ပဒိုစောနေသဘလေး (လယ်ယာစိုက်ပျိုးရေးဌာနမှူး၊ ကေအဲန်ယူ)

“ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ မြေယာနဲ့ သယံ ဇာတကဏ္ဍကို သွားဆွေးနွေးတဲ့နေရာမှာ ကျနော်တို့ ရည်ရွယ်ထားသလို စိတ်ကျေနပ်မှု မရခဲ့ပါဘူး”

အစိုးရမှ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၈ခုနှစ်)ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာ လ ၁၁ရက်နေ့တွင် ပြဌာန်းလိုက်သည့်အပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ မြေယာနှင့်လယ်ယာစိုက်ပျိုးရေးဌာန မှူး ပဒိုစောနေသဘလေးနှင့် အောက်ပါအတိုင်း တွေ့ဆုံမေးမြန်းထားပါသည်။

ကေအိုင်စီ။ ။ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ မြေယာနဲ့ပတ်သက်ပြီး ဘယ်လိုဥပဒေမျိုး ပေါ်ထွက်လာတာ ရှိသလဲ။

ဒီမြေလွတ်မြေလပ်မြေရိုင်း ဥပဒေရဲ့ရည်ရွယ်ချက်ကို ကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ မြေယာစီမံ ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်မှုလုပ်ငန်းစဉ်တွေနဲ့ ကိုက်ညီမှုမရှိဘူး။ နောက်ပြီး မြေသိမ်းဥပဒေကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံတော် စီမံကိန်း တစ်ခုခုရှိလာရင် အချိန်မရွေး သိမ်းလို့ရတယ်။ အဲ့လိုသိမ်းမယ်ဆိုရင် ပြည်သူလူထုနဲ့ ဆွေးနွေးတိုင်ပင်စရာ မလိုဘူး။ ဒီဥပဒေနှစ် ခုရဲ့ အားနည်းချက်ကို ပြန်ကြည့်မယ်ဆိုရင် ဒီကနေ့ လူ့အခွင့်အရေးစံညွန်း၊ ဒီမိုကရေစီစံညွှန်း၊ ဖက်ဒရယ်စံညွန်း နိုင်ငံတကာစံ ညွှန်းအရ အရမ်းအားနည်းတယ်။ နောက်ပြီး ဒီကနေ့ မြန်မာပြည်မှာ ဖွဲ့စည်းတည်ထောင်မဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုက်ညီမှု မရှိပါဘူး။

နောက်တစ်ခုရှိသေးတာက အမျိုးသားမြေယာမူဝါဒတစ်ခုကို ကြည့်မယ်ဆိုရင်လည်း သူ့ရည်ရွယ်ချက်က ကောင်းတယ် လို့ ထင်ရတယ်။ ကောင်းတယ်ဆိုတဲ့အချက်က တိုင်းရင်းသားမြေယာတွေကို မိရိုးဖလာ ဓလေ့ထုံးတမ်းအစဉ်အလာအရ မြေယာ ဆိုင်ရာတွေကို အာမခံပေးမယ်ပေါ့။ ဒါပေမဲ့ အဲ့ဒီဥပဒေရဲ့အောက်မှာ ရေးထားတဲ့အချက်တွေအရ အာမခံချက်ပေးတဲ့ပုံစံက မြေ ယာဥပဒေနဲ့ အခြေခံသွားရမယ်။ ဆိုတော့ အခုမြေယာဥပဒေအရဆိုရင် မြေလွတ် မြေရိုင်း မြေလပ်ဥပဒေတစ်ခုပဲ ရှိတယ်။ ဒီအ တည်ပြုလိုက်တဲ့ မြေလွတ် မြေရိုင်း မြေလပ် ဥပဒေအရ မြေယာကို တိုင်းထွာရမယ်။ မတိုင်းထွာဘူးဆိုရင် ဒီမြေတွေက ကိုယ့် ဥစ္စာ မဟုတ်တော့ဘူး။ ကိုယ်ပိုင်စီမံလို့မရတော့လို့ ဒေသခံပြည်သူတွေအတွက် အခက်အခဲဖြစ်စေတာပေါ့။

ကေအိုင်စီ။ ။ ဒီ လွတ်၊ လပ်၊ ရိုင်း ဥပဒေက အများစုက ဝေဖန်သုံးသပ်ကြတာ ဒေသခံပြည်သူတွေအပေါ် တရားခံဖြစ်သွား စေတဲ့ဥပဒေမျိုး ဖြစ်တယ်ဆိုတဲ့အပေါ်မှာကော ဘယ်လိုပြောချင်လဲ။

ဒီမြေလွတ် မြေရိုင်း မြေလပ်ဥပဒေကို အချိန်တိုအတွင်း အတည်ပြုလိုက်တဲ့အတွက် ပြည်သူတွေမှာ ဘယ်လောက်ထိ သိရှိနားလည်သလဲဆိုတာကိုတော့ မသိဘူး။ ဒီမြေတွေကို ၆လအတွင်း တိုင်းထွာ မှတ်ပုံတင်မှုမရှိဘူးဆိုရင် သတ်မှတ်ရက် ကျော်လွန်လာရင် ဥပဒေအရ ဖမ်းဆီးခံရမယ်။ လျော်ကြေး ပေးရမယ်။ ထောင်ကျမယ်ဆိုတဲ့အတွက် အချိန်မရွေး ကိုယ်က အပြစ်ကျူးလွန်သူ အလိုလို ဖြစ်သွားတယ်ဆိုတာ သုံးသပ်လို့ရတယ်။
ကေအိုင်စီ။ ။ ဒီဥပဒေအရ အချိန်တိုအတွင်း သွားရောက် မှတ်ပုံတင်ရမဲ့နေရာမှာ မှတ်ပုံတင်ဖို့ တာဝန်ယူဆောင်ရွက်ပေးမဲ့ အခြေအနေ၊ နေရာ၊ ဝန်ထမ်းအင်အား စသည်ဖြင့် လုံလောက်မှု ရှိနိုင်ပါ့မလား။

ကျနော်ယူဆတာတစ်ခုက အစိုးရရဲ့ အုပ်ချုပ်မှုလုပ်ငန်းစဉ်ကို ကြည့်မယ်ဆိုရင် အားနည်းချက်တွေရှိတယ်။ ဘာဖြစ်လဲ ဆိုရင် သူတို့ သတ်မှတ်ထားတဲ့ မြေလွတ် မြေလပ် မြေရိုင်းကို သူတို့ဘက်က ကြည့်မယ်ဆိုရင် အများကြီး မြင်ကြတယ်။ ၆လအ တွင်းပြီးအောင် ဘယ်လုပ်လို့ရမှာလဲ။ နောက်တစ်ခုက ကျနော်တို့ဘက်ကျတော့ မြေလွတ် မြေလပ် မြေရိုင်း မရှိဘူးလို့ ပြောထား တာ။ ဒါပေမဲ့ သူတို့ဘက်ရှိတယ်လို့မြင်ပြီး လုပ်မယ်ဆိုရင် ဒီ ၆လအတွင်းတော့ မဖြစ်နိုင်ဘူး။ လုပ်လည်း မလုပ်သင့်ဘူး။ လုပ်မဲ့ ဝန်ထမ်း အားနည်းနေမယ်ဆိုရင် လုပ်ဖို့မဖြစ်နိုင်ဘူး။ မြေပုံဆွဲရမယ်။ သွားပြီး အတည်ပြုရမယ်။ ဒါတွေက On Going သွားရမဲ့အ လုပ်တွေ၊ ပုံမှန်လေးနဲ့ တစ်ဆင့်ပြီးတစ်ဆင့် သွားရမယ်။ သွားပြီးတော့ ဒီရက်ကစပြီး သတ်မှတ်ရက်အထိ မှတ်ပုံတင်ရမယ်ဆိုပြီး သတ်မှတ်ထားရင် ဒါက အကြပ်ကိုင်သလိုဖြစ်နေပြီး ကိုယ့်ရဲ့ဥပဒေကို လိုက်နာဖို့လည်း ခက်ခဲလိမ့်မယ်ဆိုတာ လူတိုင်းသိတယ်။

ကေအိုင်စီ။ ။ ဒီဥပဒေ၊ မူဝါဒမျိုးကကော ပြည်သူလူထုအတွက် တရားမျှတမှုရှိရဲ့လား။

ဒီကနေ့ ချမှတ်အတည်ပြုလိုက်တဲ့ မြေယာဆိုင်ရာ ဥပဒေတွေက အဆင်မပြေပါဘူး။ အဆင်မပြေဘူးဆိုတာက ဒီမြေ လွတ် မြေလပ် မြေရိုင်းဥပဒေဆိုတာက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ မြေယာတွေအပေါ် တည့်တည့်သွားနေခြင်းပဲ ဖြစ် တယ်။ ဒီအပစ်ရပ်မတိုင်ခင်ကတည်းက စစ်အစိုးရတွေက မတရား သိမ်းဆည်းတာမျိုးရှိခဲ့တာ အများကြီးရယ်၊ ၂၀၁၂ခုနှစ်မှာ မြေယာဥပဒေထဲကမှ မြေလွတ်မြေလပ်မြေရိုင်း ဥပဒေဆိုတာက ရှိတယ်ဆိုပြီး မှတ်ပုံတင်ရမယ်။ အဲ့လိုမှတ်ပုံတင်ခြင်းဖြင့် ယခင် က မတရား သိမ်းဆည်းထားတာတွေက စီးပွားရေးလုပ်ကွက်တွေအနေနဲ့ ကုမ္ပဏီတွေက ကြီးစိုးနေခဲ့တယ်ဆိုတာ သေချာခဲ့ပြီး ဖြစ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီဥပဒေနှစ်ခုလုံးကို ပြန်ကြည့်မယ်ဆိုရင် ပြည်သူတွေအတွက် ကောင်းတာတွေ လုပ်ပေးဖို့ဆိုတာမျိုး ဥပမာ ပုံစံ(၇) ထုတ်ပေးတာမျိုး စသဖြင့် လမ်းဖွင့်ပေးသလိုဖြစ်နေပေမဲ့ ပုံစံ (၇)ကို လုပ်ဖို့ဆိုတာ မလွယ်ကူသလို အစိုးရအနေနဲ့ ဒါကို အာရုံထားမှာလည်း မဟုတ်ပါဘူး။ သူတို့ အာရုံထားတာ ဒီလိုဥပဒေတွေက ငွေကြေးရင်းနှီးမြှပ်နှံမှုတွေအတွက် အထောက် အပံ့ဖြစ်စေဖို့အတွက်ပဲ ဖြစ်တယ်။ ဥပမာ လမ်းစီမံကိန်းတို့၊ စက်မှုဇုန်တို့ဆိုတာက မြေကွက်တွေ အများကြီး အသုံးပြုရတာမျိုး ဖြစ်ပြီး ဒီလို ဥပဒေက ဒေသခံတွေအတွက်ဆိုတာထက် စီးပွားရေး ငွေရေးကြေးရေး ရင်းနှီးမြှပ်နှံမှုကို ပြန်လည်ထောက်ပံ့ပေးဖို့ ဖြစ်တယ်လို့ပဲ ကျနော် ယူဆမိတယ်။

ကေအိုင်စီ။ ။ ဒီဥပဒေပေါ်ထွက်လာတဲ့အပေါ် ကေအဲန်ယူမှာရှိနေတဲ့ မြေယာမူဝါဒနဲ့ ဘယ်လို ကွာခြားမှုရှိနေပြီးတော့ နှစ် ဖက် ထိစပ်ဒေသတွေမှာ ဘယ်လို အခက်အခဲမျိုးတွေ ဖြစ်ပေါ်လာစေလဲ။

ဒီကနေ့ အစိုးရ ချမှတ်အတည်ပြုလိုက်တဲ့ မြေယာပေါ်လစီနဲ့ ကေအဲန်ယူမှာရှိနေတဲ့ မြေယာမူဝါဒတွေက ဖြောင့်ဖြောင့် ကြီးကို ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ ဆန့်ကျင်ဘက်ဆိုတာက မြေတွေအားလုံးဆိုတာက နိုင်ငံတော်ပိုင်ဖြစ်တယ်။ ပြည်သူတွေ မှာ မြေယာအသုံးပြုသူသာဖြစ်ပြီး မြေယာပိုင်ဆိုင်သူတွေ မဟုတ်ကြဘူး။ ဒါပေမဲ့ ကျနော်တို့ ကေအဲန်ယူမှာရှိတဲ့ မြေယာမူဝါဒက ပြည်သူတွေ အထူးသဖြင့် ဌာနေပြည်သူတွေအနေနဲ့ ၎င်းတို့ရဲ့ မြေယာတွေကို ၎င်းတို့သာလျှင် စီမံပိုင်ခွင့်ရှိတာမျိုးဖြစ်တယ်။ အာ မခံချက်ပေးတာမျိုး ဖြစ်တယ်။

ဆိုတော့ အစိုးရ အလားတူ ကေအဲန်ယူမှာလည်း ခရိုင်မြို့နယ် ဗဟိုအလိုက် အုပ်ချုပ်စီမံမှုအဆင့်ဆင့်ရှိနေပြီးတော့ အစိုးရနဲ့ ကေအဲန်ယူကြား ထိစပ်နယ်မြေတွေမှာ မြေယာတိုင်းထွာ သတ်မှတ်ပေးမှုတွေက ရှိနေတဲ့အခါ ယခင် ၂၀၁၂ခုနှစ် ကေအဲန်ယူနဲ့ အစိုးရအကြား အပစ်ရပ်လက်မှတ် စထိုးခင်က အစိုးရအနေနဲ့ ကေအဲန်ယူရဲ့ မြေယာမူဝါဒတွေအပေါ် အသိအ မှတ်ပြုဖို့ သဘောတူတာမျိုး ရှိပါတယ်။

ဒီ NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားချက်အရ စာချုပ်ပါ သဘောတူညီချက်မှာ ပြည်သူတွေရဲ့ မြေယာကို အတင်းအဓမ္မ သိမ်းယူတာမျိုး မလုပ်ဖို့ ပါရှိတယ်။ အတင်းအဓမ္မ သိမ်းယူတယ်ဆိုတာမျိုးက အာဏာပိုင်တွေ၊ စစ်သား၊ ရဲတွေ ပါရှိတဲ့ ပုံစံမျိုးနဲ့ မြေကိုသွားသိမ်းယူတာမျိုးကလည်း အတင်းအဓမ္မ သိမ်းယူတာဖြစ်သလို မြေလွတ် မြေရိုင်း မြေလပ်ဥပဒေအရ သတ်မှတ်ချိန်အတွင်း မြေယာတိုင်းထွာ မှတ်ပုံတင်မှုမရှိဘူးဆိုရင် အပြစ်ပေး အရေးယူခံရမယ်ဆိုတဲ့ နေရာမှာလည်း ဒါက အတင်းအဓမ္မ သိမ်းယူတာမျိုး ဖြစ်တယ်။

ကေအိုင်စီ။ ။ ကေအဲန်ယူအနေနဲ့ ကိုယ့်နယ်မြေမှာရှိတဲ့ မြေယာတွေကို ဘယ်လိုမျိုးဆောင်ရွက်ပေးတာမျိုးရွိလဲ။

ကေအဲန်ယူအနေနဲ့ ပြည်သူတွေရဲ့လိုအပ်ချက်အရ တောင်းဆိုမှုအပေါ် အထူးသဖြင့် ဌာနေပြည်သူတွေရဲ့ မြေတွေကို တိုင်းထွာပေးပြီး မြေဂရမ်ထုတ်ပေးတာမျိုး လုပ်ပေးပါတယ်။ သူတို့ကိုယ်တိုင် စီမံခန့်ခွဲခွင့် အာမခံချက် စာထုတ်ပေးတာမျိုးပေါ့။ မြေပုံနဲ့တကွ လုပ်ပေးပြီးတော့ မှတ်ပုံတင်ပေးတာပေါ့။

ကေအိုင်စီ ။ ။ ကေအဲန်ယူမှာရှိနေတဲ့ မြေယာဆိုင်ရာ အချက်အလက်တွေနဲ့ လုပ်ငန်းစဉ်တွေအပေါ် အစိုးရအနေနဲ့ အသိအ မှတ်ပြုဖို့အတွက် ဘယ်လိုစိန်ခေါ်ချက်တွေ ရှိနေလဲ။

ဒီကနေ့ လမ်းပွင့်လာတဲ့အပေါ်မှာ ကျနော်မြင်တာက အစိုးရအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပြောင်းလဲနိုင် ဘူးဆိုရင် လမ်းပွင့်ဖို့ လွယ်မှာမဟုတ်ဘူး။ ကျနော်တို့ မြင်တာက မြေယာစီမံခန့်ခွဲမှု လုပ်ငန်းစဉ်က အကြောင်းအရာများစွာနဲ့ ဆက်စပ်တယ်။ သဘာဝပတ်ဝန်းကျင်၊ ရေ၊ သစ်တော စတာတွေနဲ့ အသက်မွေးဝမ်းကြောင်းဖြစ်စေ၊ ဓလေ့ထုံးတမ်းအရ အသက်မွေးဝမ်းကြောင်းတာဖြစ်စေ အများကြီးနဲ့ ဆက်စပ်နေတယ်။ ဒီလို မြေယာစီမံခန့်ခွဲမှုတွေကို ဒေသခံ ခေါင်းဆောင်တွေ၊ ဒေသခံတွေ ကိုယ်တိုင် စီမံနိုင်ပြီးသား။ ဘာဖြစ်လဲဆိုတော့ သူတို့ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ စည်းမျဉ်းဥပဒေကို နားလည်ပြီး သားလည်း ဖြစ်တယ်။ သူတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့တာလည်း နှစ်ပေါင်းများစွာ ကြာမြင့်ပြီးဖြစ်တယ်။ ကျနော်တို့ အခု ပြောဆို ဆွေးနွေးတာက အာဏာခွဲဝေဖို့ပဲ။ ဗဟိုချုပ်ကိုင်မှုနဲ့ သွားဖို့မဟုတ်ဘူး။ ဒီလိုနည်းလမ်းနဲ့ဆို သွားလို့ရမှာ မဟုတ်ဘူး။ အာဏာခွဲ ဝေမှုက ရှင်းရှင်းလင်းလင်းရှိနေမှ ဒီကိစ္စတွေကို ပြောဆိုဆွေးနွေးလို့ရမှာ ဖြစ်တယ်။

ကေအိုင်စီ။ ။ ဒီမြေလွတ်၊ မြေရိုင်း၊ မြေလပ် ဥပဒေအရ မှတ်ပုံတင်ရမဲ့ကိစ္စက တကယ်လို့ မဖြစ်လာခဲ့ဘူးဆိုရင် နောက် ဆက်တွဲ ဘာတွေ ဆက်ဖြစ်သွားနိုင်သလဲ။

တကယ်လို့ ဥပဒေအရ တင်းတင်းကြပ်ကြပ် လုပ်ဆောင်သွားမယ်ဆိုရင် ဒေသခံပြည်သူ၊ ဌာနေပြည်သူတွေရဲ့ ဆန္ဒ၊ အခွင့်အရေးနဲ့ ကိုက်ညီမှုရှိမှာ မဟုတ်ဘူး။ ဒီမိုကရေစီကျင့်ဝတ်နဲ့လည်း မကိုက်ညီဘူး။ လူ့အခွင့်အရေးလည်း ထိခိုက်မှာဖြစ် တယ်။ ဒီဥပဒေအတိုင်း တကယ်ပဲလုပ်ဆောင်မယ်၊ အတင်းအဓမ္မ လုပ်ကိုလုပ်ဆောင်သွားမယ်ဆိုရင်လည်း ကေအဲန်ယူရဲ့ ရည် ရွယ်ချက်နဲ့ ကိုက်ညီမှုရှိမှာ မဟုတ်ဘူး။ ကေအဲန်ယူရဲ့ ရည်ရွယ်ချက်၊ ကိုယ့်ပြည်သူရဲ့ မြေယာသဘာဝအပေါ် ထိန်းသိမ်းစောင့် ရှောက်ဖို့၊ တန်းတူညီတူဖြစ်ဖို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့နဲ့ ကိုက်ညီမှုရှိမှာ မဟုတ်ဘူး။ အခက်အခဲပြဿနာများကို ဖြစ်ပေါ်လာစေ မယ်။

ပထမဆုံးအနေနဲ့ ဒေသခံတွေရဲ့ မြေယာဆုံးရှုံးမှုတွေဖြစ်ပေါ်မယ်။ မြေယာသိမ်းဆည်းမှုတွေ များလာမယ်။ စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေလည်း အများအပြား ဝင်ရောက်လာမှာဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်း ထိတွေ့ပစ်ခတ်မှု တွေလည်း မရှိလာဘူးလို့ ပြောလို့မရဘူး။ ဒါတွေကလည်း အစိုးရအနေနဲ့ အထူးဦးစားပေး စဉ်းစားရမှာဖြစ်တယ်။
ကေအိုင်စီ။ ။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ မြေယာကဏ္ဍလည်း ပါဝင်တာကြောင့် တွေ့ဆုံဆွေးနွေးမှုရဲ့အခြေအနေကိုလည်း သိပါရစေ။

ဘေးမဲ့ကြိုးဝိုင်း ဆိုင်းဘုတ်အား တွေ့ရစဉ်

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုမှာ ကဏ္ဍငါးခုထဲမှာ မြေယာနှင့်သယံဇာတကဏ္ဍလည်း ပါတာပေါ့။ ကျနော်တို့ ကေအဲန်ယူအနေနဲ့ ဖက်ဒရယ်ဆိုင်ရာ မြေယာမူဝါဒကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကနေ စခဲ့တာပေါ့။ အလွှာပေါင်းစုံက ကရင်လူထုတွေ၊ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းပြီးတော့ မြေယာကဏ္ဍအတွက် လိုအပ်တဲ့ ရလဒ်စာတမ်းထွက်ပေါ်လာအောင် ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြတာပေါ့။ ဆွေးနွေးလို့ရလာတဲ့ ရလဒ်တွေကို စာတမ်းတင် လိုက်တာပေါ့။

NCA လက်မှတ်ထိုးတဲ့ ၁၀ဖွဲ့နဲ့လည်း တွေ့ဆုံညှိနှိုင်းကြတာပေါ့။ ကျန်တိုင်းရင်းသားတွေလည်း သူတို့ကိုယ်တိုင် စာတမ်း တွေကိုယူဆောင်လာပြီး စုစည်းလိုက်တာပေါ့။ ဒုတိယအကြိမ် (UPC)မှာသွားတင်ပြတော့ ၁၁ချက်ရလာတဲ့အပေါ် များသောအား ဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးနဲ့ စီးပွားဖြစ်စိုက်ပျိုးမှုတွေ အကြီးအကျယ် လုပ်ဆောင်ဖို့ဖြစ်တယ်။ ၃ကြိမ်မြောက် မှာ မြေယာကဏ္ဍအတွက် အာဏာခွဲဝေရေးကိစ္စတွေကို တင်ပြတဲ့အခါ ကျနော်တို့တင်ပြတာက ဒေသခံ ဌာနေပြည်သူတွေသာ လျှင် မူရင်းပိုင်ရှင်ဖြစ်တာမျိုးပေါ့၊ ဒါပေမဲ့ အစိုးရကတော့ ဒါကို လက်မခံဘဲ ပင်ရင်းပိုင်ရှင်က နိုင်ငံတော်ပဲ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဒီအတိုင်းပဲ ရေးထားတယ်ပေါ့။ ဒါကြောင့် ကျနော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ မြေယာနဲ့ သယံ ဇာတကဏ္ဍကို သွားဆွေးနွေးတဲ့နေရာမှာ ကျနော်တို့ ရည်ရွယ်ထားသလို စိတ်ကျေနပ်မှု မရခဲ့ပါဘူး။

ကေအိုင်စီ ။ ။ ဒီမိုကရက်တစ် ဖက်ဒရယ်စနစ်နဲ့ကိုက်ညီတဲ့ မြေယာမူဝါဒဖြစ်ပေါ်လာဖို့ဆိုရင် ဘယ်လိုဆွေးနွေး အကြံပြုချင် သလဲ။

ကျနော်မြင်တာက အစိုးရအနေနဲ့ ပြန်ဆန်းစစ်ကြည့်သင့်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြောင်းလဲရဖို့ဆိုတာ အသေအချာ ပဲ။ နောက် မြေယာနဲ့ပတ်သက်ပြီး ချမှတ်လိုက်တဲ့ ဥပဒေတွေကို ပြန်ဆန်းစစ်သင့်တယ်။ ဒီရေးဆွဲချမှတ်လိုက်တဲ့ ဥပဒေတွေက များသောအားဖြင့် ရင်းနှီးမြုပ်နှံမှုအတွက်ကိုပဲ ဇောင်းပေးပြီးတော့ အကျိုးဖြစ်ထွန်းဖို့အတွက်ပဲ ဖြစ်တယ်။ စီးပွားရေးနဲ့ ရင်းနှီးမြုပ် နှံမှုတွေ များလာဖို့အတွက်၊ စီးပွားရေးဖြစ်ထွန်းမှုအပေါ်မှာပဲ ကြည့်တာများတဲ့အတွက် ဒေသခံလူထုတွေအပေါ် ထိခိုက်နစ်နာဖို့ များတယ်။ ဒါကြောင့် ဒါတွေကို ပြန်ဆန်းစစ်သင့်ပြီး ပြင်စရာရှိရင် ပြင်ရမှာဖြစ်သလို မြေလွတ်မြေရိုင်းဆိုတာမရှိသလို ကေအဲန် ယူရဲ့ မြေယာ ရည်ရွယ်ချက်နဲ့လည်း ဆန့်ကျင်တာမျိုးဖြစ်တာကြောင့် အစိုးရအနေနဲ့ ဒါကို ဖြုတ်သိမ်း။ ဒါမှမဟုတ် ရုတ်သိမ်းသင့် တယ်။ ပြည်သူလူထုတွေကို အကျိုးဖြစ်ထွန်းစေတာမျိုး မဟုတ်တဲ့အတွက် ဒေသခံလူထု တိုင်းရင်းသားဌာနေပြည်သူတွေကို ချစ်ရင် ဒီလိုဥပဒေမျိုးကို အစိုးရအနေနဲ့ ရုတ်သိမ်းသင့်တယ်။

ကရင်အမျိုးအသားအစီးအရုံး (KNU)၏ စိုက်ပျိုးရေးဌာနမှူး ပဒိုစောနေသဘလေးနှင့် တွေ့ဆုံခြင်း
Tagged on:

Leave a Reply

Your email address will not be published. Required fields are marked *