ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးအတွက် ပြင်ဆင်သည့်အနေဖြင့် ကရင့်အမျိုး သား နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ သဘောထားများ ပြန်လည်စုစည်းခြင်းနှင့် အတည်ပြုခြင်း အစည်းအဝေးပွဲတစ်ခုကို KNU-ကရင် အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ လေးဝါးစခန်း၌ ဇွန်လ ၁ဝရက်မှ ၁၂ရက်နေ့အထိ ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးပွဲကနေတစ်ဆင့် ဒေသအလိုက် လူမျိုးကို အခြေခံသော လူထုတွေ့ဆုံပွဲဆိုင်ရာ အခြေအနေများနှင့် အတည် ပြု ရယူခဲ့သည့် စာတမ်းများ အကောင်အထည်ဖော် လုပ်ဆောင်သွားမည့်အခြေအနေများကို ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ ဦးဆောင်ကော်မတီ(KNDSC)၏ ဒုအဖွဲ့ခေါင်းဆောင်နှင့် ကရင်၊ ကရင်နီ(ကယား)၊ မွန်ပြည်နယ် လူထုတွေ့ဆုံပွဲ၏ (Focal Person) လည်းဖြစ်သူ စောကြည်လင်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။

ကေအိုင်စီ – အခုပြုလုပ်တဲ့ အစည်းအဝေးပွဲရဲ့ ရည်ရွယ်ချက်ကို သိပါရစေ။

ကျနော်တို့ ဒုတိယအကြိမ်လို့ခေါ်မှာပေါ့နော်။ အရင်တုန်းက ပထမအကြိမ် ကရင်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေး ပွဲကျင်းပပြီးခဲ့သလို UPC( ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ)။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအ ကြိမ် အစည်းအဝေးမှာ ကျနော်တို့ရဲ့ ကရင်အမျိုးသားတစ်ရပ်လုံးကနေပြီးတော့ တင်ပြမယ့် စာတမ်းတွေအတွက်ကို ကျနော်တို့ တွေ လုပ်ခဲ့တဲ့ Public Consultation လို့ခေါ်တဲ့ လူထုတွေ့ဆုံပွဲတွေ လုပ်ခဲ့တဲ့ ကိစ္စရပ်တွေ အများကြီး ရှိပါတယ်။ ကျနော်တို့ ဒေသအသီးသီးက နေရာလေးနေရာ လုပ်ခဲ့တာရှိပါတယ်။ တနင်္သာရီတိုင်းဒေသမှာ လုပ်ခဲ့တယ်။ နယ်စပ်ဒေသလို့ခေါ်တဲ့ ကော် သူးလေဒေသမှာလည်း လုပ်ခဲ့တယ်။ ကရင်ပြည်နယ်၊ တောင်ကလေးမှာလည်း လုပ်ခဲ့တယ်။ အဲ့ဒါကတော့ ကျနော်တို့ ကရင် ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် ကိုယ်စားပြုပြီးတော့ လုပ်ခဲ့တာပေါ့။

နောက်တစ်ခု တပ်မဟာ (၂) နယ်မြေဖြစ်တဲ့ ထန်းတပင်မြို့နယ်၊ ထိုလွီဝါးအထက်တန်းကျောင်းမှာ ကျနော်တို့ လုပ်ခဲ့ တာ ရှိတယ်။ အဲ့မှာကတော့ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက ကရင်ပြည်သူတွေ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အမှန်ဆိုရင် ကျနော်တို့ လျာထားတာက နေရာ ၅ခုပါ။ နေရာ ၅ခုဆိုပေမဲ့့ ပဲခူးတိုင်းနဲ့ အထက်မြန်မာပြည်ကိုတော့ ကျနော်တို့ မလုပ်နိုင်ခဲ့ဘူး။ မလုပ်နိုင်ခဲ့ပေမဲ့လည်း နေရာလေးခုမှာရှိနေတဲ့ လူထုတွေ့ဆုံပွဲကနေ ရလာတဲ့ UPC မှာတင်ပြမဲ့ ကဏ္ဍလေးရပ်က စာတမ်းတွေ အတွက် လူထုတွေ့ဆုံပွဲကနေ ပြန်ပေးမဲ့ အကြံပြုချက်တွေ အများကြီးရှိသေးပါတယ်။ အဲ့ဒီပေးလိုက်တဲ့ အကြံပြုချက်တွေကို ပြန် ပြီးတော့မှ အကြိတ်အနယ် ဆွေးနွေးကြပြီး ရလာတဲ့ ဒေသလေးခုက ဖြည့်စွက်ပြင်ဆင်ထားတဲ့ စာတမ်းကို စုစည်းလိုက်ပြီးတော့ အချောသတ်စာတမ်းတစ်စောင်ဖြစ်ဖို့ အစည်းအဝေးကိုလုပ်တာဖြစ်တယ်။

ကေအိုင်စီ။ ။ လူထုတွေ့ဆုံပွဲလုပ်ရတဲ့ အခြေအနေနဲ့ သက်ဆိုင်ရာဒေသတွေမှာ လုပ်တဲ့အခါမှာ အဓိက ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲက ဘာတွေဖြစ်မလဲ။

အခက်အခဲက ပြောမယ်ဆိုရင် အများကြီးရှိပါတယ်။ အရင်ကျနော်တို့ ပထမအကြိမ်ပေါ့နော်။ ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတုန်းကဆိုရင် ကျနော်တို့ ကဏ္ဍအလိုက်တွေ ဆွေးနွေးခဲ့ကြတယ်။ အားလုံး အောင်အောင်မြင်မြင်နဲ့ လုပ်နိုင် ခဲ့ကြတယ်။ အဲ့ဒီ ဖားအံ သီရိဟိုတယ်မှာလုပ်ခဲ့တဲ့ ပထမအကြိမ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာတုန်းကဆိုရင် ဒီက ဒေသအသီးသီးက ခေါင်းဆောင်တွေပါတယ်။ တကယ့်ညီလာခံတက်မယ့် ကိုယ်စားလှယ်တွေ ပြည်တွင်းပြည်ပက မီဒီယာတွေ၊ လေ့လာသူခေါင်းဆောင်တွေ အကုန်လုံးပါပါတယ်။ ပြောရမယ်ဆိုရင်တော့ မြန်မာသိ၊ ကမ္ဘာသိလုပ်နိုင်ခဲ့တယ်။ အစိုးရကော၊ တပ်မတော်ရော ဒီမှာရှိနေတဲ့ EAO(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့)အဖွဲ့တွေကော ပါတီတွေကော အားလုံးစုံစုံညီညီနဲ့ လုပ်တဲ့ ပွဲ ဖြစ်တဲ့အခါကျတော့ ဘာအခက်အခဲမှ မရှိခဲ့ပါဘူး။

ဒါပေမဲ့ ဒီဒုတိယအကြိမ်မှာကျတော့ ပြောရင်တော့ ဟိုဘက်ပြောရရင်တော့ RCSS က စတာပေါ့။ RCSS က သျှမ်း (ရှမ်း)အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ဖို့အတွက် အထစ်အငေါ့လေးတွေကတော့ အားလုံးသိပြီးဖြစ်ပါတယ်။ အဲ့ဒီ အထစ်အငေါ့လေးကစပြီး ဖြစ်လာတဲ့အခက်အခဲတွေက ကျနော်တို့ ကရင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ လာပြီး ရိုက် ခတ်ပါတယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့ကတော့ UPDJC (ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ ပူးတွဲကော်မတီ)ကနေ လမ်းညွှန်ပေးလိုက်တဲ့ ချမှတ်ပေးခဲ့တဲ့ လုပ်ငန်းစဉ်တွေကို ကျနော်တို့ ဘယ်လို ပြန်လုပ်ရလဲဆိုတော့ ပထမအကြိမ် ဆွေး နွေးပွဲကနေ ရလာခဲ့တဲ့ဟာတွေကို ဒုတိယအကြိမ်မှာ ကျနော်တို့ လုပ်ခဲ့ရတယ်။

ဒုတိယအကြိမ်အတွက်ကို ကျနော်တို့ လုပ်တဲ့အချိန်တုန်းက ပြီးပြည့်စုံတဲ့အနေအထားလေးကို မဆွေးနွေးနိုင်ခဲ့ဘူး။ ကျန်ခဲ့တာတွေရှိတယ်။ အဲ့ဒီကျန်ခဲ့တဲ့ဟာတွေကို ပြန်ဆွေးနွေးဖို့ဆိုပြီးတော့ UPDJC ကနေပြီးတော့ ပြန်ချပြတာတွေရှိတယ်။ ချပြတဲ့အခါမှာ အကန့်အသတ်တွေပါလာတယ်။ ဘာအကန့်အသတ်တွေပါလာသလဲ ဆိုတော့ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ခဲ့ဖူးတဲ့ ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်းအရာ ကိစ္စတွေကိုတော့ ကျနော်တို့ မဆွေးနွေးတော့ဘဲနဲ့ ကျန်ရှိတာတွေကိုပဲ ဆွေးနွေးမယ်ဆိုတော့ ကျနော်တို့က လာမယ့် တတိယအကြိမ်အတွက်ကို ကျနော်တို့ပြင်ဆင်ရတော့မယ်။ ပြင်ဆင်တဲ့အခါမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်အနေနဲ့ လုပ်တာမဟုတ်တော့ပဲနဲ့ သွားပြီးတော့ သွားတင်ပြရ မယ်ဆိုရင် ဘာကိုသွားတင်ပြရမလဲ။ အဲ့လိုမျိုးတွေဖြစ်လာတယ်။ လက်ကျန်တော့ လက်ကျန်ပဲ ဘာတွေတင်ပြရမလဲဆိုတဲ့ ပုံစံ မျိုး ပါလာတယ်။

အဲ့တော့ UPDJC ကနေပြီးတော့ ဘာ၊ ဘာဆိုပြီးတော့ ခေါင်းစဉ်လေးတွေ ချပြတာရှိတယ်။ နိုင်ငံရေးမှာဆိုရင် အရင်က ကျနော်တို့ လူထုတွေ့ဆုံပွဲတွေမှာလုပ်ခဲ့တဲ့ ဒီအခြေခံမူတွေပေါ့။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ လိုအပ်တဲ့ အခြေခံမူတွေကို ဆွေးနွေးခဲ့ကြတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ အလွတ်သဘောဆွေးနွေးရတဲ့အဆင့် နောက်ဆုံးခေါင်း စဉ်တွေ ပြောင်းသွားကြတယ်။ အခုဆိုရင် ခေါင်းစဉ်ဆိုရင် လေးမျိုးပြောင်းသွားတာပေါ့။ နိုင်ငံရေးကဏ္ဍတွေမှာ ဒီမှာပြန်ပြီးတော့ အကြိတ်အနယ် ဆွေးနွေးရတာတွေ ဖြစ်လာတယ်။ အခုဆိုရင် ဒီအစည်းအဝေးပွဲကနေ ခေါင်းစဉ်ပြောင်းပြီးတော့ ဆွေးနွေးပြီး တော့မှ အတည်ပြုနိုင်ခဲ့တာပေါ့။ အဲ့တော့ အခက်အခဲကတော့ အထူးသဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ် နိုင်တဲ့အခါကျတော့ ဘယ်နေရာမှာ သွားတွေ့လဲဆိုလို့ရှိရင် ဒီအတိုင်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ဘဲနဲ့ ကရင် ခေါင်းဆောင်တွေ တက်ရောက်ရမယ့်ကိုယ်စားလှယ်တွေ ဘာတွေယူသွားရမလဲ ဆိုတဲ့ပုံစံကျတော့ ယူနိုင်မယ့်အနေအထားကို (KNDCC)အနေနဲ့ စဉ်းစားတယ်။

ဒါကြောင့်မို့ အမျိုးသားအဆင့် နိုင်ငံရေးသဘောဆောင်တဲ့ လူထုတွေ့ဆုံပွဲကနေတစ်ဆင့် သွားမယ်ဆိုတော့ ခေါင်းစဉ် အနည်းငယ်လေး ပြောင်းသွားတယ်။ ဒါပေမဲ့ဆွေးနွေးတာတော့ အဲ့အချက်ပါပဲ။ ဒါကြောင့်မို့ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကနေ ပိတ်ပင်ဟန့်တားမှုကနေ ကျနော်တို့ ကရင်အမျိုးသားလူထုတွေ့ဆုံပွဲတွေမှာ လာရိုက်ခတ်သွားပါတယ်။ ဒါကြောင့် တနင်္သာရီတိုင်းမှာ လုပ်မယ်လို့ လျာထားတဲ့နေရာ အစိုုးရနဲ့ တပ်မတော် အထူးသဖြင့်တော့ တပ်မတော်ဘက်က သူတို့ရဲ့ စိုးရိမ်ချက်နဲ့ပိတ်ပင်ခဲ့တာရှိပါတယ်။ ကျနော်တို့ လျာထားတဲ့နေရာတွေကို ပြန်ပြောရမယ်ဆိုရင် တနင်္သာရီတိုင်းမှာ ဟန့် တားခံရတယ်။ ရန်ကုန်မှာလုပ်တဲ့ပွဲလည်း ဟန့်တားခံရတယ်။ ဧရာဝတီမှာလုပ်တဲ့ပွဲလည်း မဖြစ်မြောက်ခဲ့ဘူး။ ထိုနည်းလည်း ကောင်းပဲ ကျနော်တို့လျာထားတဲ့ ပဲခူးမှာလည်း အဆင်မပြေခဲ့ဘူး။ ဒါတွေကတော့အခက်အခဲတွေ ဖြစ်တာပေါ့။

ဒါပေမဲ့ ကျနော်တို့ကတော့ ဖြစ်လာမယ့် အခက်အခဲကို ကြိုမြင်တော့ Plan A/B ပုံစံအနေနဲ့ ကျနော်တို့လုပ်ခဲ့ပါတယ်။ ဒါကို ဆွေးနွေးပွဲမှာ လုပ်ထားခဲ့တယ်။ အဲ့ပွဲမှာ ကျနော်တို့ Plan A အနေနဲ့ ကျနော်တို့ ဒါတွေကို လုပ်မယ်။ Plan A အနေနဲ့ မရ ရင် Plan B အနေနဲ့ ဘယ်လိုလုပ်မလဲ ဆိုတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ ချမှတ်ခဲ့တယ်။ ချမှတ်ထားတဲ့အတိုင်း Plan A မရဘူးဆိုတာနဲ့ Plan B ကို ပြောင်းပါတယ်။ Plan Bကို ပြောင်းတဲ့နေရာမှာ သတ်မှတ်တဲ့နေရာမှာလုပ်လို့မရဘူးဆိုရင် EAOတွေရဲ့ ထိန်းချုပ်တဲ့ နယ်မြေမှာ ပြန်လည်စုစည်းတဲ့ပုံစံမျိုးနဲ့ လုပ်ပါတယ်။ ဒါလည်း ဟန့်တားခံခဲ့ရတာပါပဲ။ ထိုလွီဝါး အထက်တန်းကျောင်းမှာ ဆိုလို့ရှိ ရင် ဟန့်တားမှုရှိခဲ့ပါတယ်။ Plan B လုပ်တာတောင်မှ အဲ့လိုဟန့်တားမှုတွေ ရှိခဲ့တယ်။

ကရင်ပြည်နယ်မှာလုပ်တဲ့ ကရင်ရယ်၊ မွန်ရယ်၊ ကယား(ကရင်နီ)ရယ် ပေါင်းလုပ်တဲ့ပွဲမှာတော့ အောင်အောင်မြင်မြင် ဖြစ်ခဲ့ပါတယ်။ ကျန်တဲ့ တနင်္သာရီတိုင်းမှာလုပ်တဲ့ပွဲမှာ ထိန်းချုပ်နယ်မြေကို ပြောင်းလုပ်ရတဲ့အခါကျတော့ သွားလာရေး အခက် အခဲတွေ တချို့ကိုယ်စားလှယ်တွေက နောက်ကြောင်းမလုံတဲ့ ကိစ္စရပ်တွေက အခက်အခဲဖြစ်လာတာပေါ့။ ဒါပေမဲ့ ဆွေးနွေးမှု တွေကတော့ ပြည့်ပြည့်စုံစုံ ဆွေးနွေးနိုင်ခဲ့ပါတယ်။

ကေအိုင်စီ။ ။ လူထုတွေ့ဆုံပွဲတွေကို သတ်မှတ်ထားတဲ့ ဒေသတွေမှာ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ခဲ့တဲ့အတွက် ဆွေးနွေးချက်တွေက အဲ့ဒေသက လူထုတစ်ရပ်လုံးကို ဘယ်လောက် လွှမ်းခြုံမှုတွေရှိနိုင်မလဲ။

ကျနော်တိုု့ကတော့ နေရာအခက်အခဲဖြစ်လို့ ဒီခေါင်းစဉ်တွေကို ဒါတွေကိုတော့ ဖြတ်တောက်လုပ်ပြီးတော့ ဖြတ်ညှပ် ကပ်လုပ်တဲ့ပုံစံမျိုးတော့ မလုပ်ခဲ့ဘူး။ ဘယ်လောက်ပဲရှိနေပါစေ ကျနော်တို့ရဲ့ လိုအပ်တဲ့ ကျနော်တို့ လိုချင်တဲ့ ကျနော်တို့ရဲ့ ကဏ္ဍအလိုက် လိုအပ်တဲ့ကိစ္စတွေကတော့ အခက်အခဲဘယ်လောက်ပဲရှိရှိ ဆွေးနွေးတဲ့အပိုင်း လုပ်ကိုင်တဲ့အပိုင်းက ကျနော့်အမြင်ကတော့ ပြည့်ပြည့်စုံစုံလုပ်နိုင်တယ်လို့တော့ ကျနော် အဲ့လိုမှတ်ယူပါတယ်။

ကေအိုင်စီ။ ။ ဒီအစည်းအဝေးပွဲမှာ ဘယ်အခန်းကဏ္ဍတွေကို အဓိက ဆွေးနွေးဖြစ်ခဲ့ကြပါသလဲ။

အခန်းကဏ္ဍကိုပြန်ကြည့်မယ်ဆိုရင် ကဏ္ဍကြီး ၅ခုရှိပေမဲ့ ၄ခုပဲ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှာ လုပ်နိုင်တယ်။ ဒီလုံခြုံရေးကဏ္ဍကတော့ ကျနော်တို့ မလုပ်ခဲ့ကြဘူးပေါ့။ ဒီ လုံခြုံရေးကဏ္ဍကိုတော့ ပြည်ထောင်စုအဆင့်မှာပဲ ဆွေးနွေးမယ်။ အမျိုးသားအဆင့်မှာ မဆွေးနွေးဘူးဆိုတော့ အဲ့ဒီပေးထားချက်အတိုင်း ကျနော်တို့ လုပ်ရတာရှိတယ်။ ဒီနေရာမှာ နောက်ဆုံးစာ တမ်းကို တင်သွင်းရမယ် ဖြစ်တဲ့အတွက်ကြောင့်မိုလို့ လုံခြုံရေးကဏ္ဍအပါ လုံခြုံရေးသည် ကျနော်တို့နားလည်ထားတဲ့ လုံခြုံရေးနဲ့ တစ်ဖက်က နားလည်ထားတဲ့ သူတို့လိုချင်တဲ့ သူတို့ဖြစ်ချင်တဲ့ လုံခြုံရေး သူတို့ အဓိပ္ပာယ်ဖော်တာနဲ့ ကျနော်တို့ရဲ့ အဓိပ္ပာယ်ဖော် တာက မတူဘူး။ ကျနော်တို့ လုံခြုံရေးက ကဏ္ဍရပ်ကြီး ၅ရပ်စလုံးမှာ လုံခြုံရေးက လိုအပ်တယ်။

ဥပမာ – စီးပွားရေးမှာလည်း လုံခြုံရေးလိုပါတယ်။ လူမှုရေးမှာလည်း လိုပါတယ်။ နောက်ဆုံးလူတစ်ဦးချင်းမှာတောင် လုံခြုံရေး လိုအပ်တဲ့ အနေအထားမျိုးဖြစ်တယ်။ လုံခြုံရေးကဏ္ဍသည် လက်နက်ကိုင်တဲ့အဖွဲ့အစည်းသဘောကတော့ နှစ်ဦးနှစ် ဖက် သူတို့မြင်ထားတဲ့ တပ်မတော်နဲ့ EAO ရဲ့ကဏ္ဍပဲလို့ သူတို့မြင်ပေမဲ့ ကျနော်တို့ ကရင်အမျိုးသားတွေအနေနဲ့ကတော့ လုံခြုံ ရေးကဏ္ဍမှာ ကျနော်တို့ EAO အဖွဲ့မှာ ဘာတွေပြင်ဆင်သလဲ ဘာတွေလုပ်နေသလဲဆိုတာကို လူထုက သိသင့်တယ်ဆိုတဲ့ ပုံစံ မျိုးနဲ့ လုံခြုံရေးကဏ္ဍမှာဖြစ်နေတဲ့ အခက်အခဲတွေကို လူထုတွေကနေ ခုနက လုံခြုံရေးကဏ္ဍမှာ တကယ်ထိပ်တိုက် ပြောနေဆို နေကြတဲ့ ကိုယ်စားလှယ်တွေနဲ့ ကျေကျေလည်လည် ဆွေးနွေးနိုင်ခဲ့ကြတယ်။

ကေအိုင်စီ။ ။ ဒီမှာဆွေးနွေးတဲ့စာတမ်းတွေကို ခေါင်းဆောင်တွေ ဆွေးနွေးကြတဲ့အခါမှာ ကရင်ပြည်သူတွေအားလုံးရဲ့ လိုအပ်ချက်တွေ လွှမ်းခြုံနိုင်ဖို့ ဘယ်လို အချက်အလက်တွေကို အဓိကအခြေခံထားပြီး ဆွေးနွေးခဲ့ကြသလဲ။

ကျနော်မြင်တာကတော့ အချက်အလက်ကတော့ သူတို့ ကဏ္ဍအလိုက် အချက်အလက်တွေပေးထားတာရှိတယ်။ အဲ့မှာကတော့ အချက်အလက်တွေကလည်း အရမ်းများတယ်လေ။ ဆွေးနွေးတယ်ဆိုတာက ကျနော်တို့ကလည်း တစ်ပြုံလုံးကို ဆွေးနွေးနိုင်တဲ့ အနေအထားမျိုးမဟုတ်ဘူးလေ။ ဥပမာဆိုရရင် နိုင်ငံရေးကဏ္ဍမှာဆိုရင် ဘယ်ဟာကို ဆွေးနွေးပါ၊ စီးပွားရေး ကဏ္ဍမှာဆိုရင် ဘယ်ဟာကိုဆွေးနွေးပါဆိုတဲ့ ပေးထားချက်အပေါ်မှာပဲ ကျနော်တို့ပြည်သူတွေကို ချပြပေးရတဲ့ အနေအထားမျိုး ရှိတာကို။ အဲ့ဒီပေးထားတဲ့ အချက်အလက်အပေါ် မူတည်ပြီးတော့ ခင်ဗျားတို့အနေနဲ့ ဘယ်လိုမြင်သလဲ၊ ကျနော်တို့ ကေအဲန်ယူ ရဲ့အမြင်က ဘယ်လိုရှိသလဲ၊ အဲ့ဒါတွေကို စုစည်းတာဖြစ်တယ်။

အဲ့လိုစုစည်းတဲ့အခါကျတော့ အချက်အလက်အားလုံးကတော့ များတာပေါ့။ ခေါင်းစဉ်ဖြစ်တဲ့ ကဏ္ဍအလိုက် စီးပွားရေး ကဏ္ဍမှာဆို တတိယအစည်းအဝေးမှာတော့ ကျနော်တို့ ဘယ်လိုဆွေးနွေးမလဲ၊ ကျနော်တို့ဘက်က ဘာစာတမ်းကိုတင်မယ်။ ငါးကဏ္ဍ အသီးသီးက စာတမ်းတွေကို ဘယ်လိုတင်မလဲဆိုတာကိုတော့ ပြီးပြည့်စုံတဲ့အနေအထားမျိုး အားလုံးရဲ့ သဘောထား ပါတဲ့ ဆန္ဒမျိုးနဲ့ လုပ်သွားနိုင်တယ်လို့ပဲ ကျနော်တို့ သုံးသပ်လို့ရပါတယ်။

ကေအိုင်စီ ။ ။ ဒီမှာဆွေးနွေးခဲ့တဲ့စာတမ်းတွေကို ဘာဆက်လုပ်သွားဖို့ရှိလဲ။

ဒီစာတမ်းတွေကိုတော့ အဓိကအားဖြင့် အနီးဆုံးဖြစ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးမှာ တင်သွင်းဖို့ဖြစ်ပါတယ်။ တင်သွင်းမယ်ဆိုရင်တော့ ဒီစာတမ်းတွေကို ပြုစုပြီးတော့ ရလာတဲ့ဟာတွေကို သူ့လုပ် ထုံးလုပ်နည်းအတိုင်း ဥပမာဆိုရင် UPDJC ကိုတင်ပြမယ်။ UPDJC ကနေ အလုပ်အဖွဲ့ကိုပေးမယ်။ Working Committeeကနေ ပြီးတော့ UPDJC မှာ ပြန်စိစစ်ပြီးတော့ သူတို့ပို့ပေးမယ်။ ပို့ပြီးတော့ ပြန်စိစစ်ပြီးတော့မှ နောက်ဆုံး ကရင်စာတမ်းအဖြစ် စိစစ်ပြီး တော့မှပဲ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို တင်ပြမှာဖြစ်ပါတယ်။

ကေအိုင်စီ ။ ။ အခု ဆွေးနွေးအတည်ပြုလိုက်ပြီးဖြစ်တဲ့ စာတမ်းတွေနဲ့ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောဆိုချင်လဲ။

ဒီကိစ္စကို ငြိမ်းချမ်းရေးဖြစ်စဉ်တစ်လျှောက်လုံးမှာ ကျနော်တို့ကရင်ပြည်သူတွေရဲ့ လိုလားတဲ့ အချက်အလက်တွေဖြစ် တဲ့အတွက်ကြောင့်မိုလို့ တက်ရောက်လာတဲ့ လူတွေကလည်း ကရင်ဒေသ အသီးသီးကနေပြီးတော့ ကိုယ်စားပြုတဲ့ကိုယ်စား လှယ်တွေရဲ့ ဆန္ဒသဘောထားတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကလည်း တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒနဲ့တစ်ထပ်တည်း ဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကရင်တစ်မျိုးသားလုံးအတွက်ကတော့ အကောင်းဆုံး အနေအထားတစ်ခုဖြစ်အောင်တော့ လုပ်ထားတယ်လို့ ကျနော်အဲ့လိုမြင်တဲ့အတွက်ကြောင့်မို့လို့ ကရင်ပြည်သူလူထုအတွက် ဒါကတော့ ဖြစ်သင့်ဖြစ်ထိုက်တယ်။ တိုင်းရင်းသားတွေအတွက်တော့ ဒါကတော့ ဖြစ်သင့်ဖြစ်ထိုက်တယ်လို့ ဆိုတဲ့ပုံစံမျိုးနဲ့ အား လုံးရဲ့ ဆန္ဒသဘောထားကိုယူတဲ့အတွက်ကြောင့်မို့လို့ ကရင်ပြည်သူတွေအတွက် အကျိုးမဲ့တဲ့ကိစ္စလို့ ကျနော်တော့မထင်ဘူး။

ဘာဖြစ်လဲဆိုတော့ အကျိုးရှိနိုင်တဲ့ကိစ္စရပ်တွေကို ဆွေးနွေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြီးပြည့်စုံတယ်လို့ ပြောလို့တော့ မရ ပေမဲ့ အကောင်းဆုံးအနေအထားဖြစ်အောင် လုပ်တဲ့ လုပ်ငန်းရပ်တစ်ခုလို့ပဲမြင်တယ်။ ဒါကြောင့်မို့လို့ ကရင်လူထုအတွက် အကောင်းဆုံးဖြစ်မဲ့ ကဏ္ဍအသီးသီးက စာတမ်းတွေဖြစ်ပါတယ်လို့ပဲ ပြောချင်ပါတယ်။

Please follow and like us:
ကရင်အမျိုးသား နိုင်ငံရေး ဆွေးနွေးပွဲ ဦးဆောင်ကော်မတီ၏ ဒု-အဖွဲ့ခေါင်းဆောင် စောကြည်လင်းနှင့် တွေ့ဆုံခြင်း
Tagged on:

Leave a Reply

Your email address will not be published. Required fields are marked *

Facebook
Facebook