29 March 2024 /

See today's Peace Related News

ကရင်ပြည်နယ်ရှိ မြို့နယ်အဆင့် လူငယ်ရေးရာကော်မတီဖွဲ့ရန် ညှိနှိုင်း

ကရင်ပြည်နယ်တွင် ပြည်နယ်အဆင့်ဖွဲ့စည်းထားပြီဖြစ်သည့် လူငယ်ရေးရာကော်မတီကို မြို့နယ်အဆင့် ထပ်မံဖွဲ့စည်းနိုင်ရန်အတွက် ယနေ့ (ဇူလိုင်လ ၁၈ ရက်) ဖားအံမြို့တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်။

ဖားအံမြို့၊ တော်ဝင်ရတနာဟိုတယ်၌ ပြုလုပ်ခဲ့သည့် အဆိုပါလုပ်ငန်း ညှိနှိုင်း အစည်းအဝေးနှင့်ပတ်သက်ပြီး ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး နန်းထက်ထက်လင်းစိုးက ကေအိုင်စီသို့ ယခုလို ပြောဆိုသည်။

၎င်းက “ဒီနေ့ အဓိကရည်ရွယ်တာကတော့ မြို့နယ်အဆင့်ကော်မတီတွေ ဖွဲ့စည်းနိုင်ဖို့အတွက် လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ဖို့၊ ကရင်ပြည်နယ်အတွင်းမှာ လူငယ်အရေးနဲ့ ပတ်သက်ပြီး ဦးစား ပေးအကောင်အထည်ဖော်သွားမယ့် အစီအစဉ်လေးတွေကို အတည်ပြုဖို့အတွက် အစည်းအဝေး လုပ်ရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်ပြီး လူငယ်ရေးရာ မူဝါဒဆိုသည်မှာ နိုင်ငံတစ်နိုင်ငံရှိ လူငယ်များ၏ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အနာဂတ် အလား အလာကောင်းများကို ဖြည့်ဆည်းနိုင်မည့် မဟာဗျူဟာလမ်းညွှန်ချက်များကို စနစ်တကျဖော်ညွှန်းထားသော မူဘောင် တစ်ခုဖြစ်သည်ဟု သိရသည်။

အဆိုပါလူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကရင်ပြည်နယ်အဆင့် လူငယ်ရေးရာ ကော်မတီကို ဖားအံမြို့၊ ကန်သာဦးခန်းမ၌ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးနောက် တစ်နှစ်ကျော် အကြာတွင် ပြည်နယ်ရှိ မြို့နယ်အဆင့်ကော်မတီဖွဲ့ရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဌ ဝန်ကြီး စောဘိုဘိုက “အစကတည်းက လူငယ် ရေးရာကိစ္စတွေ စိတ်ဝင် စားတယ်။ ဒီတစ်ခေါက်မတွေ့ခင် အရင်က သုံးခါလောက် လူငယ်အဖွဲ့တွေနဲ့ တွေ့ပြီး ဘာအကြောင်းအရာတွေရှိတယ်။ ကျနော်တို့ဖက်က ဘာလုပ်ပေးမလဲဆိုတာတော့ ပြောထား ပြီးသား။ ဖြစ်ချင်တာကတော့ ကရင်ပြည်နယ်လူငယ်တွေရဲ့ အနာဂတ်ကို အကောင်းဆုံး ဖော်ဆောင်နိုင်မယ့် ရပ်ဝန်းတစ်ခုဖြစ်လာဖို့ဖြစ်တယ်” ဟုပြောသည်။

ကရင်ပြည်နယ်အဆင့် လူငယ်ရေးရာကော်မတီကို ပြည်နယ်အတွင်းရှိ မြို့နယ်၊ လူမျိုး၊ မသန်စွမ်း၊ အလုပ်သမား၊ ပါတီအရပ်ဘက်အဖွဲ့အစည်း၊ တက္ကသိုလ်လူငယ် စသည့် အလွှာအသီး သီးကိုယ်စားပြုလူငယ် ၁၆ ဦး ဖြင့်ဖွဲ့ စည်းထားသည့်အပြင် အရံကိုယ်စားလှယ် ၁၆ ဦးကိုပါ ထည့်သွင်းဖွဲ့စည်းထားသည်ဟုလည်း သိရသည်။

ယနေ့ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးတွင် ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး စောဘိုဘိုဝေမောင် အပါအဝင် ပြည်နယ်အစိုးရဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ လူငယ်ရေးရာကော်မတီမှ အဖွ့ဲဝင်များ စုစု ပေါင်း ၄၀ ဦး ကျော် တက်ရောက်ခဲ့ကြသည်။