မေး။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးက တစ်ဆို့မှုဖြစ်နေတယ်။ တချို့ကလည်း ဦးသိန်းစိန်အစိုးရလက်ထက်မှာလုပ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပိုပြီးတော့ လွယ်ကူတယ်။ NLD အစိုးရအောက်မှာ ပိုပြီးတော့ခက်ခဲလာတယ်။ အဲဒီအပေါ်မှာ ဆရာ့ရဲ့ သုံးသပ်ချက်

ဖြေ။ ။ ပြောနေတာတွေအကုန်ဟုတ်ပါတယ်။ ဦးသိန်းစိန်ခေတ်တုန်းက သူက legitimacy မရှိဘူး။ သူ့မှာ legitimacy နဲ့ပါတ်သက်လို့ပြသနာရှိတယ်။ ဒီတော့ သူ့ legitimacy ရအောင် အမျိုးမျိုးကြံဖန်လုပ်ယူရတယ်။ ဒီဒေါ်အောင်ဆန်းစုကြည်တို့ဓါတ်ပုံတွေဆိုရင် အရင်တုန်းက ထုတ်လွှင့်ခွင့်မရဘူး။ အခုဆို ထုတ်လွှင့်လို့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တယ်၊ မီဒီယာတွေကိုဖွင့်ပေးတယ်။ နောက်ပိုင်းတော့မှ မြစ်ဆုံပိတ်တယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေစတယ်။ ဒီဟာတွေက အကုန်လုံးက ဦးသိန်းစိန်က မလုပ်ရင်မဖြစ်တဲ့အခြေအနေဖြစ်တယ်။ နောက်တစ်ဖက်ကတော့ သူ့စေတနာကိုစော်ကားတာတော့ မဟုတ်ပါဘူး။ သူလည်း စေတနာ တကယ်ရှိပါလိမ့်မယ်။ သူငြိမ်းချမ်းရေးခေါ်လိုက်ပြီးတော့မှ လူတွေစိတ်နေစိတ်ထားတော်တော်လေးပြောင်းသွားတယ်။ အရင်တုန်းကတော့ အပြုတ်တိုက် အပြုတ်တိုက်ဆိုတဲ့ဟာနဲ့၊ အခုကျတော့ Win-Win ဆိုတဲ့စိတ်တွေပေါ်လာတယ်။ ဒါတွေက ကောင်းတဲ့အချက်တွေပေါ့။ အဲတော့ သူနဲ့ဆွေးနွေးရတာ ပိုပြီးတော့မှ အဆင်ပြေတယ်။ ဒေါ်စုကျတော့ သူက လူထုမဲနဲ့ တက်လာတဲ့အခါကျတော့ သူက legitimacy ရှိပြီးသားဖြစ်တယ်။ ဒီတော့ သူကလာပြီးတော့မှ သူများနဲ့စကားပြောတဲ့နေရာမှာ ဈေးလျှော့စရာ အကြောင်းမရှိဘူး။ တကယ်တမ်းကျတော့ ရှိဖို့ကောင်းတာပေါ့နော်။ အဲဒီတော့ ဒီငြိမ်းချမ်းရေးဆိုတာက လုပ်မယ်ဆိုလို့ရှိရင် သူ့အဖေလိုလုပ်ရမှာပေါ့။ သူ့အဖေကတော့ ရိုးရိုးရှင်းရှင်းပြတ်ပြတ်သားသားနဲ့လုပ်ခဲ့တာကိုး။ နောက်ပြီးတော့မှလည်း သူက သူ့နိုင်ငံမှာ တကယ့် နံပါတ်ဝမ်းခေါင်းဆောင်၊ တိုင်းရင်းသားတွေကလွဲလို့ သူက ဘာမှဈေးဆစ်စရာမလိုဘူး။ ဒီဗမာပြည်မကြီးမှာတော့ သူက နံပါတ်ဝမ်းပဲဖြစ်နေတယ်။ သို့သော်လည်းပဲ ဒေါ်စုကတော့ ဗမာပြည်မထဲမှာကို နံပါတ်ဝမ်းမဟုတ်တော့ နံပါတ်ဝမ်းခြင်းလာတွေ့နေတာပေါ့။ နောက်တစ်ချက်က ဘာလဲဆိုတော့ ဒီငြိမ်းချမ်းရေးအလုပ်ဟာ လွယ်တဲ့အလုပ်လို့ သူမြင်ထားတဲ့အခါကျတော့ ပြင်ဆင်မှုကနည်းလိမ့်မယ်။ ဒါလည်းပါပါတယ်။ သူထင်တာ ကျွန်မကိုအကုန်လုံးယုံကြည်လို့မဲပေးပြီးပြီ။ ရှင်တို့ ကျွန်မဖြစ်ချင်တာကို သဘောတူဖို့ပဲလိုတယ်ဆိုတဲ့ သဘောမျိုးရှိမလားမသိဘူး။

နောက်တစ်ခုအရေး အကြီးဆုံးကတော့ တပ်နဲ့သူ့ရဲ့ဆက်ဆံရေးပဲ။ တပ်နဲ့သူ့ရဲ့ဆက်ဆံရေးက မကောင်းမခြင်းဆိုလို့ရှိရင် စီးပွါးရေးပြသနာလည်းဖြေရှင်းလို့မလွယ်ဘူး။ ငြိမ်းချမ်းရေးပြသနာလည်း ဖြေရှင်းလို့မရဘူး။ ရခိုင်ပြသနာလည်းဖြေရှင်းဖို့မလွယ်ဘူး။ ဘာပြသနာမှဖြေရှင်းဖို့မလွယ်ဘူး။ ဒီဥစ္စာကတော့ သူ့ရဲ့ လောလောဆယ်အခက်အခဲပဲပေါ့။

မေး။ ။ ဗိုလ်ချုပ်အောင်ဆန်းလက်ထက်တုန်းက ဗမာပြည်မတစ်ခုလုံးကလည်း သူ့ကိုထောက်ခံတယ်။ စစ်တပ်မှာလည်းသူကအကြီးဆုံး၊ စစ်တပ်ကလည်း သူ့နောက်မှာရှိတယ်။ ဒါပေမယ့် ဒီဒေါ်အောင်ဆန်းစြုကည်လက်ထက်မှာကျတော့ တပ်မတော်တစ်ခုလုံးက သူနဲ့ ပြိုင်ဖက်လိုဖြစ်နေတယ်။ ဒီဖက်မှာက စစ်တပ်ဆိုတဲ့ အင်အားကြီးတစ်ခု၊ အခြားတစ်ဖက်မှာလည်း ဗမာလူမျိုးကြီးဝါဒဆန့်ကျင်ရေးစိတ်ဓါတ်တွေ ရှိနေတဲ့ တိုင်းရင်းသားလူမျိုးစုငယ်တွေ ရှိနေတယ်။ အဲဒီ၂ခုကြားမှာ အလုပ်လုပ်ဖို့ သူ့အတွက်ပိုပြီးတော့ အခက်အခဲရှိနေမလား၊ အဲဒီအပေါ်မှာ ဆရာဘယ်လိုသုံးသပ်လဲ။

ဖြေ။ ။ ဗမာလူမျိုးကြီးဝါဒဆန့်ကျင်ရေးက အခုမှဖြစ်တာမဟုတ်ဘူး။ အဲဒီပင်လုံခေတ်တုန်းကအတိုင်းရှိတာပဲ။ ဗမာတွေက ကျွန်တော်တို့ထက် လူဦးရေလည်းများတယ်။ ဉာဏ်လည်းပိုထက်တယ်။ အဲတော့ ငါတို့ကို အနိုင်ကျင့်အုန်းမလားဆိုပြီးတော့ စိုးရိမ်နေကြတာပေါ့။ ဗမာကိုမယုံတဲ့ဟာက အခုမှဖြစ်တာမဟုတ်ဘူး အရင်ကတည်းက။ အခုမယုံတာက လက်တွေ့ကပိုများတာကိုး၊ အရင်က အင်္ဂလိပ်က နှစ်ပေါင်း ၆၀၊ ၇၀ လောက် ခြားထားပေးတဲ့အခါကျတော့ နည်းနည်းတစ်မျိုးဖြစ်တာပေါ့။ သို့သော်လည်းပဲ Non-Burman တွေမှာ တရားဝင်မှုက ပြသနာရှိတယ်။ အရင်ကနဲ့မတူဘူး။ အရင်တုန်းကဆိုလို့ရှိရင် Burma လို့ခေါ်ပေမယ့်လည်း သူ့ဥပဒေနဲ့သူ ခွဲပြီးအုပ်ချုပ်ထားတာကိုး၊ Kachin Hill Regulation ဆိုပြီးသပ်သပ်ရှိတယ်။ Chin Hill Regulation ဆိုပြီးရှိတယ်။ Federated Shan State Act ဆိုပြီးသပ်သပ်ရှိတယ်။

နောက်ပြီးတော့မှ 1935 Constitution ဆိုပြီးတော့ ဗမာပြည်မကို အုပ်ချုပ်တာ သပ်သပ်ရှိတယ်။ အဲဒီတော့ လက်တွေ့အရ သူ့နိုင်ငံနဲ့သူ သပ်သပ်ဖြစ်နေတာကိုး။ ရှမ်းဆိုလို့ရှိရင်လည်း Federal Council ဆိုပြီးရှိထားတဲ့အခါကျတော့ သူက Legitimacy ရှိပြီးသားဖြစ်သွားတယ်။ သူတို့အနေနဲ့ ညီလာခံမှာ ဦးအောင်ဆန်းနဲ့ဆွေးနွေးနေရတဲ့အခါကျတော့ Legitimacy အပြည့်ရှိသွားတယ်။ ကချင်ကလည်းဒီလိုပဲ။ ချင်းကလည်း ဒီလိုပဲဖြစ်တယ်။ အခုအခြေအနေကျတော့ အစိတ်စိတ် အမွှာမွှာ ဖြစ်နေတယ်။ ဒီလိုအခြေအနေမှာ အကုန်လုံး တပ်မတော်ကိုပဲ အပုပ်ချမယ်။ ဒေါ်စုကိုပဲ အပုပ်ချမယ်ဆိုတဲ့ အခြေအနေက မဟုတ်တော့ဘူး။ သူတို့ဖက်ကလည်း Legitimacy ရရေး ကြိုးပမ်းနေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဘယ်တော့ရမယ်ဆိုတာ ကျွန်တော် ပြောလို့မရသေးဘူး။ အခုလောလောဆယ်တော့ Common Position ဖြစ်တဲ့ Federal Principle ဆိုတာ သူတို့လုပ်နေတယ်။ မူကြမ်းပြီးသွားပြီ။ ဒီမူကြမ်းကို ဆွေးနွေးနေပြီ။ အဲဒါ ဘယ်တော့ သဘောတူညီချက်ရမယ်ဆိုတာ မသိသေးဘူး။ ဒီဥစ္စာလည်း တိုင်းရင်းသားဖက်က ပြသနာဖြစ်တယ်။

မေး။ ။ အဲဒီ Federal Principle ကကျတော့ တိုင်းရင်းသားအဖွဲ့တွေအားလုံးစုပြီး ဆွဲထားတဲ့ Principe ပြောလို့ရလား၊ ဘယ်အပေါ်မှာ အခြေခံတာလဲ။

ဖြေ။ ။ ၇ဖွဲ့က ဦးဆောင်ပြီးရေးဆွဲထားတာ။ အခုလောလောဆယ်တော့ လူသိရှင်ကြားထုတ်ပြန်တာမျိုး မရှိသေးဘူး။ သူတို့အခြင်းခြင်း ပြန်တင်ပြနေတာပဲရှိတယ်။ ၇ပြည်ထောင်ကို ဦးဆောင်တဲ့ ၇ဖွဲ့ပေါ့။ ဥပမာ ရှမ်းဆိုလို့ရှိရင် RCSS က ဦးဆောင်လုပ်တာပေါ့။ အဲဒီ Federal Principle က အားလုံးကိုခြုံငုံတဲ့ဟာဖြစ်တယ်။ သူ့ပြည်နယ်နဲ့သူ မဟုတ်ဘူး။ သူ့ပြည်နယ်နဲ့သူက နောက်တစ်ဆင့်သွားမှာပေါ့။ ပထမအဆင့်က Federal Principle ရဖို့၊ အဲဒါပြီးပြီဆိုမှ သူ့ပြည်နယ်နဲ့သူ။ ဒါကတော့ နကိုယ်မူလရည်ရွယ်ချက်ပေါ့။

မေး။ ။ လက်ရှိအနေအထားအရ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုမျိုးဖြစ်ဖို့ NCA Peace Process ဆိုတဲ့လမ်းကြောင်း တစ်ခုရှိနေတယ်ပေါ့။ ဒီလမ်းကြောင်းထဲကနေ ဒီဖက်က တိုင်းရင်းသားအဖွဲ့အစည်းတွေသွားနေတဲ့ Common Federal Principle ကို ရအောင်တွန်းယူသွားမှာလား။ ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့ NLD ရဲ့ Roadmap ဖြစ်တဲ့ Federal Constitution ကိုဆွဲပြီး နောက်ထပ်ရွေးကောက်ပွဲတစ်ခုလုပ်ဖို့သွားနေတဲ့ လမ်းကြောင်းနဲ့ တိုင်းရင်းသားတွေသွားနေတဲ့ Federal Principle လမ်းကြောင်း နဲ့ ဘယ်နားမှာသွားဆုံနိုင်လဲ။

ဖြေ။ ။ စတာက ဒေါ်စုက အရင်စတာကိုး။ ဧပြီလလောက်မှာ သူက UPDJC မှာ အဆိုပြုတယ်။ ဦးဇော်ဋ္ဌေးကနေတစ်ဆင့်ပေါ့။ ၂၀၂၀မှာ ဒီ Federal Principle တွေရရှိဖို့ လုပ်ချင်တယ်။ EAO တွေက ပြန်ဆွေးနွေးတာ ဘာလဲဆိုတော့ ဒီဥစ္စာကောင်းတယ်။ သို့သော် ဒါကရေတိုဖြစ်တယ်။ ကျွန်တော်တို့ ရေရှည်အတွက်လုပ်ချင်တယ်။ အစိုးရဆိုတာ ပြောင်းလဲနိုင်တယ်။ ဆိုတော့ သဘောတူညီချက် တစ်ခုရှိထားပြီဆိုရင် ဘယ်အစိုးရတက်တက် သူကဆက်လုပ်သွားရမှာဖြစ်တယ်။ အိုကေ ပထမအဆင့်ရပြီ ဆိုရင် ၂၀၂၀ မတိုင်ခင် Federal Principle တွေရဖို့လုပ်မယ်။ ဒါပေမယ့် ၂၀၂၅ မတိုင်ခင် ကျွန်တော်တို့ ဘာရအောင်လုပ်ဖို့လိုသလဲ။ ၂၀၃၀ မတိုင်ခင် ဘာရအောင်လုပ်ဖို့လိုသလဲ ဆိုတာတွေ ဆွေးနွေးဖို့လိုတယ်။ တချို့ကတော့ ဒါ EAO တွေ အချိန်ဆွဲတာပဲလို့မြင်တယ်။ EAO တွေပြန်ရှင်းလင်းတာက နိုင်ငံရေးကိစ္စတွေဆွေးနွေးပြီးသွားပြီဆိုရင် လုံခြုံရေးကိစ္စတွေ ဆွေးနွေးဖို့ အချိန်ယူပြီး ဆွေးနွေးရမယ့်ကိစ္စတွေဖြစ်တယ်။ ဦးခင်ဇော်ဦးက MTA တုန်းက မှားခဲ့တာတွေပြောပြတယ်။ MTA လာလက်နက်ချတုန်းက MTA လာလက်နက်ချပြီဆိုတာနဲ့ သူတို့စစ်သားတွေငွေပေးပြီးတော့ သူတို့အိမ်ပြန်ခိုင်းတော့ အများစု ဗိုလ်ချုပ်ရွက်ဆစ်ထဲရောက်သွားတယ်။ ဒီဥစ္စာက DDR, SSR တွေ ကောင်းကောင်းမလုပ်နိုင်လို့ဖြစ်တယ်။ DDR, SSR က ဒီနေ့လုပ် နက်ဖန်ပြီးတဲ့အလုပ်မဟုတ်ဘူး။ နှစ်နဲ့ချီပြီးစီမံရတာဖြစ်တယ်။ အဲဒါကို ပြည်သူ့စစ်ဖက်က ဗိုလ်မှုးကြီးစိုင်းမွန်းက ထောက်ခံတယ်။ ခင်ဗျားတို့ PSLA ကို သေချာကိုင်တွယ်ပြီး သူတို့အတွက် လက်နက်ဖြုတ်တာကို သေချာလုပ်တယ်ဆိုရင် TNLA ဆိုတာ ပေါ်မလာဘူး။ ဒါတွေက တက်သုတ်ရိုက်ပြီးလုပ်လို့ရတဲ့ဟာတွေမဟုတ်ဘူး။ ဒါကြောင့်မို့ ပထမအဆင့် Federal Principle ဒုတိယအဆင့် ပြည်နယ်အလိုက်လုပ်တာတွေရှိမယ်။ တစ်ဖက်ကလည်း တစ်ခုတည်းသော တပ်မတော်ဖြစ်လာရေး အတွက် ဆွေးနွေးတာတွေလည်းရှိမယ်။ နောက်ပြီးတော့ လက်နက်ကိုင်ထားတဲ့သူတွေ အသွင်ပြောင်းရင် ဘယ်လိုပြောင်းမလဲဆိုတာတွေက အချိန်ယူရမယ့်ဟာတွေဖြစ်တယ်။

ပြီးခဲ့တဲ့တတိယပင်လုံမပြီးခင်မှာ UPDJC အစည်းအဝေးမှာ သူတို့လက်ခံတာက ဘာလဲဆိုတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဒီအတိုင်းဆက်သွားလို့မရတော့ဘူး။ NCA ကိုပြန်လည်သုံးသပ်ဖို့လိုတယ်။ အခု Peace Process ရဲ့ Structure တွေကိုလည်း ပြန်ပြီးတော့ သုံးသပ်ဖို့ စီစစ်ဖို့လိုတယ်။ ဒီအတွက် စက်တင်ဘာလလယ်မှာ တွေ့ကြမယ်။ ဒီကြားထဲမှာ ကိုယ့်အဖွဲ့ကိုယ်ပြင်ဆင်ထားဖို့ဆိုပြီး သူတို့ လက်ခံတယ်။ ဆိုတော့ ကိုယ့်အဖွဲ့ကိုယ်လုပ်နေတာ တချို့တော့ပြီးသွားပြီ။ တချို့က မပြီးသေးဘူး။ ဥပမာ KNU ဆို မပြီးသေးဘူး။ သူတို့က အဖွဲ့ကကြီးပြီးပြန့်နေတော့ မပြီးသေးဘူး။ အဲဒါပြီးရင် PPST အစည်းအဝေးဆိုတာ ထပ်ရှိရမှာ။ အဲဒီအခါကျတော့မှ အကုန်လုံးကို ဘယ်လိုမြင်သလဲ။ ဘယ်လိုပြောင်းဖို့လိုသလဲဆိုတာကို ဆုံးဖြတ်ကြမယ်။ အဲဒါပြီးမှ အစိုးရနဲ့တွေ့ရမယ်။

မေး။ ။ စစ်အစိုးရလက်ထက်ကလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးလမ်းစဉ်နဲ့ လက်ရှိအစိုးရလက်ထက်မှာသွားနေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ် ဘယ်ဟာက ပိုအလုပ်ဖြစ်လဲ ဆရာ။

ဖြေ။ ။အဟောင်းကတော့ အလုပ်မဖြစ်တာသေချာပါတယ်။ အခုအသစ်ကလည်း လက်ရှိပုံစံအတိုင်း သွားလို့ရှိရင် မဖြစ်တာမှသေချာပေါက်ပဲ။ ဒါကြောင့်မို့လို့ ပြီးခဲ့တဲ့လတုန်းက PC အနေနဲ့ ချင်းမိုင်လာတုန်းက RCSS နဲ့တွေ့တယ်။ KIO နဲ့တွေ့တယ်။ အချက်သုံးချက်တင်ပြတယ်။ နံပါတ်၁က လုပ်ခဲ့တာတွေအားလုံးက Bottom-up တွေဖြစ်တယ်။ အချိန်သိပ်ကုန်တယ်။ အားလုံးသဘောတူညီချက်နဲ့ လုပ်ရမယ်ဆိုတော့ အချိန်သိပ်ကြာတယ်။ ဒီတော့ ဒီတစ်ခေါက် Top-down လုပ်ချင်တယ်။ အဓိက အုပ်စုကြီးငါးစု၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ EAOs၊ ပါတီ ဒါက အရင်ဆွေးနွေး ၊ ဆွေးနွေးပြီးကာမှ လူထုကိုချပေး သူတို့ဘာပြင်ချင် ဖြည့်ချင် ဘာနှုတ်ချင်သလဲ။ နောက်တစ်ခုက ကဏ္ဍကြီး ၅ခုခွဲတဲ့ကိစ္စကလည်း မလွယ်ဘူးဖြစ်နေတယ်။ ခက်တဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုတဲ့ ကဏ္ဍတွေ ခဏထားလိုက်၊ စီးပွါးရေးရယ် လူမှုရေးရယ် မြေယာနဲ့သဘာဝသယံဇာတကဏ္ဍ တွေ အရင်ဆုံးဆွေးနွေးကြရအောင်၊ ဒီဟာကို အကြံပြုတာကလည်း ဗိုလ်ချုပ်ခင်ဇော်ဦးက အကြံပြုတာဖြစ်တယ်။ အဲလိုမျိုးမလုပ်ရင်လည်း ပြီးခဲ့တဲ့လက လုပ်ဖြစ်မှာမဟုတ်ဘူး။ နိုင်ငံရေးမှာလည်း “ခွဲမထွက်ရေး” က ခံနေတယ်။ လုံခြုံရေးမှာလည်း “တစ်ခုတည်းသောတပ်မတော်”ဆိုတဲ့ဟာက ခံနေတယ်။ EAO တွေက တစ်ခုတည်းသောတပ်မတော်ဆိုတာကို ဆန့်ကျင်တာမဟုတ်ဘူး။ ဘာတစ်ခုတည်းသောတပ်မတော်လဲ ဆိုတာကို ပြောနေတာ။ ဒါတောင်မှ စီးပွါးရေးမှာ အကြီးအကျယ်သွားချတယ်။ Revenue Sharing ဆိုတော့ တပ်က သဘောမတူဘူး။ ပြည်နယ်တွေက ကိုယ့်ဘတ်ဂျက်ကိုယ်ဆွဲရေးဆိုတော့ သဘောမတူဘူး။ နိုင်ငံရေးမှာ ဘာမှ သဘောတူညီချက်မထားပဲနဲ့ ဒီဥစ္စာကိုလာပြီးတော့မှ သဘောတူရမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဆိုတော့ ဒီငါးကဏ္ဍကို တစ်စုတည်းထားလိုက်ရင်ကောင်းမလား ဆိုတာ စဉ်းစားကြတယ်။ နောက်တစ်ခုက ထိပ်သီးခြင်း အရင်တွေ့ဖို့၊ အရင်ပြော၊ ဒီမှာ သဘောတူညီချက်ရပြီဆိုမှ ကျန်တဲ့ဟာ အောက်ကိုဖြန့်ပေးဖို့၊ ထရမ့်နဲ့ ကင်ဂျုံအီးနဲ့ တွေ့သလိုမျိုး၊ RCSS က ဥက္ကဋ္ဌ ရွက်ဆစ်ကတော့ ပထမတစ်ချက်ကို သူဘာမှမပြောဘူး။ ဒါပေမယ့် ကဏ္ဍကြီး ၅ခုကိစ္စတော့ သဘောတူတယ်။ ထိပ်သီးခြင်း အလွတ်သဘောတွေ့ဖို့လည်း သဘောတူတယ်။ ဒါပေမယ့် ကျွန်တော်တို့ကောင်းကောင်းပြင်ဆင်ရမယ်။ မပြင်ဆင်ပဲနဲ့ လုပ်လို့မရဘူး။

မေး။ ။ အရင်က NLD က တစိုက်မတ်မတ် ပြောခဲ့တယ် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့၊ အခု တိုင်းရင်းသားတွေလည်းပြောလာကြတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တစ်ဆို့စေတာက ၂၀၀၈ အခြေခံဥပဒေနဲ့ အဲဒီဥပဒေကို ဆွဲခဲ့တဲ့ Institution ပေါ့။ ၂၀၀၈ကို အမြဲတမ်းဆုပ်ကိုင်ထားချင်တဲ့ပြသနာလို့ပြောကြတယ်။ အဲဒါကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒီဥပဒေက ဘယ်သူ့ဆီက လာတာလဲ၊ လာတဲ့ဖက်က ပြသနာ အဓိကရှိတာပေါ့။ ဒါသေချာပေါက်ပါပဲ။ သို့သော်လည်း တပ်မတော်က ဒီနိုင်ငံကြီးကို ဗိုလ်ကျလာတာကြာပြီဗျ။ နှစ်ပေါင်း ၅၀ကျော် ၆၀နီးပါး ဗိုလ်ကျလာတာ။ ဒါကို ငါမကျတော့ပါဘူးဆိုပြီး နောက်ဆုတ်ပေးဖို့ရာ လွယ်ပါ့မလား။ ကလဲ့စားချေခံရမလားဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိနိုင်တယ်။ တပ်မတော်ရဲ့ အကျိုးစီးပွါးကိုလည်း ကျွန်တော်တို့ ကြည့်ရမယ်။ သူတို့ရဲ့ လုံခြုံရေးပါပါတာပေါ့။ သူတို့နဲ့ဆွေးနွေးတဲ့နေရာမှာ ကျွန်တော်တို့ဖက်ရော သူတို့ဖက်ရော နှစ်ဖက်လုံးကြည့်ဖို့လိုတာပေါ့။ ကျွန်တော့်ဆရာတစ်ယောက်ပြောခဲ့ဖူးတာက Focus not on rudeness of others, not on what they have done or not done, but on what you yourself have done and not done. အဲဒီတော့ သူ့ဖက်ကို ထားလိုက် ကိုယ့်ဖက်ကိုယ်လည်းကြည့်ရမှာပေါ့။ ဒီအခြေအနေကို ပြောင်းလဲအောင် ဘာတွေများ လုပ်ခဲ့သလဲ၊ ဘာတွေမလုပ်ရသေးဘူးလဲဆိုတာကို စဉ်းစားဖို့လိုပါတယ်။ အများအားဖြင့် ကျွန်တော်တို့ဆီမှာက စကားရည်လုသမားတွေက များတယ်။ စေ့စပ်ဆွေးနွေးရေးသမားက သိပ်မရှိဘူး။ တပ်မတော်ဖက်ကလည်းတူတူပဲ။ သူတို့မှာ စေ့စပ်ဆွေးနွေးရေးသမားက သိပ်မရှိဘူး။ သူတို့မှာက စာပို့သမားပဲရှိတယ်။ သတင်းပို့သမားပဲရှိတယ်။ ဒီနှစ်ဖွဲ့လာတွေ့တဲ့အခါကျတော့ ဒီနှစ်ဖွဲ့က ဘာများစေ့စပ်ဆွေးနွေးမှာလဲ။ တစ်ဖက်ကလည်းစကားရည်လုမယ်။ တစ်ဖက်ကလည်း ခင်ဗျားဘာပြောပြော ကျွန်တော့ဆရာက ဒီတိုင်းပဲမှာလာတယ်ဆိုပြီး ပြောတော့ ဘာဆွေးနွေးမလဲ။ ဒီဥစ္စာကို စဉ်းစားဖို့လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။

ဗမာပြည်ကြီးငြိမ်းချမ်းဖို့ အဓိက အချက်၂ချက်လိုတယ်လို့ တစ်ယောက်ပြောတာ ကျွန်တော်မှတ်ထားတယ်။ နံပါတ် ၁က All the nationalism mush be under control! နံပါတ် ၂က ဘာလဲဆိုတော့ The US, China, India and Japan must be kept friendly and at vague. သူတို့နဲ့လည်း ရင်းရင်းနှီးနှီး ရှိရမယ် အားလုံးနဲ့လည်း ခပ်လှမ်းလှမ်းပဲနေရမှာပေါ့။ အမေရိကနဲ့သိပ်ရင်းနှီးပြန်ရင်လည်း တရုပ်က သိပ်ကြိုက်မှာ မဟုတ်ဖူးကိုး။

Please follow and like us:
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အကြံပေး ဦးခွန်စိုင်းနှင့် အင်တာဗျူး

Leave a Reply

Your email address will not be published. Required fields are marked *

Facebook
Facebook