တစ်ဖက်စွန်း အမျိုးသားရေးတည်ဆောက်မှု ရှောင်ရှားရန် လူငယ်များအား KNU တိုက်တွန်း

0
207

မတူညီသည့် တိုင်းရင်းသားများနေထိုင်ရာ နိုင်ငံဖြစ်သည့်အတွက် တစ်ဖက်စွန်းအမျိုးသားရေး တည်ဆောက်မှုကို ရှောင်ရှားကြ ရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်ရုံးခန်းမ၌ မေလ ၂၃ ရက်နေ့က ကျင်းပသည့် နှစ် ၃ဝ ပြည့် ကရင်လူ
ငယ်အစည်းအရုံး-KYOနေ့ အခမ်းအနားတွင် KNU အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက တိုက် တွန်းပြောဆိုသည်။

လူငယ်တွေအနေဖြင့် မိမိလူမျိုးသော်လည်းကောင်း၊ နိုင်ငံတော်အတွက်သော်လည်းကောင်း နိုင်ငံနှင့်ကိုက်ညီပြီး လုပ်ဆောင်ရမည့် ကိစ္စရပ်များကို မတူညီသည့် တိုင်းရင်းသားများနေထိုင်ရာ နိုင်ငံဖြစ်သည့်အတွက် တစ်ဖက်စွန်းအမျိုးသားရေးတည် ဆောက်မှုကို သတိထားရှောင်ရှားရမည်ဟု အခမ်းအနားတွင် ပဒိုစောလှထွန်းက ပြောသည်။

“လူမျိုးရေး အဓိကရုဏ်းအလိုမရှိဘူးဆိုတဲ့ တောင်းဆိုချက်ဟာ အမျိုးသားရေးတစ်ဖက်စွန်းမဖြစ်ဖို့ အခြေခံအချက်ဖြစ်ပါတယ်။ အနာဂတ်လူငယ်တွေကို တည်ဆောက်ပြုစုပျိုးထောင်မှု မလုပ်ပေးဘူးဆိုရင် လူမျိုးရဲ့ဂုဏ်ဝိသေသ လက္ခဏာဖြစ်တဲ့စာပေစကား ဘာသာ၊ ယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့တွေ ပျောက်မှာဖြစ်တယ်။ အပြန်အလှန်နားလည်မှု လေးစားအသိမှတ်ပြုမှုကို အခြေခံပြီး လူငယ်ခေါင်းဆောင်အားလုံး
ဖက်ဒရယ်ပြည်ထောင်စုကြီးကို ညီညီညွတ်ညွတ်နဲ့ တည်ဆောက်သွားကြပါ” ဟု ပဒိုစောလှထွန်း က ပြောသည်။

နှစ် ၃ဝ ပြည့် ကရင်လူငယ်အစည်းအရုံး-KYO နေ့ကို KNU ခရိုင် ၇ခုရှိ ကရင်လူငယ်အစည်းအရုံး ခေါင်းဆောင်များနှင့် ဒေသ အသီးသီးမှ တိုင်းရင်းသားလူငယ်အဖွဲ့ ကိုယ်စားလှယ်များ စုစုပေါင်း ၁,ဝဝဝ နီးပါး တက်ရောက်လျက်ရှိပြီး KYO သမိုင်းပြခန်း၊ ကရင်စာပေယဉ်ကျေးမှုဆိုင်ရာ သမိုင်းပြခန်းအပြင် KNU ၏ ငြိမ်းချမ်းရေးဖြစ်စဉ် မှတ်တမ်းပြခန်းများပါ ထည့်သွင်းခင်းကျင်းပြသခဲ့သည်။

မွန်လူငယ်များ ဆုံရပ်အဖွဲ့မှ အထွေထွေအတွင်းရေးမှူး မင်းဇာနည်ဦးက “အေးအတူပူအမျှ တစ်မြေထဲနေ၊ တစ်ရေထဲသောက်ခဲ့ပြီး မတူကွဲပြားမှုတွေကို အသိမှတ်ပြုတဲ့အနေနဲ့ တက်ရောက်လာတာပါ။ ကျနော်တို့ တိုင်းရင်းသားတွေကြားမှာလည်း မကြာမကြာ ပဋိပက္ခဖြစ်နေကြရတယ်။ အမွေဆိုးတစ်ခုလို မြင်မိတယ်။ ကျနော်တို့တွေ အမွေဆိုးတွေကို မဆုပ်ကိုင်ထားကြဖို့ပေါ့နော်။ ကောင်းမွန်တဲ့အမွေတွေ ဆက်ခံသွားကြပြီးတော့ အပြန်အလှန်လေးစားဖို့ လိုတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုနေ့ အခမ်းအနားတွင် ကရင်လူငယ်အစည်းအရုံး ဥက္ကဌ စောလယ်နယ်မှ ပဘာပတိအဖြစ် အဖွင့်အမှာစကားပြောကြားခြင်း၊ KOA (Karen organization of America) အဖွဲ့၊ SYCB (Students and Youth Congress of Burma) အဖွဲ့မှ ပေးပို့သော သဝဏ်လွှာဖတ်ကြားပြီးနောက် အားကစားပြိုင်ပွဲဆုရရှိသည့် လူငယ်များကို ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ကရင်လူငယ်အစည်းအရုံး-KYOကို ၁၉၄၆ခုနှစ်တွင် စတင်ဖွဲ့စည်းလာခဲ့ပြီး ခေါင်းဆောင်ပိုင်းသဘောထားကွဲလွဲမှုကြောင့် အဖွဲ့၏ လှုပ်ရှားမှု နှစ်အနည်းငယ်ရပ်တန့်သွားခဲ့သည်။ ယခင် KNU ဌာနချုပ်ဟောင်း မာနယ်ပလော၌ ၁၉၈၉ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းနိုင်င်ခဲ့ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here