဘယ်လိုရှေ့ဆက် လုပ်ငန်းစဉ်မျိုး ချမှတ်သင့်လဲ၊ ဘယ်လို သန္ဓိဌာန်မျိုး ချမှတ်သင့်သလဲဆိုတဲ့အပိုင်း တစ်ပိုင်းရှိမယ်။ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်ကျတော့ ဖက်ဒရယ်ကို သွားတဲ့နေရာမှာ အဲ့အဆင့် (၃)ဆင့်နဲ့သွားမယ်။ အဲ့အဆင့် တွေက ဘာလဲဆိုတေ့ာ ပထမဦးဆုံး ကျနော်တို့ ပြည်နယ်တွေကို ပိုပြီး အားကောင်းခိုင်မာဖို့ ဗဟိုအစိုးရအတွက် လည်း လွယ်လွယ်ကူကူနဲ့ ညှိနှိုင်းနိုင်လောက်တဲ့ ဖက်ဒရယ်သရုပ်လည်း ပုံဖော်လာနိုင်လောက်တဲ့ အချက်တွေကို ပထမဦးဆုံံးအနေနဲ့ ထည့်သွင်းဆွေးနွေးသွားနိုင်ဖို့ ကျနော်တို့ ပြင်ဆင်ထားတာရှိတယ်။

ဒုတိယအဆင့်ကျတော့ ခုနကပြောတဲ့ အချက်တွေကို ပိုခိုင်မာလာစေပြီးတော့ ပြည်နယ်တွေမှာ ပိုပြီးတော့ ဖက်ဒရယ် Principle တွေကို ပိုပြီး လက်ခံလာနိုင်ပြီးတော့ ဒီမိုကရေစီ ပြောင်းလဲမှုတွေ အစပျိုးသွားနိုင်တဲ့ ပုံစံမျိုး လေးရှိမယ်။ နောက်ဆုံးအဆင့်က ပိုပြီးတော့ ဗဟိုအစိုးရ ပြုပြင်ပြောင်းလဲမှုအပိုင်းနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းတဲ့အပိုင်းမှာ ဘယ်လို ကျနော်တို့ ပြည်နယ်တွေမှာ အခြေခံတဲ့ လုံခြုံရေးစနစ်ပဲခေါ်ခေါ်၊ ပြည်ထောင်စု လုံခြုံရေးစနစ်ပဲခေါ်ခေါ် အဲ့ဒီကိစ္စတွေမှာ နောက်ဆုံး ကျနော်တို့ ဆွေးနွေးသွားမဲ့ပုံစံမျိုးကျနော်တို့ အဆိုပြုထားတာ ရှိပါတယ်။

ကေအိုင်စီ ။ ။ ဒီလို အဆင့်(၄)ဆင့်ပါတဲ့ လမ်းကြောင်းနဲ့ သွားမယ်ဆိုရင် အခွင့်အရေးနဲ့ စိန်ခေါ်မှုတွေက ဘာတွေ ရှိမလဲ။

ပဒိုစောတာဒိုမူး။ ။ စိန်ခေါ်မှုကတော့ နေရာတိုင်းမှာရှိပါတယ်။ ပြောချင်တာက ပထမဦးဆုံးတစ်ချက်ကတော့ ဘာ ကြောင့် ကျနော်တို့ ဒီလို တောင်းဆိုရတာလဲဆိုတာကိုပေါ့။ အမှန်တကယ်က ဒီကိစ္စက နှစ်ဖက်ညှိနှိုင်းပြီးတော့ NCA အရ နားလည်မှု ကွဲလွဲတဲ့အချက်တွေကို ပြန်ပြီးညှိနှိုင်းလိုက်မယ်ဆိုရင် အဆင်ပြေသွားမှာပါ။ ဒါပေမဲ့ အဲ့လို အနေအ ထားတွေမှာမရှိဘဲနဲ့ မတူညီတဲ့ အပိုင်းကနေပဲ NCA ကို အကောင်အထည်ဖော်တဲ့နေရာမှာ ကွာဟမှုတွေ ပိုပိုကြီးလာ တဲ့အတွက်ကြောင့်မို့လို့ ကွာဟမှုတွေကို ကျော်လွှားနိုင်ဖို့က ခုဏကပြောသလိုပဲ အလွတ်သဘော ဆွေးနွေးမှုတွေ ကနေပြီးတော့ ဆက်ပြီးဆွေးနွေးသွားဖို့လိုတယ်။

အဲ့ဒီ ဆွေးနွေးပွဲ အခြေခံရဲ့ တိုးတက်မှုအပေါ်မှာ မူတည်ပါတယ်။ စိန်ခေါ်မှုအနေနဲ့ကတော့ အစိုးရ၊ တပ်မ တော်တို့ကြားထဲမှာ ဘယ်လောက်ထိ သူတို့ ဘုံရည်မှန်းချက် ချမှတ်နိုင်သလဲ၊ သူတို့ ဘယ်လောက်ထိ ဖက်ဒရယ် နိုင်ငံကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်နိုင်တဲ့ သံန္ဓိဌာန်ဘယ်လောက်ထိရှိသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျနော် တို့ဘက်ကတော့ ဒီလို ဖက်ဒရယ်နိုင်ငံမျိုးလိုချင်ပါပြီးဆိုတာကို ကျနော်တို့က ထုတ်ဖော်ပြလိုက်ပြီး။ သူတို့ဘက်က လည်း ဘယ်လောက်ထိ ဘယ်လို ဖက်ဒရယ်မျိုးလိုချင်သလဲဆိုတဲ့အပိုင်းကို ပုံတော့ပေါ်လာမှာဖြစ်တယ်။ အဲ့ဒီအခြေ ခံပေါ် မူတည်ပြီးတော့ ကျနော်တို့ ညှိနှိုင်းဆွေးနွေးသွားဖို့ရှိပါတယ်။

ကေအိုင်စီ ။ ။ ဒီလိုသွားမဲ့ လမ်းကြောင်းနဲ့ဆက်စပ်ပြီးတော့ ပြီးခဲ့တဲ့ ချင်းမိုင် EAO ထိပ်သီးအစည်းအဝေးရလဒ်နဲ့ ကော ဘယ်လို ဆက်စပ်မှုရှိလဲ။

ပဒိုစောတာဒိုမူး။ ။ သွားမဲ့ လမ်းကြောင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဖက်ဒရယ်နိုင်ငံ ကို တည်ဆောက်တဲ့နေရာမှာ လောလောဆယ်မှာတော့ ကေအဲန်ယူကနေပြီးတော့ Initiative (ပဏာမခြေလှမ်း) ပြန်ယူပြီးတော့ ကျနော်တို့ ဒီလိုမျိုး အဆင့် (၄)ဆင့်ကို ပြန်တင်ပြလိုက်တဲ့အချက်မှာ အခြား EAO တွေရဲ့ ပါဝင်မှု တွေလည်း ရှိလာတာပေါ့နော်။ EAO တွေကြားမှာ ညှိနှိုင်းမယ်။ ဘုံရည်မှန်းချက်ကို အခြေခံပြီးတော့ အရှေ့ကို အတူ ဆက်သွားနိုင်တဲ့ အနေအထားရှိတာပေါ့။ အဲ့အတွက်ကြောင့် ကျနော်တို့ ပြီးခဲ့တဲ့ ချင်းမိုင်အစည်းအဝေးက EAO တွေ ကြားမှာ အဆင့်(၄)ဆင့်ကို ဆက်ပြီးဆွေးနွေးသွားဖို့ ပိုပြီးတော့ကောင်းအောင် ပြုလုပ်သွားနိုင်ဖို့ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ လည်း ဖွဲ့ထားတာရှိတယ်။ အဲ့ဒီအဖွဲ့ကို အခြေခံပြီးတော့ ကျနော်တို့ ဆက်လက်ပြီး ပါဝင်သွားမှာဖြစ်တယ်။

ကေအိုင်စီ ။ ။ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားမရဆုံးအပိုင်းက ဘယ်အပိုင်းဖြစ်မလဲ။

ပဒိုစောတာဒိုမူး။ ။ အားမရဆုံးအပိုင်းက NCA အပေါ်မှာ မတူညီစွာပဲ အဓိပ္ပာယ်ဖွင့်ဆိုပြီးတော့ အပစ်အခတ် ရပ်စဲမှု ကို အကောင်အထည်ဖော်မှုကို ထဲထဲဝင်ဝင် မလုပ်နိုင်တဲ့ အပိုင်းကိုပဲ အားမရဆုံးအပိုင်းပဲဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကျဆုံးသွားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် အကောင်အထည်ဖော်မှုကို တိတိပပ အကောင်အထည်မဖော်နိုင်လို့ပဲ ဖြစ်ပါတယ်။

အဲ့အတွက်ကြောင့် အောင်မြင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြစ်ချင်တဲ့အတွက် ကျနော်တို့က အကောင်အ ထည်ဖော်မှုတွေ အားကောင်းအောင် ကျနော်တို့ ထပ်ပြီးတော့ အခုလို ကျနော်တို့ တောင်းဆိုထားခြင်းဖြစ်ပါတယ်။

ကေအိုင်စီ ။ ။ KNU က တရားဝင်ဆွေးနွေးမှုတွေ ရပ်ဆိုင်းထားတာကြောင့် တရားဝင်ဆွေးနွေးမှုတွေ ပြန်စနိုင်ဖို့ဆိုရင် ဘယ်လိုအခြေအနေမျိုးမှ ပြန်စနိုင်မှာလဲ။

ပဒိုစောတာဒိုမူး။ ။ ကျနော်တို့ အဲ့ဒီ အဆင့်(၄)ဆင့်ကို ဆွေးနွေးသွားမယ်။ အဲ့ဒီအဆင့်(၄)ဆင့်က NCA ခိုင်မာရေး၊ အကောင်အထည်ဖော်မှု အားကောင်းရေးကနေ စပြီးတော့ ဖက်ဒရယ်ရောက်ရှိရေးဆိုတဲ့ အဆင့်(၄)ဆင့် ဖြစ်တဲ့အ တွက်ကြောင့် ဒီအဆင့် (၄)ဆင့်ကို ဘယ်လိုလုပ်ငန်းစဉ်ချမလဲဆိုတာ အရင်ဆွေးနွေးပြီးတော့ အဲ့ဒီဆွေးနွေးမှုကရ တယ်ဆိုရင် ကျနော်တို့ နောက်ထပ်တစ်ခါ ထပ်မံပြီးတော့ သံန္ဓိဌာန်ပြုပြီးတော့ စာချုပ်လက်မှတ်ရေးထိုးတဲ့ အဆင့် တစ်ဆင့် ရှိပါ့လိမ့်မယ်။ အဲ့ဒီစာချုပ်လက်မှတ်ရေးထိုးပြီးရင် အဲ့ဒီအဆင့်အပေါ် အခြေခံပြီး မူဘောင်ကို ပြန်လည်သုံး သပ်ပြီး ပြင်ဆင်ရေးဆွဲရမှာဖြစ်ပါတယ်။

ကျနော်တို့ ၂၀၂၀ မတိုင်ခင် ဘယ်လိုသဘောတူညီမှုရအောင် ယူသွားကြမလဲ၊ ၂၀၂၀ အလွန်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်သွားမယ်ဆိုတဲ့ ရည်မှန်းချက်က ကျနော်တို့ အခုကြိုးစားနေတာဖြစ်ပါတယ်။ အဲ့အ ချက်တွေကို ခုဏက ပြောတဲ့ အဆင့်(၄)ဆင့်မှာရပြီးဆိုရင် ကျနော်တို့ ခုဏကပြောတဲ့ သဘောတူစာချုပ် ထပ်မံပြီး ချုပ်ဆိုဖို့ လိုအပ်ပါမယ်။ ဒီအခင်းအကျင်းပြီးသွားရင် ဒီစာချုပ်ကိုပဲ အစိုးရအဆက်ဆက်က ဆက်ပြီး အကောင်အ ထည်ဖော်နိုင်အောင် UPC ကျင်းပဖို့လိုမယ်။ UPC ကနေတစ်ဆင့် လွှတ်တော်ကိုပို့ပြီးတော့ လွှတ်တော်ကနေတစ် ဆင့် အတည်ပြုပြီးတော့ နိုင်ငံမှာ ဘယ်အစိုးရပဲတက်တက် အနာဂတ်မြန်မာနိုင်ငံကို ဒီလိုမျိုး အဆင့်(၄)ဆင့်အခြေခံ ကနေသွားမယ်ဆိုတဲ့ ကတိကဝတ်ရတာ ပိုအရမ်းကို တန်ဖိုးရှိပြီးတော့ အားလုံး ဝမ်းသာနိုင်တဲ့ အနေအထားတစ်ခု ဖြစ်ပါတယ်။ ဒီလိုအနေအထားကနေတစ်ဆင့် ကျနော်တို့နိုင်ငံကို တည်တည်ငြိမ်ငြိမ်နဲ့ တစ်ဆင့်ချင်း တိုးတက် အောင်မြင်အောင် တည်ဆောက်သွားနိုင်မှာဖြစ်ပါတယ်။