29 March 2024 /

See today's Peace Related News

KNU နှင့် NRPC အလွတ်သဘော ထပ်မံတွေ့ဆုံ၊ ကြားကာလ ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

KNU -ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်အဖွဲ့များနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန -NRPC တို့သည် ယနေ့ (ဇူလိုင် ၉ရက်)တွင် ရန်ကုန်မြို့ရှိ NRPC ရုံး၌ အလွတ်သဘော ထပ်မံတွေ့ဆုံမှု ပြုလုပ်လျက်ရှိသည်။

ဆွေးနွေးပွဲအတွက် KNU ဘက်မှ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောဆဲပွယ် ဦးဆောင်ပြီး ယခင် ဧပြီလ ၁၁ ရက် နေ့က NRPC နှင့် KNU အကြား အလွတ်သဘောတွေ့ဆုံမှုတွင် ရရှိလာသည့် သဘောထားများအရ ကြားကာလ ဆိုင်ရာ ကိစ္စရပ် များကို အကောင်အထည်ဖော်နိုင်ရန် ယခုလို ထပ်မံတွေ့ဆုံခြင်းဖြစ်သည်ဟု KNU တွဲဖက် အတွင်းရေးမှူး(၂)ဖြစ်သူ ပဒို စောလှထွန်းက ပြောသည်။

၎င်းက “အဓိက ကတော့ ကြားကာလဆိုင်ရာကိစ္စရပ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ ဆုံ ကြတဲ့ အလွတ်သဘောဆွေးနွေးပွဲပေါ့။ အရင်က တစ်ခါမှ အစိုးရနဲ့ ကြားကာလ ဆိုင်ရာကိစ္စတွေကို မဆွေးနွေးဖြစ်ခဲ့ ဘူး လေ။ NCA ထိုးပြီးကတည်းက သုံးနှစ်ကျော်ဖြစ်တဲ့အထိက အခုမှ စတင်ဆွေးနွေးရတဲ့ အခြေအနေပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုတွေ့ဆုံဆွေးနွေးမှုမှ ရရှိလာမည့် သဘောထားများအပေါ် အခြေခံပြီးမှ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် လုပ်ဆောင် သွားနိုင်မည်ဖြစ်ပြီး တရားဝင် ဆွေးနွေးပွဲများကိုလည်း နှစ်ဖက်နားလည်မှု ရရှိချက်အပေါ် အခြေခံ၍သာ အဆင့်ချင်းအလိုက် ဆက်သွားရမည်ဖြစ်ကြောင်းလည်း ပဒိုစောလှထွန်းက ဆက်ပြောသည်။

NCA စာချုပ်အရ နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ မရရှိသေးသည့်ကာလအထိ ကြားကာလများတွင် အကောင် အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များပါဝင်ပြီး ၎င်းလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ယနေ့တွင် ဆွေးနွေးကြခြင်းဖြစ်သည်။

NCA ပါ အခန်း(၆) ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၏ အပိုဒ် ၂၅ (က) အရ ကြားကာလအတွင်း ဆောင်ရွက်ရ မည့်အစီအစဉ်များတွင် ပြည်သူလူထုများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ အခြေခံ ဖွံ့ဖြိုးတိုး တက် ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ၊ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု ထိန်း သိမ်းမြှင့်တင်ရေးဆိုင်ရာ၊ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ၊ မူးယစ်ဆေးဝါး တိုက် ဖျက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးနှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများအတွက် ပြည်တွင်းပြည်ပ အလှူရှင်အဖွဲ့အစည်းများ၏ အကူအညီရယူခြင်းဆိုင်ရာ စသည့်ကိစ္စရပ်များနှင့် လုပ်ငန်းစဉ်များပါဝင်သည်။

ယနေ့ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးမှုကို KNU ဘက်မှ တွဲဖက် အတွင်းရေးမှူး(၁)ပဒို စောဆဲပွယ်၊ ဗဟိုကော်မတီဝင် ပဒိုနော်ဒါးဒါး၊ ဗဟို ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာနမှ ပဒိုစောအယ်ကလူရွှေဦး၊ ဗဟိုစိုက်ပျိုးရေးဌာနမှ ပဒို စောနေသဘ လေး၊ ဗဟိုသစ်တောဌာနမှ ပဒို မန်းဘထွန်းတို့ တက်ရောက်ပြီး NRPC ဘက်မှ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ဦးမိုးဇော်ဦးနှင့် မြန်မာအင်စတီကျု (MIPS) အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးတို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက နေပြည်တော်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ သီးသန့်တွေ့ဆုံခဲ့မှုနှင့်ပတ်သက်၍ ကေအဲန်ယူအဖွဲ့အတွင်း ပြန်လည်သုံးသပ်မှုများ လုပ်ဆောင် ခဲ့ပြီးနောက် ကေအဲန်ယူ အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တရားဝင် ဆွေးနွေးပွဲ အစည်းအ ဝေးများထက် အလွတ်သဘောတွေ့ဆုံမှုဖြင့်သာ ဆွေးနွေးအဖြေရှာသွားရန် ထုတ်ပြန်ပြောဆိုခဲ့ပြီး တရားဝင်ဆွေးနွေးပွဲ အစည်းအဝေး ပွဲများ ရပ်ဆိုင်းထားသည့် ၈ လကျော်ကြာအတွင်း အလွတ်သဘောတွေ့ဆုံမှု ငါးကြိမ်ထက်မနည်း ရှိခဲ့ပြီးဖြစ်သည်။