ပဒိုစောတာဒိုမူးနှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း

0
182

“မြန်မာအစိုးရနဲ့ မြန်မာတပ် မတော်ဘက်ကလည်းပဲ NCA အတိုင်း ရပ်တည်မယ်ဆိုရင် လမ်းကြောင်းက တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းနှင့် အစိုးရတို့အကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် တစ်ဆို့နေသည့်အကြောင်းအရာများကို အဖြေရှာနိုင်ရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ (၆)ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီအရေးပေါ် အစည်းအဝေးကို ဖားအံခရိုင်၊ လေးဝါး(လော်ခီးလာ)တွင် နိုဝင်ဘာလ ၆ရက်မှ ၁ဝ ရက်နေ့အထိ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးနှင့်ပတ်သက်ပြီး ကေအဲန်ယူ၏ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး အား ကေအိုင်စီ-ကရင်သတင်းဌာနမှ သီးသန့်တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်သည်။

မေး။ ။ ၆ ကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီအရေးပေါ်အစည်းအဝေးမှာ ဘာအကြောင်းအရာတွေကို အဓိက ဆွေးနွေးခဲ့ကြသလဲ။

အစည်းအဝေးမှာ ကျနော်တို့ အဓိက ဆွေးနွေးတဲ့အကြောင်းအရာက သုံးခုရှိပါတယ်။ တစ်တစ်ချက်ကတော့ ထိပ်သီးအစည်းအဝေးမှ ရလဒ်တွေကို ကျနော်တို့ အတူတကွ ပြန်လည်သုံးသပ်ကြတယ်။ ဒုတိယအချက် ကတော့ တိုင်းရင်းသားတွေပူးပေါင်းလုပ်ဆောင်မှု အပိုင်း၊ ပြန်လည် သုံးသပ်ပြီးတော့ ရှေ့ဆက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘယ်လို ဆက်သွားမလဲဆိုတဲ့ကိစ္စရယ်၊ သုံးချက်တစ်ချက်ကတော့ ရှေ့ဆက် ကျနော်တို့ ဘယ်လိုဆက်သွားမလဲ ပြီးတော့ အခြေအနေအားလုံးကို ညှိနှိုင်းတိုင်ပင်ပြီး ဘယ်လို ဆက်သွားမလဲဆိုတဲ့အကြောင်းတွေပါပဲ။

ပြောရမယ်ဆိုရင် ကျနော်တို့ ရှေ့ဆက်သွားနိုင်ဖို့က ကျနော်တို့အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု (Informal) သွားမယ်ပေါ့။ အခက်အခဲ ကြီးကြီးမားမားဖြစ်ပေါ်လာခဲ့သော် ပါဝင်တဲ့ ခေါင်းဆောင် (Stake holders) ကနေပြီးတော့ တွေ့ဆုံကြပြီး ဝိုင်းဝန်းအဖြေရှာကြမယ်။ သူတို့ရဲ့ စိုးရိမ်မှုတွေကို ဖော်ပြမယ်။ နှစ်ဖက်စလုံးပေါ့။ လမ်းကြောင်းတစ်ခုကို ဆွေးနွေးကြမလား၊ ဘယ်လိုလမ်းကြောင်းကို အဖြေရှာမလဲ၊ အကြိမ်ကြိမ်တွေ့ဆုံကြခြင်းဖြင့် အဖြေတွေက ထွက်ပေါ်လာနိုင်ပါတယ်။

အဲဒါကြောင့် နိုင်ငံတကာက သွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပြန်ကြည့်မယ်ဆိုရင်လည်းပဲ သူတို့လည်း ဒီလိုပဲ ဖြတ်သန်းခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားဝင်အစည်းအဝေးတွေကို ကျနော်တို့ လုပ်ဆောင်သွားမယ်ဆိုရင် အစည်းအဝေးတက်လာရင် အဖွဲ့အစည်းရဲ့သဘောထားရပ်တည်ချက်တွေကို တစ်ပြိုက်နက်ကို ယူလာရတယ်။ အဲဒါကြောင့် ဗွီဒီယို ကင်မရာရှေ့မှာ ဆွေးနွေးကြတယ်။ ကိုယ့်နေရာ၊ သူနေရာနဲ့ ဆွေးနွေးကြတဲ့အပေါ်မှာ လွယ်လွယ်နဲ့ အဖြေမထွက်နိုင်ဘူး။

မေး ။ ။ KNU အစည်းအဝေးရဲ့ ထုတ်ပြန်ချက်မှာ Stakeholders တွေက NCA ပေါ် နားလည်မှုကွဲလွဲ နေတယ်ဆိုတဲ့အချက်ကို နည်းနည်းရှင်းပြပေးပါလား။

NCA အခန်း (၁) ထဲမှာ ပြန်ကြည့်မယ်ဆိုရင် နိုင်ငံတော်အစိုးရနဲ့ကျနော်တို့ အမြင်ချင်းက မတူညီကြဘူး။ ဥပမာ-ဒို့တာဝန်အရေးသုံးပါးဆိုတာက မြန်မာ့တပ်မတော် ဘက်က နားလည်တဲ့ ဒို့တာဝန်အရေးသုံးပါးနဲ့ ကျနော်တို့ဘက် နားလည်တဲ့ ဒို့တာဝန်အရေးသုံးပါးက မတူညီကြဘူး။ ပင်လုံစိတ်ဓာတ်ဆိုတာလည်း အဲလိုပါပဲ၊ NCA အခန်း(၃)၊ (၄)၊(၅)၊(၆)မှာလည်း မတူညီကြဘူး။ အခန်း (၆)ကြားကာလဆို ဘာမှ မလုပ်ရသေးဘူး။

ဘာကြောင့်လဲဆိုတော့ အမြင်တွေက မတူညီကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အဲဒါကြောင့် Dialogue (တွေ့ဆုံဆွေးနွေးမှု)တွေက ရှိဖို့လိုအပ်ပါတယ်။ သို့သော်လည်း ကျနော်တို့ အခက်အခဲ ကျနော်တို့ လက်မှတ်ရေးထိုးထားပြီးပြီဖြစ်သော်လည်း ကျနော်တို့ရဲ့ Dialogue က ဖြစ်ပေါ်မလာဘူး။ အဲဒါကြောင့် ကျနော်တို့ ဖန်တီးယူရမှာဖြစ်ပါတယ်။ ကျနော်တို့ ဖန်တီးယူဖို့ဆိုတာ နိုင်ငံတော် အစိုးရနဲ့ Informal အစည်းအဝေးကနေပြီးတော့ ကနဦး ညှိနှိုင်းယူရမှာဖြစ်ပါတယ်။ ကျနော်တို့ အရင်ဆုံးတွေ့ဆုံကြပြီးတော့ စိုးရိမ်ပူပန်မှုတွေကို ရှင်းရှင်းလင်းလင်း တင်ပြဆွေးနွေးပြီးတော့ အတူတကွ အဖြေရှာရမယ်။

မေး။ ။ အခြေခံနိုင်ငံရေး မူဘောင်ချမှတ်ရာမှာ NCA ထိုးတဲ့အဖွဲ့တွေ၊ မထိုးတဲ့အဖွဲ့တွေ အားလုံးပါဝင်ဖို့ပြောထားတယ်။ ဒီဟာကို ဘယ်လိုလုပ်ဆောင်သွားဖို့ရှိလဲ။

NCA စာချုပ်ဆိုတာက လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေအတွက်ကတော့ ငြိမ်းချမ်းရေးဆီကို သွားနိုင်မယ့် တံတားတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း ဥပမာ-ကျနော်တို့ နေရာတစ်ခုကို သွားမယ်ဆိုပါစို့၊ ကိုယ်က လမ်းကြောင်းတစ်ခုသွားမယ်။ ဒါပေမယ့် အခြားသော မိတ်ဆွေတွေကလည်းပဲ အခြားလမ်းကြောင်းနဲ့ သွားဖို့ ရှိကောင်းရှိလာနိုင်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ ရည်မှန်းချက်ကို ရောက်အောင်သွားဖို့ပါပဲ။

အဲဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံရဲ့ သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ NCA လက်မှတ်ထိုး ထားတဲ့ အဖွဲ့တွေက NCA အတိုင်း လမ်းကြောင်းရှိသလိုပဲ NCA လက်မှတ် မထိုးထားတဲ့သူတွေအတွက် အခြားလမ်းကြောင်းက ရှိမယ်ဆိုရင်လည်းပဲ သူတို့လည်း ရှာနိုင်ပါတယ်။ NCA လမ်းကြောင်း အတိုင်းပဲ လာချင်တယ်ဆိုလည်းပဲ လာနိုင်ပါတယ်။ အခြားလမ်းကြောင်းတွေရှိမယ်ဆို ရင်လည်း ကြိုးစားထိုးဖောက်ပြီး အတူတကွ ညှိနှိုင်းကြမယ်။ အတူတကွ သွားကြမယ်ဆိုရင် ဒါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် (Process) ရဲ့ အဓိပ္ပါယ်ပဲလို့ အဲလို ပြောနိုင်ပါတယ်။ သူတို့( NCA မထိုးတဲ့အဖွဲ့)နဲ့ နိုင်ငံတော်အစိုးရတို့ကြားမှာ တွေ့ဆုံမှုတွေက ရှိပါတယ်။ ကျနော်တို့ဘက်ကလည်းပဲ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုတွေက ရှိပါတယ်။

မေး ။။ ဒီအစည်းအဝေးကနေပြီးတော့ ခွဲထွက်ရေး၊ ခွဲမထွက်ရေးကိစ္စနဲ့ တစ်ခုတည်းသော တပ်မတော်ကိစ္စတို့ကို KNU ရဲ့ ရပ်တည်ချက်က ဘယ်လိုထွက်လာသလဲ။

ကျနော်တို့ရဲ့ရပ်တည်ချက်ကတော့ ဒီမခွဲထွက်ရေးကိစ္စက အပြင်ကနေ ဝင်လာတာပဲဖြစ်ပါတယ်။ အဲဒါကြောင့် NCA စာချုပ်အပေါ်မှာပဲ ကျနော်တို့ သဘောတူထားခဲ့တဲ့အတိုင်းပါပဲ ကျနော်တို့ အရင်ဆွေးနွေးရပါမယ်။ ကျနော်တို့ ဥက္ကဌကြီးကိုယ်တိုင်ကလည်းပဲ အစည်းအဝေးမှာ ပြောကြားသွားတာက အဲဒီကိစ္စက NCA နဲ့ သက်ဆိုင်ခြင်းမရှိတဲ့အတွက် ကျနော်တို့က NCA နဲ့ သက်ဆိုင်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် Principle (အခြေခံမူ) တွေကိုပဲ ဆွေးနွေးတာဘဲ ကောင်းပါတယ်ဆိုတာ သဘောထားက ဖော်ပြထားပြီး သားဖြစ်ပါတယ်။ ကျနော်တို့ကလည်းပဲ အဲလိုပဲ ရပ်တည်နေပါတယ်။

တစ်ခုတည်းသော တပ်မတော်ဆိုတဲ့ကိစ္စကို ပြန်ကြည့်မယ်ဆိုရင် ဒီလုံခြုံရေး ဆိုင်ရာကိစ္စဆို ကျနော်တို့ တိုင်းပြည်ကို ဘယ်လို ဖက်ဒရယ်တိုင်းပြည်မျိုးကို တည်ဆောက်သွားကြမလဲဆိုတဲ့ ကိစ္စကိုတောင်မှ ကျနော်တို့ လမ်းကြောင်းရှာလို့မတွေ့သေးဘူး။ တစ်ခုတည်းသော တပ်မတော်ကိစ္စဖြစ်စေ၊ လုံခြုံရေးဆိုင်ရာ ကိစ္စတွေဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုက ထွက်ပေါ်လာတဲ့အဖြေတွေအပေါ်မှာပဲ မူတည်ပါတယ်။ အဲဒါမှ ကျနော်တို့ စဉ်းစားလို့ရမယ်။ အဲဒါကြောင့် ဒီကိစ္စတွေက တစ်ဆင့်ချင်းသွားရမှာဖြစ်ပါတယ်။

မေး။ ။ KNUက ငြိမ်းချမ်းရေးတွေ့ဆုံမှုမှာ ယာယီ ရပ်စဲထားတဲ့အပေါ် ရှေ့ဆက် ဘယ်လိုဆက်သွားကြမလဲ။ မိမိအဖွဲ့အစည်းအတွင်းကော ဘာတွေ ဆက်လုပ်ဖို့ရှိလဲ။

ကျနော်တို့ KNU အဖွဲ့တွင်းမှာ အခုသွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်မှာ ကြိုတင်ပြင်ဆင်မှုတွေရှိရပါမယ်။ ကျနော်တို့ဘယ်လို ဖက်ဒရယ်ပုံစံမျိုးကို လိုလားသလဲ၊ ဘယ်လို ဒီမိုကရေစီမျိုးကို လိုလားသလဲဆိုတာ NCA အရ ကျနော်တို့ မဖြစ်မနေကို ကြိုတင်ပြင်ဆင်ရပါမယ်။

ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ အခွင့်အရေးရပြီးတော့ KNU အတွက် ဝင်ရောက်ပူးပေါင်းလုပ်ဆောင်မှုအပိုင်းမှာ ကိုယ်စားလှယ်အနေနဲ့က နှစ်ယောက်သုံးယောက် အဲလောက်ပဲရှိပါတယ်။ အဲဒီလူတွေက အစည်းအဝေးကို အကြိမ်ကြိမ်သွားပြီးတော့ ပြန်လည်ရှင်းလင်းမှုလုပ်ဆောင်တဲ့အခါမှာ အချိန်မရှိဘူးဆိုတာ ပြောနိုင်ပါတယ်။ အဲဒါကြောင့် အဲဒီအပိုင်းမှာ ကျနော်လို့ လုပ်ဆောင်သွားရမယ်။ ပြီးတော့ အစိုးရနဲ့ Informal အစည်းအဝေးတွေကိုလည်း လုပ်ရပါမယ်။

မေး။ ။ ပြည်သူလူထုတွေကို ဘာသတင်းစကား ပေးချင်ပါသလဲ။

ပြည်သူတွေ ကျနော်တို့ အခြေအနေ အဖြစ်အမှန်အတိုင်းကို နားလည်ရပါမယ်။ အဲဒါကြောင့် ကျနော်နားလည်အောင် ပြောချင်တာက ကျနော်တို့အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးတာက အပစ်အခတ်ရပ်စဲတဲ့အဆင့်ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအဖြေတစ်ခုမှ ထွက်ပေါ်လာတာမရှိသေးပါဘူး။ အပစ်အခတ်ရပ်စဲရေးအဆင့်တစ်ဆင့်ဖြစ်တဲ့အညီ တိုက်ပွဲတွေငြိမ်သွားအောင် ကျနော်တို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ ပြီးတော့ နိုင်ငံရေး အဖြေထွက်ပေါ်လာဖို့ကျနော်တို့ကြိုးစားနေပါတယ်။

ဒုတိယအချက်အနေနဲ့ ကျနော်တို့ ပြောချင်တာကတော့ ကျနော်တို့ သွားနေတဲ့ နိုင်ငံရေးဖြစ်စဉ် တစ်ခုအပေါ်မှာ ကျနော်တို့ တွေ့ဆုံဆွေးနွေးမှုအပေါ်မှာပဲ ဆွေးနွေးအဖြေရှာရမယ် ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် တွေ့ဆုံဆွေးနွေးကြပြီး နိုင်ငံရေးဆိုင်ရာ အဖြေရှာနိုင်ဖို့က သက်ဆိုင်ရာ ပတ်ဝင်သူ ခေါင်းဆောင်တွေဖြစ်ကြတဲ့ တိုင်းရင်းသားတွေဖြစ်စေ၊ နိုင်ငံတော်အစိုးရဖြစ်စေ၊ မြန်မာ့တပ်မတော်ဖြစ်စေ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ဆန္ဒသဘောထားရှိဖို့လိုအပ်ပါတယ်။

အဲဒါကြောင့် ကျနော်ပြောချင်တာက ကျနော်တို့ KNU ကတော့ ခိုင်ခိုင်မာမာ ရပ်တည်နေပါတယ်။ NCA စာချုပ် လက်မှတ်ထိုးထားတာနဲ့အညီ NCA အတိုင်းကို ကျနော်တို့ ဖြောင့်မတ်စွာ လျှောက်လှမ်းသွားမယ်။ မြန်မာအစိုးရနဲ့ မြန်မာတပ်မတော်ဘက်ကလည်းပဲ NCA အတိုင်း တည့်မတ်စွာ ရပ်တည်မယ်ဆိုရင် ကျနော်တို့သွားနေတဲ့ လမ်းကြောင်းက တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ပညာရှင်တွေဖြစ်စေ၊ ပြည်သူတွေ ပြည်တွင်း၊ ပြည်ပ၊ နယ်စပ်တွေမှာဖြစ်စေ အားလုံး သူ့ကဏ္ဍနဲ့သူ ခြေလှမ်းတစ်ခုကိုကျနော်တို့ အတူတကွ လျှောက်လှမ်းမယ်ဆိုရင်၊ ကျနော်တို့ အတူတကွ ရပ်တည်ပြီး အတူတကွညီညီညွတ်ညွတ်နဲ့ သွားဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here