29 March 2024 /

See today's Peace Related News

လူငယ်များချိတ်ဆက်မှုအားကောင်းစေရန် ကရင်ဖြူလူငယ်အဖွဲ့ ဖွဲ့စည်း

ဒေသအသီးသီးရှိ ကရင်ဖြူလူငယ်များချိတ်ဆက်မှုအားကောင်းစေရန်နှင့် ကရင်ဖြူအရေး စုပေါင်းလုပ် ဆောင် နိုင်ရန်ရည်ရွယ်ပြီး နေပြည်တော်ကောင်စီနယ်မြေ အောင်နန်းချိုကျေးရွာတွင် လူငယ်များစုပေါင်း၍ ကရင်ဖြူလူငယ်အဖွဲ့အစည်း(Karenphyu Youth Organization- KPYO)ကို ဖွဲ့စည်းတည်ထောင်လိုက်သည်။

အောင်နန်းချိုကျေးရွာတွင် ဇွန်လ ၂ ရက်မှ ၃ရက်အထိ ကျေးရွာအသီးသီးရှိ ကိုယ်စားပြု ကရင်ဖြူလူငယ် ၆၀ ကျော်မှ တွေ့ဆုံကာ ကရင်ဖြူလူငယ်အဖွဲ့ ဖွဲ့စည်းပုံ၊ မူဝါဒ စုပေါင်းရေးဆွဲအတည်ပြု ပြီးနောက် ကရင်ဖြူလူငယ်အဖွဲ့အစည်း-KPYOကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ဖွဲ့စည်းလိုက်သည့် ကရင်ဖြူလူငယ်အဖွဲ့အစည်း -KPYO ဥက္ကဌ စောသန်းတိုးအောင်က“ ကျနော်တို့ ကရင်ဖြူလူ ငယ်တွေက ကိုယ့်အမျိုးသားရေးအတွက် ဒီထက်မက လုပ်စေချင်တယ်။ အဲဒါကြောင့် သေချာတဲ့ မူဘောင်တစ် ခုရှိမှ အဆင်ပြေမှာဖြစ်လို့ အဖွဲ့မဖွဲ့ခင်အဖွဲ့အကြောင်း၊ အဖွဲ့ရဲ့ဖွဲ့စည်းပုံမူဝါဒရေးဆွဲအတည်ပြုပြီးမှ အဖွဲ့ကို ဖွဲ့တာ ဖြစ်တယ်။ အရင်က ကရင်ဖြူလူငယ်ကွန်ယက်ဖွဲ့စည်းထားတာရှိတယ် ။ ဒါပေမယ့် သေချာတဲ့မူဘောင်မရှိတော့ အခုကအဖွဲ့အစည်းကို ပြန်ဖွဲ့တာဖြစ်တယ်” ဟုပြောသည်။

ထို့အပြင် ကရင်ဖြူလူငယ်များအချင်းချင်း ချိတ်ဆက်မှုအားကောင်းစေရန်မကဘဲ ကရင်ဖြူအရေးနှင့် ကရင် အမျိုးသားရေးအတွက် ကျရာအခန်းကဏ္ဍတွင် ပူးပေါင်းလုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်ထားကြောင်းလည်း တာဝန်ရှိသူများက ပြောဆိုသည်။

ထိုသို့ဖွဲ့စည်းလိုက်ရာတွင် အဖွဲ့အစည်း ဖွဲ့စည်းပုံအရ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး စသည့် တာဝန်များကို ထမ်းဆောင်မည့် ခေါင်းဆောင်များကိုအသီးသီး ရွေးချယ်တင်မြောက်ခဲ့ကြသည့်အပြင် အဖွဲ့အစည်း လုပ်ငန်း များဖော်ဆောင်နိုင်ရေးအတွက် စည်းရုံးရေးနှင့်ပြန်ကြားရေး၊ မဟာမိတ်ဆက်ဆံရေး၊ သဘာဝပတ်ဝန်းကျင်စသည့် တာဝန်ခံများကိုပါ ရွေးချယ်တင်မြောက်ခဲ့ကြသည်။

ကရင်ဖြူမျိုးနွယ်စုသည် လက်ရှိအချိန်တွင် မျိုးနွယ်စု၏ စာပေယဉ်ကျေးမှုများ ဖော်ထုတ်မှုအားနည်း သေးသည့်အတွက် ပြန်လည်ဖော်ထုတ်မြှင့်တင်နိုင်ရေးအပါအဝင် အခြားသော ကရင်ဖြူအရေး ဆိုင်ရာ ကိစ္စရပ်များတွင် ကြိုးပမ်းလုပ်ဆောင်နေကြဆဲဖြစ်သလို ယခုဖွဲ့စည်းလိုက်သည့် ကရင်ဖြူလူငယ် အဖွဲ့အစည်းကိုလည်း ကရင်ဖြူရေးရာကော်မတီမှ ကမကထပြုဖွဲ့စည်းပေးခြင်းဖြစ်သည်ဟု သိရသည်။

ကရင်ဖြူရေးရာ ကော်မတီဥက္ကဌ စောစိုးနိုင်က “ ကိုယ့်ကရင်ဖြူအရေးကို ကရင်ဖြူရေးရာကော်မတီတစ်ခုပဲ လုပ်ဆောင်မနိုင်ဘူး။ လူငယ်အင်အားက အရမ်းလိုတယ်။ လူငယ်တွေ ကပိုပြီးလုပ်ဆောင်နိုင်တယ်။ အဓိက လူငယ်တွေကို လုပ်ဆောင်နိုင်ဖို့၊ လုပ်ဆောင်စိတ်ရှိဖို့ အချိတ်အဆက်တွေအားကောင်းဖို့ လမ်းဖွင့်ပေးရမယ်။ အဲဒါကြောင့် ဒီလူငယ်အဖွဲ့အစည်းကို ဖွဲ့စည်းခိုင်းလိုက်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ပြောသည်။

စနစ်တကျစတင်ဖွဲ့စည်းလိုက်ပြီဖြစ်သည့် အဆိုပါ ကရင်ဖြူလူငယ်အဖွဲ့အစည်း-KPYO၏ လူငယ်ရေးရာမူဝါဒနှင့် ဖွဲ့စည်းပုံရေးဆွဲအတည်ပြုရာတွင် ကရင်ရေးရာကော်မတီ-KACနှင့် Youth Circle အဖွဲ့မှလည်း ပူးပေါင်းပါဝင်ကူညီမှုများ ဆောင်ရွက်ပေးသည်ဟု သိရသည်။

ကရင်ဖြူမျိုးနွယ်စုများသည် နေပြည်တော်ကောင်စီနယ်မြေတွင် အများဆုံးနေထိုင်သည့်အပြင် ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်နှင့် ပဲခူးတိုင်းတို့တွင်ပျံ့နှံ့ နေထိုင်လျက်ရှိ ကာ လက်ရှိအချိန်တွင် ကရင်ဖြူလူဦးရေ ငါးသောင်းအထက်ရှိသည်ဟု ကရင်ဖြူရေးရာကော်မတီထံမှ သိရ သည်။