“အင်အား ၅သောင်းရှိပါလျက်နဲ့ လွှတ်တော်ရုံးကလည်း ကရင် ဖြူတွေ ရွာနားမှာရှိပါလျက်နဲ့ ကရင်ဖြူတွေ လွှတ်တော်အထိ ဝင်ရောက် အရွေးချယ်ခံပိုင်ခွင့်မရှိတာ၊ မတက်နိုင်တာကို တော်တော်စိတ်မကောင်းဘူ” ကရင်ဖြူရေးရာကော်မတီ ဥက္ကဌ စောစိုးနိုင်

ကရင်ဖြူရေးရာကော်မတီ ဥက္ကဌ စောစိုးနိုင်အား ကေအိုင်စီ-ကရင်သတင်းဌာနက ဇွန်လဆန်းတွင် သွားရောက်တွေ့ဆုံမေး မြန်းထားခြင်းကို ဖော်ပြလိုက်ပါသည်။

ကေအိုင်စီ။ ။ ကရင်ဖြူရေးရာကော်မတီကိုဘယ်ခုနှစ်ကစပြီး ဘယ်လိုပုံစံဖွဲ့စည်းခဲ့တာလဲ။

ကရင်ဖြူရေးရာကော်မတီကို ကျနော်တို့ ၂၀၁၅ မှာ စတင်ဖွဲ့စည်းတည်ထောင်တယ်။ ဘာကြောင့် ဖွဲ့စည်းလဲဆိုတော့ ၂၀၁၄သန်းခေါင်စာရင်းမှာ ကရင်ရဲ့အောက်မှာ ကရင်ဖြူမျိုးနွယ်စုဆိုတာ ပါလာတယ်။ ကုဒ်နံပါတ်က ၃၀၂ ပါလာရဲ့သားနဲ့ သန်းခေါင်စာရင်းရောက်လာတဲ့အချိန်ကျတော့ မင်းတို့က ကရင်မဟုတ်ဘူး။ မင်းတို့ဒီကုဒ်ကို ပြောင်းထည့်ပါဆိုပြီး လာစည်းရုံး တဲ့အချိန်မှာ ဒီက ကျနော်တို့ ရပ်မိရပ်ဖတချို့က ငါတို့က ကရင်ဖြူဖြစ်တယ်။ ငါတို့ကုဒ်ကို ငါတို့ပေးမှရမယ်ဆိုပြီးတော့မှ အဲဒီမှာ အတိုက်အခံ အကြီးအကျယ် စကားများတယ်။ အငြင်းအခုန်ဖြစ်တယ်၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရန်တောင်ဖြစ်တယ်။ ကျနော်တို့ ဒီလောက်လုပ်တာတောင် မပါတဲ့သူတွေရှိတယ်။ အဓိကကတော့ နေပြည်တော်ကောင်စီနယ်မြေမှာရှိတဲ့ ဥပမာ အလယ်ချောင်းအုပ်စုဆိုရင် ယခင်တုန်းက ဂယ်ခိုပေါ့နော်။ ဂယ်ခိုလို့ပဲ ကျနော်တို့သိတယ်။ ဂယ်ခိုလို့ပဲခေါ်တယ်။ ၂၀၁၀ နောက်ပိုင်း ဒီမိုကရေစီအစိုးရတက်လာပြီး နောက်ပိုင်းမှာကျတော့ သူက ကယန်းလို့ခေါ်တယ်။ ကယန်းလို့ အမည် ပြောင်းတယ်။ ကရင်လို့ သူ နာမည်မခံယူတော့ဘူး။ ကရင်မျိုးနွယ်စုထဲမှာလည်း မခံယူတော့ဘူး။ အဲဒီအပြင်ကို ကျနော်တို့နယ် က်ကို မင်းတို့က ကရင် မဟုတ်ဘူး၊ ကယန်းဖြစ်သွားပြီ။ ကယန်းမှတ်ပုံတင် ပြောင်းပါဆိုပြီး လာစည်းရုံးတော့ အဲဒီလိုအတိုက်အ ခံတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အခုထိလည်း ကျနော်တို့အင်အားကို တနည်းမဟုတ်တနည်း မျက်လှည့်ယူသွားဖို့ ရှိပါသေးတယ်။ စာမတတ် ပေမ တတ်တဲ့သူကို မင်းတို့က ကယန်းပါဆိုပြီး ကြိတ်ပြီး ကြိုးစားနေတာတွေရှိတယ်။ နောက်ပိုင်းကျ ကျနော်တို့ကရင်ဖြူကို ဖော် ထုတ်မှ ရမယ်ဆိုပြီးတော့မှ ကျနော်တို့စဖွဲ့တယ်။ ဖွဲ့ပြီးတော့မှ နှစ်သစ်ကူးကို ပြန်ကျင်းပတယ်။ ၅ကြိမ်လောက်ကျင်းပပြီးတော့မှ ကျနော်တို့ ဒီအခြေအနေအထိ ရောက်လာတာ။
image.png

ကေအိုင်စီ။ ။ ကရင်ဖြူရဲ့ စာပေ၊ စကား၊ ယဉ်ကျေးမှှုအခြေအနေက ဘယ်လိုရှိပါသလဲ။

တိုင်းရင်းသားစာပေအနေနဲ့ ကရင်ဖြူဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတွေကတော့ စကောကရင် စာပေသင်ဖို့ အား သန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့သော ခရစ်ယာန်ဘာသာဝင်တွေက သမ္မာကျမ်းစာမှာ များသောအားဖြင့် စကောစာနဲ့ ဆိုတော့ နည်းနည်း ထိတွေ့မှုများတာပေါ့နော်။ စကောစာကို သင်ဖို့လည်း သူတို့က အားသန်တယ်။ ကရင်ဖြူတွေနေထိုင်တဲ့ဒေ သက အစိုးရကျောင်းတွေမှာ စကောစာသင်ဖို့ ဆရာ၊ဆရာမ ၄၀ကို ကျနော်တို့ သင်တန်းတစ်လ ပေးပြီးပါပြီ။ တကယ့်တကယ် ဒီ order ထွက်တဲ့အခါ မတော်လို့များ ပါလာပြီဆိုလို့ရှိရင် ဒီဆရာ၊ဆရာမတွေကို ကလေးတွေကို တိုက်ရိုက်ပြန်သင်ဖို့က ဒီဆရာ၊ဆရာမတွေကို သင်တန်းထပ်ပေးဖို့လိုလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကပြောတာ ကရင်ဖြူစကား။ တကယ့် တကယ်သင်တာက စကောစာဆိုတော့ သူတို့မှာ အခြေခံနည်းနည်းတော့ လိုသေးတယ်။

အဓိက ကျနော်တို့အခက်အခဲကတော့ ငွေရေးကြေးရေး အခက်အခဲအရမ်းရှိပါတယ်။ နည်းပညာတွေ ပညာရှင်တွေ လို တယ်။ သွားရေးလာရေး အခက်အခဲလည်းရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာ ဘာအဖွဲ့အစည်းမှ မရှိတဲ့အခါကျ တော့ ဥပမာ ကျနော်တို့ နေရာတစ်နေရာကနေ တစ်နေရာကို သွားမယ်၊ ထိတွေ့မှုတွေလုပ်မယ်ဆို စည်းရုံးရေးလုပ်မယ်၊ စုစည်း မယ်ဆိုတဲ့အချိန်မှာကျတော့ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတယ်။ ကျနော်တို့ဆီမှာ ဆိုင်ကယ်ပဲရှိတယ်။ ဆိုင်ကယ် တောင်မှ Black ပဲသုံးကြတယ်။ နေပြည်တော်ကို ကျော်ပြီးတော့ ဟိုးဘက်အုပ်စုကို စည်းရုံးရေးသွားမယ်ဆို ဆိုင်ကယ်ကို ရေနီ မှာထားခဲ့ပြီးတော့ ကားစီးရတာလည်း တစ်ဒုက္ခ။ အဲဒီအတွက် သွားရေးလာရေး အခက်အခဲကြုံရပါတယ်။

ကျနော်တို့ကရင်ဖြူတွေရဲ့ ရိုးရာယဉ်ကျေးမှုဘာသာစကား ပျောက်ကိုပျောက်တဲ့ရွာတွေရှိတယ်။ ၃ရွာလောက် ရှိသွားပြီ။ ဥပမာ သစ်တဝန်အုပ်စုမှာ ၂ရွာ၊ နောက် မနှစ်က နှစ်သစ်ကူးလုပ်တဲ့ ကျောက်ဖျာကျေးရွာအုပ်စုကတော့ လုံးလုံး ပျောက်သွားပြီ။ ဘာဖြစ်လို့ပျောက်လဲဆိုတော့ ဗကပ ခေတ်တုန်းက ကရင်စကားပြောရင် တန်းသတ်လို့။ မပြောရဲလို့ အခုထိက မှတ်ပုံတင်ထဲမှာ ကရင်၊ အိမ်ထောင်စုထဲမှာကရင်၊ ကရင်လိုတစ်လုံးမှ မတတ်တော့ဘူး။ အခုဒီဘက်ရွာတွေကျတော့ ဗမာနဲ့ တအား အိမ်ထောင်ကျတော့ သူတို့ကလေးတွေက ကရင်လိုတစ်လုံးမှ မတတ်တော့ဘူး။ ကရင်ဖြူဒေသမှာ ကရင်လို လုံးလုံး မတတ်တာ ၄ရွာလောက်ရှိတယ်။

ကေအိုင်စီ။ ။ ကရင်ဖြူရေးရာကော်မတီရှိလာတော့ ကရင်ဖြူအရေးအတွက် ဘာတွေလုပ်ဆောင်ပေးနိုင်ပါလဲ။

အကျိုးရလာဒ်ကတော့ ဘယ်မှာသွားရလဲဆိုတော့ ဒီလိုကရင်ဖြူရေးရာကော်မတီကနေပြီးတော့ စာပေရေးရာတွေကို ဦးဆောင်ပြီးတော့ သင်တန်းပေးတယ်။ နောက်ပြီးတော့ နှစ်သစ်ကူးကို ကျနော်တို့ ကြိုးစားပြီးတော့ အောင်မြင်ဖြစ်မြောက် အောင် အလှူခံပြီးတော့ ဖြစ်အောင်အောင် ကျင်းပတယ်။ အဲဒီအကျိုးရလာဒ်က ဘာလဲဆိုတော့ ကရင်ဖြူမျိုးနွယ်စုတွေက သူ့ကိုယ်သူ ကရင်ဖြူမှန်းသိလာပြီ။ အဲဒီလိုသိလာတော့ ငါတို့ ကရင်ဖြူက ဒီအတိုင်းနေလို့မရတော့ဘူး။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ၊ ငါတို့လိုချင်တဲ့ အခွင့်အရေးတွေ ငါတို့လုပ်မှရတော့မယ် ဆိုတဲ့အသိစိတ်တွေ လူငယ်တွေဆီမှာ ဝင်လာပြီ။ ဆိုတော့ ရှေ့ဆက်မယ့်လုပ်ငန်းတွေမှာ ကျနော်တို့မှာ အားနည်းချက် အများကြီးရှိပါတယ်။ အခုက တစ်နေရာရာကို သွားမယ် ဆို ကျနော်တို့ အခက်အခဲ အရမ်းကြုံတွေ့ရပါတယ်။

အခုလက်ရှိ ကျနော်တို့တစ်ရွာနဲ့တစ်ရွာ သွားမယ်ဆိုရင် ရန်ကုန်ကနေ နေပြည်တော်ကိုသွားတဲ့ ကုန်ကျစရိတ်ထက် များတယ်။ ရန်ကုန်ကနေ နေပြည်တော်ကို အသွားတစ်သောင်း အပြန်တစ်သောင်း ပျမ်းမျှကုန်တယ်ဆို ကျနော်တို့ ကရင်ဖြူ ဒေသမှာ တောင်တွေ အတက်အဆင်းတွေ တအားများတယ်။ လမ်းကောင်းပေမယ့်လည်း တော်တော်ဝေးတယ်။ ကရင်ဖြူတွေ က မြေပြန့်မှာနေတာ တအားနည်းတယ်။ တောင်ပေါ်မှာ နေကြတာများတယ်။ မိုးတွင်းဘက်ကျတော့ သွားလာရေးက အဆင်မ ပြေဘူး။ ကတ္တရာလမ်းနဲ့ သွားလို့ရတဲ့ရွာရှိသလို သွားလို့မရသေးတဲ့ရွာတွေ၊ ဆိုင်ကယ်နဲ့သွားလို့ အဆင်မပြေသေးတဲ့ရွာတွေ လည်း အများကြီးရှိသေးတယ်။

ကရင်ဖြူရိုးရာယဉ်ကျေးမှှုဓလေ့တွေလည်း မရှိသလောက် ပျောက်ကုန်ပြီး။ ဒါပေမယ့် တောင်ပေါ်ရွာတစ်ချို့က တောင်ကိုးကွယ်၊ နတ်ကိုးကွယ်ဆိုပြီး တောင်ပိတ်ပွဲတွေလုပ်တာ ရှိသေးတယ်။ ၃နှစ်တစ်ကြိမ်တို့ အဲဒီတောင်ပိတ်ပွဲမှာ ဝတ်တဲ့ ကရင်ဖြူဝတ်စုံရှိတယ်။ အဲဒီဝတ်စုံက ဘယ်သူမှဝတ်လို့မရဘူး သီလသမာဓိရှိတဲ့ လူမှ ဝတ်လို့ရတယ်လို့ပြောတယ်။ ကျနော် လည်း မမြင်ဖူးဘူး။ တောင်ပိတ်တယ်ဆိုရင် တစ်ပတ်လောက်က အပြင်ကဧည့်သည်တွေ ဝင်လို့မရဘူး။ စာဖြန့်ထားတယ်။ ဝင်မိ လို့ရှိရင် တစ်ဆ နှစ်ဆပြန်လျော်ရတယ်။ တချို့နေရာမှာတော့ ဝက်သည်းခြေကြည့်တာတို့၊ ကြက်ရိုးထိုးတဲ့ရိုးရာဓလေ့လည်း ရှိပါသေးတယ်။

ကေအိုင်စီ။ ။ ကရင်ဖြူမျိုးနွယ်စုဟာ အသက်မွေးဝမ်းကြောင်းအနေနဲ့ ဘာတွေရှိပါလဲ။

ကရင်ဖြူရဲ့ အဓိကအသက်မွေးဝမ်းကျောင်းက အဓိကကတော့ ငှက်ပျောစိုက်တယ်။ တစ်ချို့ကျတော့ ကွမ်း၊ ဖာလာနဲ့ ဓညင်း၊ တောင်ယာပေါ့။ ဒီမှာကျတော့ စားရေးသောက်ရေး အခက်အခဲရှိတော့ အပြင်တနယ်တကျေးကို ရရာအလုပ်နဲ့ အလုပ် ထွက်လုပ်ကြရတယ်။ တစ်ချို့ရွာတွေဆို ယောကျ်ားသားတွေတောင် သိပ်မရှိတော့ဘူး။ အဖိုးအို အဖွားအိုတွေပဲ ရှိတော့တယ်။ တောင်ယာကျတော့လည်း ကြွက်ဖျက်တော့ တစ်ချို့မျိုးတောင် ပြန်မရတော့ဘူး။

ကေအိုင်စီ။ ။ ကရင်ဖြူရေးရာကိစ္စမှာ ဘယ်သူတွေက လုပ်ဆောင်ပေးတာတွေရှိလဲ။

ဒီမှာကတော့ အဓိက ကရင်ဖြူရေးရာကိစ္စတွေကို ကရင်ဖြူရေးရာကော်မတီကပဲ ဦးဆောင်ထိန်းကျောင်းပါတယ်။ အမျိုးသမီးတွေလည်း ပါဝင်ကူညီပေးတာရှိတယ်။ လူငယ်တွေမှာလည်း အမျိုးသမီးတွေ ပါဝင်ကူညီတာ ၃ပုံ ၁ပုံလောက်တောင် ရှိတယ်။ အမျိုးသမီးရေးကိစ္စနဲ့ပတ်သက်လို့ ဖွဲ့စည်းဖို့လိုအပ်ပါတယ်။ လောလောဆယ်တော့ ကျနော်တို့ ဖွဲ့စည်းနိုင်တဲ့ အနေအ ထားတော့ မရှိသေးပါဘူး။

ကေအိုင်စီ။ ။ ကရင်ဖြူတွေအနေနဲ့ ယခင်ကတည်းက နိုင်ငံရေးနဲ့ပတ်သက်ပြီး ကင်းကင်းရှင်းရှင်းနေတာတွေ့ရပါတယ်။ ဘာကြောင့်ပါသလဲ။

ကျနော်တို့လည်း ပြည်တွင်းစစ်ဖြစ်တုန်းကဆို စစ်ဒဏ်ခံရတယ်။ အရိုက်ခံရတယ်။ ပေါ်တာဆွဲခံရတယ်။ တချို့ဆို အသတ်တောင် ခံရတယ်။ တပ်က ရိုက်လိုက်၊ ဟိုဘက်လက်နက်ကိုင်က လာရိုက်လိုက်နဲ့ ကြားညှပ်နေတာပေါ့။ ကျနော်တို့ ကရင်ဖြူတွေ ဘာလို့ နိုင်ငံရေးသမိုင်းမှာ ဘာကြောင့်မပါခဲ့သလဲဆိုတော့ ကျနော့်အမြင် ပညာရှင်လည်း နည်းနည်း အားနည်း လိမ့်မယ်။ နောက်တစ်ချက်က နိုင်ငံရေးကို လုံးလုံးကို နားမလည်လို့။ နောက် ကရင်တော်လှန်ရေးမှာလည်း အောက်ခြေကနေ ပြီးတော့ တတ်နိုင်သလောက်လေး ပါဝင်ခဲ့တာတွေတော့ ရှိခဲ့တယ်။
ကေအိုင်စီ။ ။ ကရင်ဖြူတွေရဲ့အရေး၊ ကရင်ဖြူတွေရဲ့မျှော်လင့်ချက်က ဘာတွေပါလဲ။

အခုကျနော်တို့ ဘာမျှော်လင့်နေလဲဆိုရင် အင်အား ၅သောင်းရှိပါလျက်နဲ့ လွှတ်တော်ရုံးကလည်း ကျနော်တို့ ကရင် ဖြူတွေ ရွာနားမှာရှိပါလျက်နဲ့ ကျနော်တို့ကရင်ဖြူတွေ လွှတ်တော်အထိ ဝင်ရောက် အရွေးချယ်ခံပိုင်ခွင့်မရှိတာ၊ မတက်နိုင်တာ ကို တော်တော်စိတ်မကောင်းဘူး။ နောက်တစ်ချက်က မန္တလေးတိုင်း၊ အထက်မြန်မာပြည်၊ နေပြည်တော်ကောင်စီမှာ ၂မျိုးခေါ် တယ်။ မန္တလေးတိုင်း အထက်မြန်မာပြည်လို့လည်းခေါ်တယ်၊ နေပြည်တော်ကောင်စီလို့လည်းခေါ်တယ်။ သူက ရှမ်းရေးရာဝန် ကြီးကတော့ ရတယ်။

တကယ့်တကယ် မန္တလေးတိုင်းတစ်ခုအနေနဲ့ ကရင်လူဦးရေထည့်တွက်မယ်ဆိုရင် တစ်သိန်းကျော်တယ်။ ဖြစ်သင့်တာ က အထက်မြန်မာပြည် မန္တလေးတိုင်းမှာ ကရင်ရေးရာဝန်ကြီးတစ်ဦး ရှိကိုရှိသင့်တယ်။ လိုအပ်လာပြီလို့လည်း ကျနော်တို့အဲလို မြင်တယ်။ လူဦးရေ ၅သောင်းရှိပါလျက်နဲ့ ဒီပါတီတွေ၊ တိုင်းရင်းသားမဲပုံးတွေ ထောင်ခွင့်မရဘူးဆိုတာ ကျနော်တို့အတွက် အခွင့် အရေးတွေ အများကြီးဆုံးရှုံးသွားတယ်လို့ ကျနော်မြင်ပါတယ်။

ကျနော်တို့ ဘာကိုမျှော်လင့်လဲဆိုရင် ကျနော်တို့ကရင်ဖြူက ပါတီလည်း မထောင်နိုင်ဘူး။ NGO အဖွဲ့အစည်းတွေ လည်း ထဲထဲဝင်ဝင် မရှိဘူး။ စီးပွားရေးလုပ်ငန်းရှင်မရှိဘူး။ ပါတီတစ်ခုထောင်ပြီဆိုရင် ငွေကြေးတွေ၊ ပညာရှင်တွေ လိုတယ်။ မျှော်လင့်တာက ကရင်လူမျိုးထဲက ကရင်တွေထောင်ထားတဲ့ပါတီတွေ တစ်ခုခုကနေပြီးတော့ ကျနော်တို့ နေပြည်တော်ကောင် စီနယ်မြေမှာ မဲပုံးလာထောင်လို့ရအောင် ကြိုးစားစေချင်တယ်။ ဖြစ်လာမယ်ဆိုရင် ဒီကရင်ပါတီကိုပဲ ပေးဖို့အဆင်သင့်ရှိတယ်။ လူထုတွေကလည်း အဲဒါပဲမျှော်လင့်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က တိုင်းရင်းသားမဲပုံးပေးခွင့်မရှိဘူး။ တိုင်းရင်းသားမဲပုံး၊ တိုင်းရင်းသားပါတီ ဒီနေပြည်တော်မှာ လုံး၀ မရှိဘူး။

အဓိကကတော့ ကျနော်တို့မျှော်လင့်တာ ကရင်ပြည်နယ်က ပါတီတစ်ခုခု နေပြည်တော်ကောင်စီအတွင်းမှာ မဲပုံး ထောင်ခွင့်ရအောင် အကူအညီလိုတယ်။ လွှတ်တော်တက်မယ်ဆိုလည်း ဒီက ဒေသခံတွေပဲ တက်စေချင်တယ်။ ဘေးက ဧည့်သည်တွေတော့ လက်မခံဘူး။ ကျနော်တို့က ပါတီမထောင်နိုင်တော့ အင်အားကြီးပါတီဖြစ်တဲ့ ကြံံ့ခိုင်ရေးနဲ့ NLD ပါတီ လောက်ပဲ ရှိတယ်။ ဒီပါတီတွေက တစ်နိုင်ငံလုံး အတိုက်အခံတွေရှိတော့ တကယ့်ပါတီလမ်းကြောင်း သွားတဲ့အခါ ကျနော်တို့ တိုင်းရင်းသားအတွက် သိပ်မဖြစ်တော့ဘူး။ ကျနော်တို့က ကိုယ့်တိုင်းရင်းသားပါတီကို မဲပေးခွင့်မရတော့ ကျနော်တို့အခွင့်အရေး ဆုံးရှှုံးတယ်။

ကေအိုင်စီ။ ။ ကရင်ဖြူတွေက ဘယ်ဒေသမှာနေပြီး လူဦးရေဘယ်လောက်ရှိမလဲ။

လက်ရှိ ကရင်ဖြူလူဦးရေဟာ ၅သောင်းကျော်လောက်ရှိမယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ အများဆုံးနေ ထိုင်တယ်။ အဲဒီအထဲမှာ ပျဉ်းမနားမြို့နယ် တောင်တန်းဒေသမှာ ကရင်ဖြူလူဦးရေ ၃သောင်းကျော်ရှိမယ်။ ပြီးတော့ ရှမ်းပြည် ယ်တောင်ပိုင်း၊ ကရင်ပြည်နယ် သံတောင်ကြီးမြောက်ပိုင်း အဲဒီဒေသမှာလည်း နေထိုင်တယ်။ နောက်ပြီး အဲဒီပေါင်းလောင်း ဆည် ဆောက်တာကလည်း ကရင်ဖြူရွာ၊ ဥယျာဉ်ခြံတွေ မြုပ်တော့ လျော်ကြေးမရဘဲ ကရင်ဖြူတွေ အများကြီး ပြောင်းရွှေ့ခဲ့ရ တယ်။

နောက်တစ်ခုကတော့ နေပြည်တော်က စစ်ရုံးမှာ ဆောက်တဲ့အခါမှာ စစ်ရုံးနယ်မြေနဲ့မလွတ်တော့ အဲဒါလည်း အများ ကြီး ပြောင်းရွှေ့ နေထိုင်ရတယ်။ အဲဒါက ရွှေ့ပြောင်းစရိတ်ပဲ ရတယ်။ ကျန်တဲ့လျော်ကြေးတွေက ဘာမှမရဘူး။ သူတို့တောင် ပေါ်မှာနေကတည်းက ဥယျာဉ်ခြံစိုက်တော့ မိသားစုစားဝတ်နေရေးအတွက် အခက်အခဲမရှိဘူး။ အဲဒီလူတွေကို မြေပြန့်မှာပြန် ပြောင်းတော့ သူတို့မှာ လုပ်ကိုင်စားသောက်ဖို့ ဘာမှမရဘူး။ ရေလည်း အခက်အခဲရှိတယ်။ ဝင်ငွေအဆင်မပြေတော့ သား သမီးတွေကိုလည်း ကျောင်းမထားနိုင်ဘူး။ နေ့စားသမားနဲ့ သူတို့ပြန်လုပ်ရတယ်။ မလုပ်ရင် ရှမ်းပြည်နယ်ဘက်က သူများ ဥယျာဉ်ခြံမှာ အခကြေးပေးပြီး သွားပြန်လုပ်ရတယ်။ သူတို့ဘဝက အရမ်းသနားဖို့ကောင်းပါတယ်။ သူတို့မြေတွေကလည်း ပုဂ္ဂလိ ကတို့၊ ကုမ္ပဏီပိုင်စိုက်ခင်းတွေဖြစ်ကုန်ပြီး သူတို့ပြန်လို့တောင် မရတော့ဘူး။ ကျနော်တို့ကရင်ဖြူတွေ မြေပျောက်ကုန်ပြီ။
ကေအိုင်စီ။ ။ ကရင်ဖြူရေးရာကော်မတီကနေပြီး လက်ရှိအချိန်မှာ ကရင်ဖြူလူငယ်အဖွဲ့အစည်း ဖွဲ့ပေးလာတာရှိတယ်။ ဖွဲ့ပေးရတဲ့ ရည်ရွယ်ချက်က ဘာတွေဖြစ်မလဲ။

အဓိကရည်ရွယ်ချက်က ကျနော်တို့ ကရင်ဖြူတွေ ထင်ပေါ်အောင် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေရရှိဖို့ဆိုတာ ကျနော်တို့ လူကြီးတွေပဲ လုပ်လို့မရဘူး လူငယ်အင်အားလိုတယ်။ လူငယ်တွေကို အားကိုးချင်တယ်။ သူတို့အကူအညီလည်း တောင်းချင်တယ်။ နောက်တစ်ချက်က သူတို့ကိုလည်း လေ့ကျင့်တဲ့ပုံစံလည်းဖြစ်သွားတယ်။ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ဒီလူ ငယ်တွေက သူတို့လူကြီးဖြစ်လာမယ်။ ဒါကို သူတို့အလေ့အကျင့်ဖြစ်သွားအောင် သမိုင်းပေးတာဝန် ထမ်းဆောင်နိုင်အောင်ပါ။ ဒါပေမယ့် ကျနော်တို့တစ်ခုစိုးရိမ်တာက ငါတို့ကရင်ဖြူလူငယ်တွေဟာ လူကြီးတွေနဲ့မဆိုင်ဘူး။ သူတို့ဖာသာ သူတို့လုပ်မယ်ဆို ပြီး ခွဲသွားမှာလည်း ကြောက်တယ်။ လူကြီးနဲ့ လူငယ်တွေက အတူတူ တွဲလုပ်ဆောင်ချင်တယ်။ သူတို့လည်း မခွဲလောက်ဘူးလို့ ထင်တယ်။

ကေအိုင်စီ။ ။ နောက်ဆုံးအနေနဲ့ ကရင်ဖြူအရေးနဲ့ပတ်သက်ပြီး ဘာဖြည့်စွက်ပြောချင်တာရှိပါသလဲ။

ကျနော်တို့ကရင်ဖြူတွေဟာ အခုမှ ဝလုံးကို မဝိုင်းတဝိုင်းပဲ ရှိသေးတယ်။ လိုအပ်ချက်တွေ အများကြီး ရှိပါသေးတယ်။ အထူးသဖြင့် အဓိကကူညီပေးတာက ကရင်ရေးရာကော်မတီကပဲ ကူညီပေးတာများတယ်။ သူတို့ကိုလည်း အကူအညီ ခနခန တောင်းတော့ ကျနော်တို့လည်း မျက်နှာပူတယ်။ အကူအညီမတောင်းလို့လည်း မရတဲ့အခြေအနေမို့ အားကိုးစရာဆိုလို့ ကရင်ပဲ ရှိတယ်။

ကရင်အသိပညာရှင်၊ အတတ်ပညာရှင် ကရင်နိုင်ငံရေးခေါင်းဆောင်တို့ကို မိဘသဖွယ် အားကိုးပါတယ်။ အမေအဖေရဲ့ ရင်ခွင်မှာပဲ ရှင်သန်ကြီးထွားချင်တယ်။ မိဘရဲ့ထိန်းသိမ်းစောင့်ရှောက်မှှု၊ လမ်းညွှန်ကွပ်ကဲမှှုအောက်မှာ ကျနော်တို့ရပ်တည်ချင် တယ်။ ခွဲထွက်တာတို့ဘာတို့ ကျနော်တို့မှာ လုံးဝ ရည်ရွယ်ချက်မရှိပါဘူး။ ဘယ်သူခွဲခွဲ မကွဲကွဲ ခွဲလို့လည်း ရမှာမဟုတ်ပါဘူး။ စိတ်ဓာတ်က လုံးဝ ခိုင်မာပါတယ်။ ကရင်ဆိုတဲ့ စိတ်ဓာတ်က ကျနော်တို့ရင်ထဲမှာ သံမဏိစိတ်ဓာတ်ဖြစ်ပါတယ်။