28 March 2024 /

See today's Peace Related News

နှစ်ရက်အတွင်း ထိုင်းရှိ မြန်မာဒုက္ခသည် ၂ဝဝ ကျော် ပြန်လည်ရောက်ရှိ

မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရတို့၏ သဘောတူညီမှုဖြင့် ထိုင်းနိုင်ငံတွင်းရှိ မြန်မာဒုက္ခသည်များ မိမိဆန္ဒအလျောက် နေ ရပ်ပြန်ရေး စတုတ္ထအကြိမ် အစီအစဉ်အရ ယခုရက်ပိုင်းအတွင်း နယ်စပ်ဒုက္ခသည်စခန်း ၃ ခုမှ ဒုက္ခသည် ဦးရေ ၂၇၆ ဦး နေရပ်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်ဟု သိရသည်။

ထိုင်းနိုင်ငံ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး ဒုက္ခသည်စခန်းများတွင် ခိုလှုံခဲ့ကြသည့် အဆိုပါ မြန်မာဒုက္ခသည်များကို ထိုင်းနိုင်ငံ ပြည်ထဲရေး၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR တို့ အစီအ စဉ်ဖြင့် ဇူလိုင် ၁ ရက်နေ့တွင် ၁၅၇ ဦးနှင့် ဇူလိုင်လ ၃ ရက်(ယနေ့)တွင် ၁၁၉ ဦး မဲဆောက်-မြဝတီ အမှတ် (၁) ချစ် ကြည်ရေးတံတားမှ တစ်ဆင့် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ကျောက်လုံးကြီးပြန်လည်ကြိုဆိုရေးစခန်း သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြန်လည် ရောက်ရှိလာသူ ဒုက္ခသည်များကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်၊ ကရင် ပြည်နယ်လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ နယ်စပ်ရေးရာနှင့် တိုင်းရင်းသား လူမျိုး များဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြဝတီခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ အခမ်းအနားဖြင့် ကြိုဆိုခဲ့ ကြသည်။

မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က “ထိုင်းနိုင်ငံတွင်းရှိ ဒုက္ခသည်စခန်းများမှ ဆန္ဒအလျှောက် နေရပ်ပြန်ရန်အဆိုပြုလာသူများကို ထိုင်း-မြန်မာနှစ်နိုင်ငံတာဝန်ရှိသူများမှ မြန်မာနိုင်ငံသားများအား ပြန်လည်လက်ခံရာမှာ ပထမဦးစားပေးအဖြစ် နေစရာအိမ်၊ အလုပ်အကိုင် စီစဉ်ပေးစရာမလိုသူများ၊ ဒုတိယဦးစားပေးအနေဖြင့် ကျောင်းနေအရွယ်ကလေးသူငယ်ရှိသူများနဲ့ တတိယအဆင့် ဦးစားပေးအနေဖြင့် နေအိမ်၊ အလုပ်အကိုင်လိုအပ်သူများကို သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ စီစဉ်ဆောင်ရွက်ပြီးမှသာ ပြန်လည်ခေါ်ယူ ပြုလုပ်လျက်ရှိပါတယ်။ ” ဟု ယနေ့ ပြုလုပ်သည့် ကြိုဆိုရေး အခမ်းအနားတွင် ပြောကြားသည်။

ထိုင်းနိုင်ငံတွင်းရှိ ဒုက္ခသည်စခန်း (၉ )ခုတွင် နေထိုင်ကြသည့် ဒုက္ခသည်များသည် လတ်တလောတွင် တတိယ နိုင်ငံသို့ သွားရန် အခွင့်အလမ်းနည်းခြင်း၊ ထောက်ပံ့ကူညီမှုများလည်း လျော့နည်းလာခြင်းတို့ကြောင့် အခက်အ ခဲဖြစ်လာပြီး နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်၍ ယခုလို ပြန်လည်လက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့က ကျောက်လုံးကြီး ပြန်လည်ကြိုဆိုစခန်း၌ ပြုလုပ်သည့် ကြိုဆိုရေးအခမ်းအနားတွင် ပြောကြားခဲ့သည်။

မယ်လ ဒုက္ခသည်စခန်းတွင် ၁၀ နှစ်ကျော် နေထိုင်ခဲ့ပြီး နေရပ် ကရင်ပြည်နယ် ဖာပွန်မြို့နယ်၊ ကမမောင်းရွာသို့ ပြန်မည့် မဖြိုးဝေဝေက“ ဒုက္ခသည်စခန်းမှာက သူတို့ပေးတဲ့ ရိက္ခာထောက်ပံ့ပစ္စည်းတွေက ကျမတို့မိသားစုအနေနဲ့ မလောက်ငှတဲ့ အတွက် စခန်းထဲမှာပဲ ကျရာအလုပ်လုပ်ပြီး စားသောက်နေရတာပါ။ ထိုင်းနိုင်ငံထဲမှာ အဖမ်းအဆီးတွေကလည်း များလာတဲ့အခါကျတော့ အပြင်ထွက်ပြီး အလုပ်လုပ်ဖို့က အဆင်မပြေတော့ဘူး။ ကျောင်းနေအရွယ် ကလေးတွေလည်း ရှိတယ်။ ရွာမှာလည်း အရင်လို စစ်ဘေးစစ်ဒဏ်တွေ မရှိတော့တဲ့အတွက် ရွာကိုပြန်ပြီး ကြုံရာအလုပ်လုပ်ကိုင်ရင်း နေထိုင်သွားမယ်”ဟု ပြောသည်။

ဒုက္ခသည်များ မိမိဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအစီအစဉ်များ ဖြစ်ပေါ်လာပြီးနောက် ၂၀၁၆ ခုနှစ်၊ အောက်တို ဘာလ ၂၆ ရက်နေ့တွင် နို့ဖိုးဒုက္ခစခန်းမှ လူဦးရေ ၆၅ ဦးသည် မဲဆောက်-မြဝတီနယ် စပ်ဂိတ်မှတစ်ဆင့် ပထမဆုံး အကြိမ်အဖြစ် နေရပ်သို့ ပြန်လည်ရောက်ရှိလာပြီး ဒုတိယ အကြိမ်အနေဖြင့် ၂ဝ၁၈ ခုနှစ်၊ မေလ (၇)ရက်နေ့တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ ဘမ့်ဒုံယမ်းနှင့် Mai Nai Soi (မိုင်နန်းစွယ်) စသည့် ဒုက္ခသည် စခန်းမှ ဦးရေ (၉၃)ဦးနှင့် တတိယအကြိမ်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုးဒုက္ခသည်စခန်းတို့မှ လူဦးရေ ၅၇၅ ဦးတို့ ပြန်လည်ရောက်လာခဲ့ပြီးဟု မြန်မာအစိုးရ တာဝန်ရှိသူဘက်က ပြောသည်။

ထိုသို့ ဒုက္ခသည်များ မိမိနေရပ်ပြန်လာရာတွင် သယ်ယူပို့ဆောင်ရေး ၊ ခရီးစရိတ်နှင့် စားနပ်ရိက္ခာတို့ကို UNHCR ကနေ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ (International Organization for Migration-IOM) မှ ကူညီပေးခဲ့ပြီး ခရီးစရိတ်အတွက် လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁,၈၀၀နှင့် ဘဝပြန်လည်ထူ ထောင်ရေး အတွက် လူကြီး တစ်ဦးလျှင် ဘတ် ၅,၄၀၀၊ ကလေးတစ်ဦးလျှင် ဘတ် ၃,၆၀၀၊ စားနပ်ရိက္ခာ အကူအညီအတွက် ကမ္ဘာ့စားနပ်ရိက္ခာ (WFP)၏ အစီအစဉ်ဖြင့် အစားအစာ ၆ လစာနှင့်ညီမျှသော ငွေကြေးကို လူတစ်ဦးလျှင် ဘတ်ငွေ ၂,၁၀၀ စီအပြင် ခြင်ထောင်၊ အမျိုးသမီး လစဉ်သုံး၊ ခရီးဆောင်အိတ်နှင့် စာရွက်စာတမ်းထည့်သည့်ဖိုင်များကို IOM မှ တစ်ဆင့် ပေးအပ်ကူညီခဲ့သည်ဟုလည်း UNHCR ဘက်က ထုတ်ပြန်ထားသည်။

၎င်းအပြင် ယခုပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန်ဒုက္ခသည်များကို အခမဲ့ပြန်လည်ပို့ဆောင်ပေးရန် တိုင်း နှင့်ပြည်နယ်အသီးသီးမှ ကြိုဆိုပို့ဆောင်ရေးအဖွဲ့များထံ လွှဲပြောင်းမည်ဖြစ်ကာ လူတစ်ဦးလျှင် ထောက်ပံ့ငွေ ၁ သိန်းကျပ်၊ နှစ်ဦးလျှင် ၂ သိန်းကျပ်၊ မိသားစု ၃ ဦးနှင့်အထက်အား ၃ သိန်းကျပ် ထောက်ပံ့ငွေများအပြင် အသုံးအဆောင်ပစ္စည်း ၉ မျိုးနှင့် တစ်လစာဆန်များအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ ပေးသလို အခြားအရပ်ဘက်လူမှုရေးအသင်းအဖွဲ့မှလည်း ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်ဟု ဘေးအန္တ ရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက ပြောဆိုထားသည်။

ပြည်တွင်းမငြိမ်းချမ်းမှု၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေးချွတ်ခြုံကျမှု အစရှိသော အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာပြီး သိန်းနှင့်ချီသော မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ နယ်စပ်ဒုက္ခသည်စခန်းများတွင် ဆယ်စုနှစ်အ တန် ကြာ ခိုလှုံခဲ့ကြရသည်။ လက်ရှိ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် မြန်မာဒုက္ခသည်စခန်း ၉ ခုတွင် စုစုပေါင်း လူဦးရေ ၁ သိန်းခန့် ခိုလှုံနေဆဲဖြစ်သည်ဟု UNHCR၏ ၂ဝ၁၈ခုနှစ်၊ မတ်လတွင် ထုတ်ပြန်ထားသည်။

၂ဝ၁၆ ခုနှစ်မှစ၍ ယခု စတုတ္ထအကြိမ်အပါအဝင် မိမိဆန္ဒအလျောက် နေရပ်ပြန်ရေး အစီအစဉ်အရ နေရပ်မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် ဒုက္ခသည် ဦးရေ ၁,၀၀၀ ခန့်ရှိပြီးဟု မြန်မာအစိုးရ၏ မှတ်တမ်းများအရ သိရသည်။