29 March 2024 /

See today's Peace Related News

ပြည်နယ် တိုင်ကြားစာ ကော်မတီဥက္ကဌ စောလှမြင့်နှင့် တွေ့ဆုံခြင်း

“ပြည်သူတွေ စိတ်ကျေနပ်လောက်တဲ့အထိ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးဘူး”

ကရင်ပြည်နယ်လွှတ်တော်ရှိ အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံ စာဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဌဖြစ်သူ စောလှမြင့်အား ကေအိုင်စီ-ကရင်သတင်းဌာန၏ သတင်းထောက် စောရှားက သီးသန့်တွေ့ဆုံ မေးမြန်းထားသည်များကို စုစည်းတင်ပြလိုက်ပါသည်။

မေး။ ။ ကရင်ပြည်နယ်လွှတ်တော်၊ အစိုးရအဖွဲ့ရဲ့ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာ ဆိုင်ရာ စိစစ်ရေးကော်မတီရဲ့ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်နဲ့ ကော်မတီရဲ့ ဖွဲ့စည်းပုံကို သိပါရစေ။

ပြည်သူလူထုတွေရဲ့ ခံစားချက်၊ ထိခိုက်နစ်နာချက်တွေကို ဖြေရှင်းဆောင်ရွက်ပေးလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ ဥက္ကဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်ဆိုပြီး ဖွဲ့စည်းထားပြီးတော့ စုစုပေါင်း ၁၁ ဦး ရှိပါတယ်။ ၁၁ ဦးထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၃ ယောက်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁ ယောက်၊ အငြိမ်းစားတွေဖြစ်တဲ့ ရှေ့နေ၊ တရားသူကြီး၊ တရားရေးက အငြိမ်းစား အကြီးအကဲတစ်ယောက် ပါတယ်။ နောက်ပြီး NLD ရဲ့ ခရိုင်နဲ့ မြို့နယ်ဥက္ကဌတွေပါဝင်ပါတယ်။

မေး။ ။ ကော်မတီ လုပ်ငန်းစဉ်တွေကို သိပါရစေ။

အဓိက နှစ်ခုရှိတယ်။ တစ်ခုက ကတိကဝတ်။ လွှတ်တော်အစည်းအဝေးမှာ မေးခွန်းတွေ မေးတာရှိတယ်။ ဥပမာ- ကိုယ်စားလှယ်တစ်ယောက်က ဒီလမ်းကို ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိ၊ မရှိမေးတာ့ ဝန်ကြီးက လာမယ့် ဘဏ္ဍာ နှစ်မှာဆောင်ရွက်ပေးမယ်လို့ ပြန်ဖြေတာက ကတိကဝတ်ဖြစ်ပြီး။ အဲတာက တစ်ခု။ နောက် တစ်ခုက တိုင်စာ။ လူထုတွေရဲ့ တိုင်ကြားစာအပေါ်မှာ မူတည်ပြီး တိုင်လာတဲ့လူရော၊ သူ့သက်သေရော၊ တိုင်ခံရတဲ့လူတွေ၊ သူ့သက်သေတွေကို ခေါ်ကြားနာ၊ ခေါ်စစ်တယ်။ ပြန်သုံးသပ်ပြီး မြေပြင် အခြေအနေနဲ့ သဟဇာတဖြစ်မဖြစ် ကွင်းဆင်းတယ်။ ပြန်သုံးသပ်တယ်။
လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့် ကတော့ တွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက် အဲဒီလောက်ပဲ လုပ်လို့ရတယ်။ အဲပေါ်မူတည်ပြီးတော့မှ အစိုးရအဖွ့ဲကို ပြန်လွှဲပေးတယ်။ အစိုးရက ပြန်ပြီး အကောင်အထည်အဖော်တယ်။ ကျနော်တို့ကော်မတီက ဒီလိုလုပ်ရမယ်၊ ဒီလိုဖြစ်ရမယ်ဆိုပြီးတော့ ပြောလို့မရဘူး။ ကိုယ်စားပြုတဲ့ သဘော လောက်ပဲရှိတော့ ဆုံးဖြတ်ချက်ချပေးလို့မရပါဘူး။

မေး။ ။ တိုင်ကြားမှုအထဲမှာ ဘယ်အမှုက အများဆုံးဖြစ်ပြီးတော့ အဲဒီတိုင်စာထဲမှာ ဘယ်နှစ်မှုလောက်ကို စိစစ်လုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီလဲ။

လယ်မြေကတော့ ၉၉ ရာခိုင်နှုန်းလောက်ရှိတယ်။ မြေယာကိစ္စတွေမှာ တပ်နှင့် ဖြစ်ပွားတဲ့ကိစ္စ၊ အစိုးရ ဌာနဆိုင်ရာနဲ့ ဖြစ်ပွားသည့်ကိစ္စ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖြစ်ပွားတဲ့ကိစ္စ၊ ကုမ္ပဏီနဲ့ ဖြစ်ပွားတဲ့ကိစ္စတွေပါဝင်တယ်။ ကျန်တာ တွေကတော့ တစ်ခု၊ နှစ်ခုလောက်ပဲရှိမယ်။

၂၀၁၆ ခုနှစ်တုန်းက တိုင်စာက ၅၄ စောင်ရှိခဲ့တယ်။ ပြီးစီးမှုက ၃၁ ခု၊ အစိုးရအဖွဲ့ကို လွှဲပြောင်းတာက ၂၃ ခုရှိတယ်။ ၂၀၁၇ ကတော့ တိုင်စာ ၉၈ စောင်မှာ ၅၆ စောင်ပြီးတယ်။ ၄၂ စောင် အစိုးရအဖွဲ့ကို လွှဲပြောင်းပေးတယ်။ ၂၀၁၈ ဇူလိုင်လ အထိတော့ ၉၉ စောင်တိုင်ကြားတဲ့အထဲမှာ ၄ စောင်ပြီးတယ်။ ၈ စောင် လွှဲပြောင်းတယ်။ အခု သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာအထိဆိုရင် ဆောင်ရွက်ဆဲ အများကြီးပဲ။ တစ်လကို မရှိဘူးဆိုရင် အနည်းဆုံး ၅ မှု ၁၀ မှု ကြား လောက် ဝင်လာတယ်။ တိုင်စာ တွေဟာ အစောင်ရေ ၁၀၀ ကျော်လောက် ဆောင်ရွက်ဆဲပဲ။

မေး။ ။ အရေးယူဆောင်ရွက်မှုအပိုင်း ရလဒ်အပေါ်မှာရော အားရကျေနပ်မှု ဘယ်လောက်ရှိလဲ။

တိုင်စာနဲ့ပတ်သက်ပြီးတော့မှ အရင်လအထိ အစိုးရအဖွဲ့ဆီကို ၅၉ ပို့လိုက်တယ်။ တလောက ပြန်လာတယ်။ ဥပမာ- မြေနဲ့ပတ်သက်တဲ့ကိစ္စတစ်ခုက မြေစာရင်းကို ပို့လိုက်တယ်။ ဘယ်ကို ပို့လိုက်တယ်။ ဘယ်ကိုပို့လိုက်တယ်။ အဲဒီလိုပဲပြန်လာတယ်။ ဘာတွေဆောင်ရွက်ပေးတယ်ဆိုတာတော့ မရှိဘူး။ အောက်ခြေမှာပြေလည်မှုရှိလား။ တိုင်ကြားတဲ့ ဟာတွေဟာ ကျေနပ် မှုရှိလားဆိုတာကတော့ မသိရဘူး။ အစိုးရအဖွဲ့က ဒီလိုဆောင်ရွက်ပေးတယ်ဆိုတာကို ကော်မတီက တိုင်ကြားသူပြည်သူတွေကို ပြန်လည်ချပြနိုင်မယ်ဆိုရင် လွှတ်တော်ရော၊ အစိုးရအဖွဲ့ရောက Roll တက်မယ်။ ခုက အစိုးရအဖွဲ့ဆီမှာ ဘယ်လို အခက်အခဲရှိလို့လဲ မသိဘူး။ လုပ်တုန်းပဲလား။ မလုပ်ပဲပစ်ထားတာလားဆိုတာကတော့ မသိဘူး။ ဦးတို့ဖက်ကတော့ ဆောင်ရွက်ချက်တွေအားလုံးကို ကာယကံရှင်တွေကို ပြန်လည်အသိပေးပါတယ်။
လက်ရှိအစိုးရသက်တမ်းကလည်း တဝက်ကျော်လာပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လူထုတွေကလည်း လာမေးလာကြ တော့ ဦးတို့ကလည်း ကဲ ငါတို့ အစိုးရအဖွဲ့ကို လွှဲပြောင်းပေးပြီးသွားပြီ။ ငါတို့အဖွဲ့ လုပ်ပိုင်ခွင့်က ဒီလောက်ပဲရှိတယ်ကွာ ဆိုတဲ့ခါကျတော့ သူတို့တွေကတော့ တဝက်လောက်ပဲ ကျေနပ်မှုရှိတယ်။ ရာနှုန်းပြည့်တော့မရှိသေးဘူး။ အဲတော့ လွှတ် တော်ကလည်း ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတော့ လွှတ်တော်အစည်းအဝေးမှာ ဒီကိစ္စကို မေးခွန်းမေးမလား။ ဒါမှမဟုတ် အခြားနည်းလမ်းနဲ့လားဆိုတာကတော့ ပြန်ဆွေးနွေးဖို့ရှိပါတယ်။

မေး။ ။ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေက ဘာတွေရှိလဲ။

တခါတလေခေါ်လိုက်တယ်။ ဆက်သွယ်ရေးက တိုက်ရိုက်ခေါ်လို့မရဘူး။ ခေါ်ချင်ရင် အစိုးရအဖွဲ့ကိုပို့၊ အစိုးရ အဖွဲ့က နေတဆင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးကိုပို့၊ အဲတဆင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးကို ပို့တဲ့အခါကျတော့ အချိန်မမီတာတွေဖြစ်တယ်။ ကြီးကြီးမားမားအခက်အခဲတော့မရှိပါဘူး။

မေး ။ ။ တိုင်ကြားစာကော်မတီကို တိုင်ကြားချင်ရင် ဘယ်လိုတိုင်ကြားရမလဲ။

တိုက်ရိုက်တော့မပို့နဲ့ မှတ်ပုံတင်စာနဲ့တကွလာ၊ တိုင်ကြားသူအမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ အပြည့်အစုံ၊ ဖုန်းနံပါတ်။ တစ်ခုရှိတယ်။ တိုင်ပြီး ခေါ်တဲ့အခါကျတော့ မလာဘူး။ အဲဒါက ပစ်စာသဘော မျိုးဖြစ်သွားတဲ့အတွက် အရေးယူဆောင်ရွက်ပေးလို့မရဘူး။ Online ကနေ တိုင်တဲ့အထိတော့ ဦးတို့ လွှတ်တော်မှာတော့ မရှိသေးဘူး။
မေး။ ။ ပြည်သူတွေကို ဘယ်လို သတင်းစကား ပေးချင်ပါသလဲ။

လွှတ်တော်ကတော့ ဥပဒေပြုတယ်။ ပြည်သူတွေကို ကိုယ်စားပြုတယ်။ ပြည်သူတွေကို ကိုယ်စားပြုတော့ တိုင်ချင်ရင် တိုင်ကြားကြပါ။ အဲဒီအပေါ်မှာလည်း လုပ်သင့်လုပ်ထိုက်တာတွေကို အကုန်လုံးတော့ ဆောင်ရွက်ပေးတယ်။ အခက်အခဲ တွေကလည်း အမျိုးမျိုးရှိတဲ့အခါကျတော့ ပြည်သူတွေ စိတ်ကျေနပ်လောက်တဲ့အထိ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးဘူးပေါ့။ လုပ်ပိုင်ခွင့် အကန့်အသတ်ကလည်းရှိတဲ့ခါကျတော့။