ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့ဝင် ဦး အင်ရှန် ဆန့်အောင်အမြင်သဘောထား

0
308

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ (တတိယအကြိမ်) အပေါ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG (Peace-Talk Creation Group) ၏ အမြင်သဘောထားကို အဖွဲ့ဝင် “ဦး အင်ရှန် ဆန့်အောင်” အား တွေ့ဆုံ မေးမြန်းခြင်း

KNG။ ။ ဆရာတို့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေအနေနဲ့ NLD အစိုးရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြုလုပ်တဲ့ တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံ ကြိုတင်ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ဆရာတို့ရဲ့ အမြင်ကို ပြောပြပါသည်။

ဖြေ။ ။ တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ကျွန်တော်တို့ တိုင်းရင်းသားတွေအနေနဲ့ အနည်းငယ် သတိထားပြီး နားထောင်နေရတဲ့အချိန်ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပထမဦးဆုံး လက်မှတ်ရေးထိုးတဲ့ ပင်လုံ ကတိကို ပယ်ဖျက်ပေးလိုက်မှာကို ကျွန်တော်တို့ တိုင်းရင်းသားတွေ အရမ်းစိုးရိမ်နေကြတယ်။

အဲဒီကတိတွေကို ပြန်လည်ဖြည့်စွက်ပေးတဲ့ ဆွေးနွေးပွဲဆိုရင်တော့ အရမ်းကောင်းတာပေါ့။ နောက်တစ်ခုက အဲဒီတုန်းက ကတိတွေကို ပယ်ဖျက်လိုက်မယ်ဆိုရင်တော့ အဲဒီဆွေးနွေးပွဲက အကျိုးမရှိဖြစ်သွားမယ်လို့ ထင်မြင်ယူဆတယ်။ ပထမ တစ်ခေါက် ညီလာခံ ဆွေးနွေးပွဲတုန်းကတော့ ပွင့်လင်းမြင်သာမှု အနည်းငယ်ရှိခဲ့သလိုနဲ့ ဒုတိယအကြိမ်မြောက်မှာတော့ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ လုပ်သွားတာကိုတွေ့ရတယ်။ ယခုလာမယ့် တတိယအကြိမ်မြောက်မှာတော့ တိုင်းရင်းသားတွေ အားလုံး ပါမယ်။ ဒါပေမယ့် သူတို့က များသော အားဖြင့် လေ့လာသူ (Observer) တွေအနေနဲ့ပဲ တက်ရောက်တာများမယ်။ ကိုယ့်ရဲ့ တိုင်းရင်းသားလူမျိုးစုတွေအတွက် ဆွေးနွေးခွင့်မရဘူးဆိုရင်တော့ ဒီတစ်ခေါက် အစည်းအဝေးလည်း အရမ်းကို ထိရောက်လိမ့်မယ်လို့တော့ မထင်ဘူး။ ဒါပေမယ့် အဲဒီဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေ ပါဝင်ဆွေးနွေးခွင့် ရ မရကိုတော့ အဲဒီဆွေးနွေးပွဲရဲ့ အခြေအနေရလဒ်ကိုပဲ စောင့်ကြည့်ရမယ်လို့ ထင်တယ်။

KNG။ ။ တတိယအကြိမ်မြောက် ဆွေးနွေးပွဲမှာ ကချင်လွတ်လပ်းရေးအဖွဲ့ KIO ဘက်က တရားဝင် ဆွေးနွေးဖို့ မရှိဘူးလို့ သိထားတယ်။ ငြိမ်ချမ်းမှု မရှိဘဲ တိုက်ပွဲဆက်တိုက်ဖြစ်နေဆဲ ကချင်ပြည်နယ်မှာ KIO အနေနဲ့ ညီလာခံမှာ တရားဝင် ဆွေးနွေးမယ်ဆိုရင် ကျွန်တော်တို့ ကချင်ပြည်နယ်အတွက် တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းမှု ကို ရရှိနိုင်မလား။ အဲဒီအပေါ် ဆရာရဲ့ အမြင်သဘောထားကို ပြောပြပေးပါ။

ဖြေ။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ ကချင်တိုင်းရင်းသားတွေအားလုံးက ငြိမ်းချမ်းရေးကို လိုချင်ကြတာချည်းပဲ။ ဒါပေမယ့် ဆွေးနွေးညှိနှိုင်းတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် အယူအဆတွေ မတူဘဲ သဘောထား ကွဲလွဲမှုတွေတော့ ရှိခဲ့တယ်။ ၂၀၁၅ နောက်ပိုင်းမှာဆိုရင် တရားဝင် ဆွေးနွေးတယ်ဆိုတာ တစ်ခါမှ မရှိတော့ဘူး။ အတွင်းမှာဘဲ ဆွေးနွေးမှု ရှိခဲ့တယ်။ ဆိုတော့ တကယ့်ငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်တဲ့နေရာမှာ နှောင့်နှေး ကြန့်ကြာမှုတွေ အများကြီးရှိစေမယ်လို့ ကျွန်တော့ ထင်တယ်။

KNG။ ။ ဆရာ့အနေနဲ့ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဖြည်စွက်ပြောပြချင်တာရှိရင် ပြောပြပေးပါ။

ဖြေ။ ။ ကျွန်တော်တို့ တိုင်းပြည်မှာ လွတ်လပ်ရေးရပြီးတာ တစ်ပြိုင်နက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်သွားတာကို တွေ့ရတယ်။ ဒါတွေဟာ ကတိကဝတ်ကို ဖျောက်ဖျက်လိုက်တာကြောင့် ကတိကဝတ်ကို ပြန်လည် ဖြည့်စွက်မယ်၊ အချင်းချင်း ညှိနှိုင်းတိုင်ပင်မှုတွေ များများ လုပ်ဆောင်နိုင်ရင် ကျွန်တော်တို့ရဲ့ တိုင်းပြည်ဟာ ငြိမ်းချမ်းရေးဘက်ကို ဦးတည်လာနိုင်မယ်။ ပြီးတော့ အချင်းချင်း မသင်္ကာမှုတွေ မရှိဘဲနဲ့ ဒီတိုက်ပွဲတွေကိုလည်း ရပ်နားပြီးတော့ ငြိမ်းချမ်းရေးကို များများ ဦးစားပေး လုပ်ဆောင်ပေးရင် ငြိမ်းချမ်းရေးကတော့ ရှိမှာပါ။ ပေါင်းစည်းရေး ခွဲထွက်ရေးဆိုရင်လည်း စားပွဲပေါ်မှာ ဆွေးနွေးတာက တကယ် အရေးကြီးဆိုတော့ စိတ်ရှည် လက်ရှည်နဲ့ ညှိနှိုင်းတိုင်ပင်မှုကို များများ လုပ်ဆောင်ပေးရင် ငြိမ်းချမ်းရေးကို ရရှိလာနိုင်မယ်လို့ ယုံကြည်တယ်။ ငြိမ်းချမ်းရေကိုတော့ ကျွန်တော်တို့ ကချင်တိုင်းရင်းသားမျိုးနွယ်စုတွေအားလုံး လိုချင်ကြသလို၊ KIO ဘက်ကလည်း လိုချင်ကြမှာဘဲ ဆိုတော့ မြန်မာအစိုးရဘက်လည်း ဆွေးနွေး ညှိနှိုင်းမှုကို အဓိကတော့ ဦးစားပေးဆွေးနွေးပြီး တူညီတဲ့ အချက်တွေကို သေချာ ဆွေးနွေး လုပ်ဆောင်နိုင်ရင်တော့ ငြိမ်းချမ်းရေးဘက်ကို ဦးတည်လာနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here