တပ်မတော်၊ BGFပူးပေါင်းအဖွဲ့ နှင့် DKBA ခွဲထွက်အဖွဲ့တို့ မိဇိုင်းတောင်အနီး တိုက်ပွဲဖြစ်

0
235

ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်းရှိ မိဇိုင်းတောင်အနီးတဝိုက်တွင် ဇွန်လ ၂၁ ရက် နံနက် ၈ နာရီမှစတင်ကာ အစိုးရတပ်မတော်၊ BGF နယ်ခြားစောင့်တပ်ပူးပေါင်းအဖွဲ့နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA တပ်ဖွဲ့ဝင်တို့ကြား ပစ်ခတ်မှုများပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး မိဇိုင်းတောင်ကျောင်း ဂေါပက တစ်ဦးဖြစ်သူ ဦးတင်မြင့်က “မနက် ၈ နာရီလောက်မှာစပြီး ပစ်ခတ်ကြတယ်။ အခုအချိန်ထိလည်းဖြစ်နေတုန်းပဲ။ ကျောင်းဝင်းထဲမှာလည်း လက်နက်ကြီးကျည်တွေကျတယ်။ တိုက်ပွဲ ပြင်းထန်တယ်လို့ ပြောလို့ရတယ်။ အထိအခိုက်တွေတော့မသိဘူး။”ဟု ကေအိုင်စီသို့ အတည်ပြုပြောသည်။

လက်ရှိ မိဇိုင်းတောင်တွင် မြန်မာ့တပ်မတော်၊ BGF အမှတ် ၁၀၁၄ တပ်ရင်းနှင့် DKBA တို့ ဇွန်လ ၂၁ ရက် မွန်းလွဲပိုင်း ၃ နာရီခွဲအချိန် အထိ ပစ်ခတ်မှု ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး တောင်ခြေအနီး တဝိုက်ကျေးရွာများမှ ဒေသခံများမှလည်း ပစ်ခတ်မှုများ ကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

ယခု အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားသည့်ကိစ္စမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလက မိဇိုင်းတောင်ကျောင်းအတွက် ထမင်း ပေါင်းအိုးများအားသွားရောက် သယ်ယူခဲ့သည့် ကိုရင်ငယ်များကို BGF အမှတ် ၁၀၁၄ တပ်ရင်း လက်အောက်ခံတပ်ဖွဲ့ဝင် များက သေနတ်ဒင်ဖြင့် ထုရိုက်ခဲ့သဖြင့် နှစ်ဖက်တင်းမာမှုများ စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေသခံများက သုံးသပ်ပြော ဆိုနေကြသည်။

ထိုသို့နှစ်ဖက် တင်းမာမှုများရှိခဲ့သည့်ကြားက ဇွန်လ ၁၈ ရက်နေ့တွင် မိဇိုင်းတောင်ခြေ ကျေးရွာမှ လူငယ်တစ်ဦး မျှစ်ရှာ ထွက်စဉ် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ဖားအံပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရသည့် ဖြစ်စဉ် လည်း ဖြစ်ပွားခဲ့သည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးကြီး မောင်မောင်လတ်က “အဲဒါကလေ အရင်က လူတွေ၊ ကျွဲတွေ ၊ နွားတွေ မိုင်းနင်းမိတာတွေရှိလို့ နယ်မြေရှင်းလင်းတာမျိုးဖြစ်ပါတယ်ခင်ဗျ။ ပစ်ခတ်မှုဖြစ်တာတော့ မကြားမိသေးပါဘူ။ ရွာသားတစ်ယောက်မိုင်းထိပြီး သွားတဲ့အခြေအနေမှာ နယ်မြေရှင်းလင်းတာကို လွန်ခဲ့တဲ့ ၁ ရက် ၂ ရက် ကတည်း စလုပ် ဆောင်တာဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

မိဇိုင်းတောင်တွင် အခြေချနေသည့် DKBA တပ်ဖွဲ့ဝင်များမှာ ခွဲထွက် DKBAမှ ဗိုလ်ဘိလက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ပြီး မြိုင်ကြီးငူဆရာတော် ဦးသုဇန ပျံလွန်တော်မမူခင်က ၎င်းနေရာတွင် နေရာချထားပေးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

၎င်းအခြေအနေနှင့် ပတ်သက်၍ ခွဲထွက် DKBA စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးစောကျော်သက်ကို ဆက်သွယ်မေးမြန်း ရာတွင် “BGFက DKBAကို BGF အဖြစ် အသွင်ပြောင်းစေချင်တယ်လေ။ အဲဒါကို ကျနော်တို့ဘက်က လက်မခံတော့ လာ တိုက်တာဖြစ်ပါတယ်။ ဗမာစစ်တပ်နဲ့ ပေါင်းပြီး မနက်ကတည်းက လာပစ်တယ်။ တစ်နေကုန်ပဲ။ လက်နက်ကြီးနဲ့ ပစ်တာ အလုံး ၂ဝဝ ကျော်ပြီ။ တိုက်ပွဲက ပြင်းထန်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် BGFနှင့် အစိုးရ တပ်မတော် ပူးပေါင်းအဖွဲ့ဘက်မှ မိုင်းထိမှန်သူအပါအဝင် ၁ဝ ကျော် ထိခိုက်ဒဏ်ရာ ရရှိသည်ဟု DKBAဘက်က ခန့်မှန်းထားပြီး ၎င်းတို့တပ်ဖွဲ့ဝင်များဘက်က ထိခိုက်ဒဏ်ရာရရှိသူမရှိဟု ဗိုလ်ချုပ်ကြီး စော ကျော်သက်က ပြောဆိုသော်လည်း ကေအိုင်စီအနေဖြင့် သီးသန့်အတည်ပြုချက် မရရှိပေ။

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ အစိုးရအုပ်ချုပ်မှုအရ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းဖြစ်ပြီး KNU-ကရင်အမျိုး သားအစည်းအရုံး၏ သထုံခရိုင် (တပ်မဟာ ၁၊ တပ်ရင်း ၁) နယ်မြေဖြစ်သည်ဟုလည်း သိရသည်

LEAVE A REPLY

Please enter your comment!
Please enter your name here