နယ်စပ်ရွှေ့ပြောင်းဒေသ အနာဂတ်ကောင်းမွန်ရေးအတွက် ထိုင်းနှင့် မြန်မာ နှစ်ဖက်အစိုးရ အကူအညီများ လိုအပ်နေ

0
228

နယ်စပ်ရွှေ့ပြောင်းဒေသတွင် ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုများဆက်လက်ပေးရာတွင် ကောင်းမွန်သည့် အနာဂတ်ရောက်ရှိရန် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ အစိုးရ၏ ပံ့ပိုးမှုများ ဆက်လက်လိုအပ်ကြောင်း ဇွန်လ ၂၂ရက်တွင် ပြုလုပ်သည့် မယ်တော်ဆေးခန်း၏ နှစ်(၃၀) ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်က ပြောဆိုလိုက်သည်။

လက်ရှိ နယ်စပ်ဒေသတစ်လျှောက် ဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုများလျော့နည်းသွားသည့်တိုင် ရွှေ့ ပြောင်းသွားလာမှုများနှင့် ရွှေ့ပြောင်းလူထုများ ဆက်လက်ရှိနေသေးသည့်အပေါ် ၎င်းတို့အတွက် လိုအပ်သော ဝန်ဆောင်မှုများကို ပံ့ပိုးပေးရာတွင် မယ်တော်ဆေးခန်း တစ်ခုတည်းဖြင့် မဖြစ်နိုင်ကြောင်း ဒေါက်တာစင်သီယာ မောင်က ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ စင်သီယာမောင်က “ကျမတို့ နယ်စပ်မှာရှိနေတဲ့ ကလေးတွေရဲ့ အနာဂတ်အတွက် တရားဝင် ပညာ သင်ကြားခွင့်၊ တရားဝင်မွေးစာရင်းရရှိခွင့် တချိန်ထဲမှာပဲ ဒီဆေးရုံ၊ ဆေးခန်းတွေကို ဝန်ဆောင်မှုတွေကို ကောင်းကောင်းရဖို့ ဆိုတာမျိုးတွေ ကောင်းမွန်တဲ့ အနာဂတ်ကိုရရှိဖို့ဆိုတာကလည်း ကျမတို့ တစ်ဖွဲ့ထဲနဲ့မရပဲနဲ့ ဒီနှစ်ဖက်အစိုးရရဲ့ ပံ့ပိုးမှုတွေလည်းအများကြီး ဆက်လိုပါတယ်” ဟု ပြောသည်။

ထို့အပြင် လက်ရှိ နိုင်ငံတကာ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအခြေအနေများ၊ နယ်စပ်ဒေသနှင့် ပတ်သက် သည့် နိုင်ငံရေး အခြေအနေများ၊ ပြည်တွင်းနိုင်ငံရေးအခြေအနေများကြောင့် မယ်တော်ဆေးခန်းအတွက် ရံပုံငွေထောက်ပံ့ရရှိမှုမှာ ပုံစံအမျိုးမျိုးပြောင်းလဲနေပြီး အပြောင်းအလဲပေါ်မူတည်၍ ဆက်လက်ရပ်တည်ရှင် သန်သွားနိုင်ရန်လည်း ကြိုးစားလုပ်ဆောင်နေရသည်ဟု ဒေါက်တာစင်သီယာမောင်က ဆက်ပြောသည်။

ပြီးခဲ့သည့် နှစ်များတွင် မယ်တော်ဆေးခန်း၏ ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှုများအတွက် ကူညီထောက် ပံ့ပေးနေသည့် နိုင်ငံတကာ၏ အကူအညီများ လျှော့နည်းကျဆင်းလာသည်နှင့်အမျှ မယ်တော် ဆေးခန်းအတွင်း စိန်ခေါ်မှုများဖြစ်ပေါ်ခဲ့ပြီး ဝန်ထမ်းဦးရေ လျော့နည်းသွားသည့်အပြင် ဝန်ထမ်း ခံစာခွင့်များကိုလည်း လျှော့ချရ သည့် အခြေအနေကို ရောက်ရှိသွားခဲ့သည်။

လက်ရှိ မယ်တော်ဆေးခန်းအနေဖြင့် ရွှေ့ပြောင်းဒေသ၏ လူဦးရေ တစ်သိန်းခန့်ကို ကျန်းမာရေး ဝန်ဆောင်မှု များနှစ်စဉ်ပေးနေပြီး ယခုနှစ်၏ ကျောင်းသူ၊ ကျောင်းသား (၈၅၀)ဦးခန့်ကိုလည်း ပညာရေးဆိုင်ရာ ပံ့ပိုးကူညီ ပေးနေရသလို ကျန်းမာရေး ဝန်ဆောင်မှုများ ဆက်လက်ပေးနိုင်ရန်လိုအပ်သည့် ကျန်းမာရေးလုပ်သား အရင်း အမြစ်များကိုလည်း နှစ်စဉ်မွေးထုတ်ပေးနေရသည်ဟု မယ်တော်ဆေးခန်းက ဆိုသည်။

မယ်တော်ဆေးခန်း၏ နှစ်(၃၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ နယ်စပ်ဒေသ ကျန်းမာရေး ၊ ပညာရေးအဖွဲ့အစည်းကိုယ်စားလှယ်များ၊ အလှူရှင်များ၊ တိုင်းရင်းသားခေါင်းဆောင်အချို့၊ ပြည်တွင်းမှ နိုင်ငံရေးသမားများ၊ ရွှေ့ပြောင်းလူထုအချို့နှင့်ကျောင်းသားလူငယ်များ စုစုပေါင်း (၂,၀၀၀)နီး ပါးတက် ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဒေါက်တာစင်သီယာမောင်မှ အမှာစကားပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာ ကူညီထောက်ပံ့သူများ၊ လူမှုအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် အထူးဧည့်သည်တော်တို့က အမှာစကားအသီးသီးပြောဆိုခဲ့ကြသည်။

လူမှုအဖွဲ့အစည်းများကိုယ်စား KNU-ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန်မှ အမှာ စကားပြောဆိုရာတွင် “မြန်မာပြည်ထဲမှာ နိုင်ငံရေးတည်ငြိမ်မှုမရှိခဲ့ တာတွေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုင် ရာ အခွင့်အရေးတွေ အခုချိန်ထိ ဘာမှအာမခံချက်မရှိသေးတာကိုလည်း ကျမတို့အားလုံးသိတယ်။ ဒါကြောင့် အခုကျမတို့ လူ့အဖွဲ့အစည်းတွေ ရွှေ့ပြောင်းဒေသနဲ့ ဒုက္ခသည်စခန်းတွေမှာ အခက်အခဲအခြေအနေတွေကို ကြုံတွေ့နေကြရတယ်။ ကျမတို့ကို INGO တွေရဲ့ ထောက်ပံ့မှု နည်းသထက် နည်းလာတယ်။ ဒီအချိန်ဟာ ဒီကလူတွေကို ကူညီထောက်ပံ့ပေးဖို့ အကူအညီအထောက်အပံ့တွေကို လျှော့ချရမဲ့အချိန်မဟုတ်ဘူး။ ကျမတို့ မယ်တော်ဆေးခန်းကို ယခင်ကထက်ပိုပြီးတောင်မှ လိုအပ်နေတုန်းပဲ” ဟု ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအတွင်း အရပ်သားအစိုးရအပြောင်းအလဲနှင့် နိုင်ငံတွင်းပြုပြင်ပြောင်းလဲမှုအချို့ ဖြစ်ထွန်းလာခြင်း နှင့်အတူ မြန်မာပြည်တွင်းသို့ အကူအညီများ အလုံးအရင်းဖြင့်ဝင်ရောက်သွားခြင်းကြောင့် နယ်စပ်ဒေသတွင် ဒုက္ခသည်အရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ လျော့ နည်းလာပြီး ၎င်းအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများအတွက် စိန်ခေါ်မှုဖိအားများစွာကြုံတွေ့ နေရ ကြောင်းလည်း အရပ်ဖက် အဖွဲ့အစည်းအသီးသီးက ဆိုသည်။

လွန်ခဲ့သည့် ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကြီးအား စစ်အစိုးရမှ အကြမ်းဖက်နှိမ်နှင်းခဲ့မှုကြောင့် မြန်မာနိုင်ငံ နယ်စပ်ဒေသများသို့ ထောင်နှင့်ချီ၍ ရောက်ရှိလာသော ဆန္ဒပြလှုပ်ရှားသူများ၏ ကျန်းမာရေးကို စောင့်ရှောက်မှုပေးရန် ဒေါက်တာစင်သီယာမောင်ဦးဆောင်ပြီး လုပ်ဖော်ကိုင်ဖက် ကျန်းမာရေးလုပ်သား ၆ ဦးတို့နှင့်အတူ မယ်တော်ဆေးခန်းကို ၁၉၈၉ ခုနှစ်တွင် စတင်တည် ထောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ မယ်တော်ဆေးခန်းတွင် နှစ်စဉ်မဲဆောက်ဒေသနှင့်မြန်မာနယ်စပ်ဒေသမှ ရွှေ့ပြောင်းလူထုများနှင့် ပြည်တွင်း လူနာများအတွက် ကျန်းမာရေးဝန်ထမ်း(၃၅၀)ဦးနှင့် လူနာကုတင်(၁၄၀)လုံးဖြင့် အခမဲ့ကျန်းမာရေး ဝန်ဆောင်မှုများအပြင် မြန်မာရွှေ့ပြောင်း ကလေးငယ်များအတွက် ပညာရေးဝန်ဆောင်မှုများကိုလည်း ပေး လျက်ရှိ သည်။

မယ်တော်ဆေးခန်းကို ဦးဆောင်သူ ဒေါက်တာစင်သီယာမောင်သည် အရှေ့တောင်အာရှ ရေမွန် မာဂါဆေး ဆေး (Southeast Asia’s Ramon Magsaysay Award) ဆု၊ ၂၀၀၃ ခုနှစ် တိုင်းမ် မဂ္ဂဇင်း၏ အာရှနိုင်ငံ အာဇာ နည်များအဖြစ် ရွေးချယ်ခံခဲ့ရသည့်အပြင် ၁၉၉၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုနှင့် ဆွစ်ဇာလန်နိုင်ငံ ဆေး ဝါးအဖွဲ့အစည်းများမှပူးပေါင်းချီးမြှင့်သော Jonathan Mann Award ဆုအပါအဝင် နိုင်ငံတကာမှ ဆုပေါင်း ၁၈ ခုအထိ ချီးမြှင့်ခံထားရသူဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here