“ကာကွယ်ဆေးတွေ ထိုးနိုင်မယ်ဆိုရင်တော့ အခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ယူဆပါတယ်။”

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေ မူတြော် (ဖာပွန်)ဒေသမှာ သြဂုတ်လ နောက်ဆုံးအပတ်မှ စတင်ပြီး လက်ရှိ စက်တင်ဘာလ တတိယအပတ် အထိ ကလေးငယ် ၃၀၀ ဦးဝန်းကျင် ဝက်သက်ရောဂါ ဆိုးဝါးစွာဖြစ်ပွားနေသော အခြေအနေနှင့်ပတ်သက်ပြီး အနီးကပ် လိုက်လံကြည့်ရှုကုသပေးနေသည့် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သား အဖွဲ့(BPHWT) ညွှန်ကြားရေးမှူး စောဝင်းကျော်အား ကေအိုင်စီ-ကရင်သတင်းဌာန၏ သတင်းထောက် စောရှားက သီးသန့်တွေ့ဆုံ မေးမြန်းထားသည်များကို စုစည်းတင်ပြလိုက်ပါသည်။

ကေအိုင်စီ ။ ။ ဖာပွန်ဒေသရဲ့ ဝက်သက်ရောဂါဖြစ်ပွားမှု နောက်ဆုံး အခြေအနေလေးကို သိပါရစေ။

စောဝင်းကျော်။ ။ မူတြော်(ဖာပွန်)ခရိုင်ရဲ့ ဒွယ်လိုးနှင့် ဘူးသိုမြို့နယ်တွေမှာ လွန်ခဲ့တဲ့လ(သြဂုတ်) ၂၄ ရက်ကနေ စပြီးတော့ ဝက်သက်ရောဂါ ပျံ့နှံ့ဖြစ်ပွားတဲ့အကြောင်း BPHWT ဒေသတာဝန်ခံတွေက သိသိချင်း ကျနော်တို့ကို တရားဝင်အကြောင်း ကြားလာတယ်။ အဲဒီအပေါ် ဘာတွေလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားပြီး လိုအပ်တဲ့ ဆေးဝါးအပိုင်းတွေကို စီစဉ်ဆောင်ရွက်ပေးတယ်။ ဒါ့အပြင် အခြားလိုအပ်တဲ့ ပံ့ပိုးမှုတွေရနိုင်အောင်လို့ အခြား Partners (မိတ်ဖက်အဖွဲ့)၊ နည်း ပညာအကူ အညီပေးနေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ကူညီလုပ်ဆောင်ပေးနေတယ်ပေါ့နော်။

ကေအိုင်စီ။ ။ ရောဂါက ဘယ်လို အသက်အရွယ်မှာ အဖြစ်များလဲ။ ဘယ်လောက်အထိ ဆိုးရွားနေပြီလဲ။

စောဝင်းကျော်။ ။ ဝက်သက်ရောဂါဖြစ်တဲ့လူတွေရဲ့ စာရင်းတွေကို ကြည့်ရမယ်ဆိုရင် ၁၂ နှစ်အောက် ကလေးတွေ အများဆုံးဖြစ်နေတာတွေ့ရတယ်။ စဖြစ်တုန်းက ဒွယ်လိုးမြို့နယ်၊ ရွာ ၄ ရွာပဲဆိုပေမဲ့ လက်ရှိအချိန်မှာတော့ ဘူးသိုမြို့နယ် က ရွာအပါအဝင် ရွာပေါင်း ၁၂ ရွာထဲက ကလေး အယောက် ၃၀၀ ဝန်းကျင်အထိ ကူးစက်ဖြစ်ပွားနေပြီး။ အဲအထဲက ၉ နှစ်အရွယ် ကလေး တစ်ယောက်က ဝက်သက်ရောဂါအပြင် အခြားရောဂါအခံလည်းရှိလို့ ဆုံးသွားတယ်။ နောက် ၆ နှစ်အရွယ် မိန်းကလေး တစ်ယောက်က မျက်စိကွယ်သွားပါတယ်။

ကေအိုင်စီ။ ။ ဒီရောဂါက ဘယ်လိုတွေကြောင့် ဖြစ်တတ်သလဲ။ ဘယ်လိုမျိုးကူးစက်တာလဲ။

စောဝင်းကျော်။ ။ သူက virus ပိုးတစ်မျိုးကြောင့်ဖြစ်တာ ပညာရှင်တွေပြောတာကတော့ အမျိုးကွဲပေါင်း ၂၁ မျိုးလောက် ရှိတယ် ပြောတာပဲ။ သူက အင်မတန်ကူးစက်လွယ်တယ်။ အထူးအဖြင့် နှာစေးချောင်းဆိုး၊ နှာချေ ကနေ သူ့အရည်တွေ ထိတွေ့ပြီး ကူးစက်တာ ဗိုင်းရပ်ပိုး ဖြစ်တဲ့အတွက် Antibiotic လို့ခေါ်တဲ့ ဆေးကြောင့်တော့ ပျောက်အောင် ကုလို့မရဘူး။ အဓိကက ခန္ဓာကိုယ်အားနည်းတဲ့သူကိုပဲကူးတာများတယ်။ အာဟာရချို့တဲ့တဲ့သူဖြစ်ရင် ရောဂါ ပိုပြီးတော့ ဖိနှိပ်သလိုဖြစ်ပြီး ပိုပြီးခံစားရတတ်တယ် ။ ဝက်သက်ကြောင့်မဟုတ်ပဲ အားနည်းပြီး အခြား ရောဂါ ဥပမာ- နမိုးနီးယား လို့ခေါ်တဲ့ အသက်ရှူ လမ်းကြောင်းရောဂါတို့ ဝမ်းလျှောတာတို့ ပါးစပ်ထဲ အနာအကြီးကြီးဖြစ်တာတို့ဖြစ်ပြီးတော့ ကလေးတွေ သေဆုံးသွားနိုင် တယ်။ တချို့လည်းသေကြတယ်။

ကေအိုင်စီ။ ။ ဒီရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ ဘယ်လိုနေထိုင်စားသောက်သင့်သလဲ။

စောဝင်းကျော်။ ။ ရောဂါဖြစ်ပြီးဆိုရင် ပြုစုကုသဖို့က ကိုယ်ပူရင် အပူကျဆေးတိုက်၊ ရေအေးပတ်တိုက်၊ လုပ်ပေးရမယ်။ ရေဓာတ်ခမ်းခြောက်ရင် ဓာတ်ဆားရေတိုက်ရမယ်။ ရေများများ တိုက်ရမယ်။ အာဟာရမချို့တဲ့အောင် အစာများများ ကျွေးရမယ်။ အထူးသဖြင့် အစာမှာ မိုင်လို (MILO)တို့လိုဆိုပိုကောင်းတယ်။ သူက အဆီစုပ်ပေးတာများ လို့ပေါ့။ နောက်ဆက်တွဲရောဂါ ဖြစ်လာရင် နမိုးနီးယားတို့လိုဆိုရင် လိုအပ်သလို Antibiotic ကို ဆေးမှူး ညွှန်ကြားမှုနဲ့ပေးရမှာ၊ အခြား ပံ့ပိုးကုသမှုက တစ်ကိုယ်ရေသန့်ရှင်းရေးပဲ။ နေ့စဉ် ရေချိုးပေးတာ။ မျက်နှာကို ရေနွေးနဲ့ မကြာခဏ သစ်ပေး တာလည်းအရေးကြီးတယ်။ အနာဖု တက်ရင် ပိုဆိုးမှာစိုးလို့ ပါစပ်ထဲလည်း မကြာခဏ ရေနွေးနဲ့ဖြစ်ဖြစ် ဆားရေနဲ့ ဖြစ်ဖြစ်ဆေးပေးဖို့လည်း လိုတယ်။ ကူးစက်မှုကိုထိန်းဖို့က ဖြစ်နိုင်ရင် လူနာကို သီးသန့်ခွဲထားရင်တော့ ပိုကောင်းတာပေါ့။ ကျောင်းတွေ ပိတ်ပေးတာတို့ တစ်ရွာနဲ့တစ်ရွာမသွားကြရင်ကောင်းတာပေါ့။ အထူးဖြင့် ကလေးတွေကိုသိပ်မစုမိကြစေနဲ့ ပေါ့။

ကေအိုင်စီ။ ။ လတ်တလောမှာ အဲဒီလူနာတွေအတွက် ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေက ဘယ်လိုရှိပါသလဲ။

စောဝင်းကျော်။ ။ လတ်တလောအခြေအနေနဲ့ပြောရင်တော့ ရောဂါဖြစ်ရှိနေမှုကို သက်သာအောင် ကုသပေးနေတာပေါ့။ အထူးသဖြင့် ကိုယ်ပူတယ်ဆိုရင် အပူကျအောင် Paracetamol တိုက်တယ်။ ဆေးလိုနေတယ်။ ထပ်ပို့ပေးရမယ်။ Budget ငွေတော့ထပ်လိုနေတယ်။ ရှာရဦးမယ်။ အထူးသဖြင့် အဟာရ အစာတွေ အတွက်။ ရောဂါအခြေအနေ ဆက်လက်စောင့်ကြည့်ပြီးတော့ လူနာသက်သာတဲ့အထိ ပြုစုစောင့်ရှောက်ပေးနေသလို ဝက်သက်ရောဂါကြောင့် နောက်ဆက်တွဲရောဂါတွေ မဖြစ်အောင်၊ ဝက်သက်ရောဂါဖြစ်ပြီးတော့ အရမ်းအားနည်းသွားပြီး ခန္ဓာကိုယ်ထဲမှာ အခြားပိုးဝင်တဲ့ ရောဂါပိုးတွေမဖြစ်အောင်၊ ပိုပြီး အခြေအနေ ဆိုးဆိုးရွားရွားမဖြစ်အောင် ကုသပေးနေပါတယ်။

ရောဂါ ထိန်းချုပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ ဒီဒေသမှာရှိနေကြတဲ့ ကျနော်တို့ BPHWTအဖွဲ့နဲ့အတူ ကရင် ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန-KDHW တို့က ဝိုင်းဝန်းဆောင်ရွက်နေပါတယ်။ မယ်တော်ဆေးခန်း (MTC) နဲ့ SMRU (Shoklo Malaria Research Unit) အဖွဲ့အစည်းတွေက ကုသမှုအတွက် လိုအပ်တဲ့ ဆေးဝါးအကူအညီတွေကို ပေးနေပါတယ်။
အဲဒီအပြင် ဒီဖက်ဒေသမှာ လိုအပ်နေတဲ့ နည်းပညာပိုင်းရော၊ အခြားလိုအပ်မယ်ထင်တဲ့ စီမံခန့်ခွဲမှုအပိုင်း၊ ကလေးတွေ အတွက် အဟာရမြှင့်တင်ရေးအပိုင်း၊ သယ်ယူပို့ဆောင်ရေး အသုံးစရိတ်အပိုင်းတွေကိုလည်း CPI လို့ခေါ်တဲ့ Community Partners International အဖွဲ့က ပံ့ပိုးကူညီပေးနေပါတယ်။

ကေအိုင်စီ။ ။ ဒီဝက်သက်ရောဂါကို မဖြစ်အောင် ကြိုတင်ကာကွယ်ဆေးထိုးပေးမှု အခြေအနေကော ဘယ်လိုရှိပါသလဲ။

စောဝင်းကျော်။ ။ ဖြစ်ရှိနေတဲ့ အခြေအနေတွေကို လိုက်လံကုသ ထိန်းကျောင်းပေးနိုင်တဲ့ အခြေအနေပဲရှိပါသေးတယ်။ ကြိုတင် ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးပေးတဲ့ လုပ်ငန်းတော့ ဒီဒေသမှာ မလုပ်ပေးနိုင်သေးဘူး။ မလုပ်နိုင်သေး တာက ဒီဒေသကို အုပ်ချုပ်နေတဲ့အဖွဲ့အစည်းတွေနဲ့ဒေသခံတွေရဲ့အမြင်နဲ့ အခြေအနေတွေ၊ နောက် မြန်မာအစိုးရရဲ့ ကျန်း မာရေးဌာနတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိသေးတာကြောင့်ပါ။

ဒီဒေသက ရောဂါဖြစ်ပွားတဲ့ ကလေးတွေရဲ့ အခြေအနေကို ခြုံငုံသုံးသပ်လိုက်တော့ အဟာရချို့တဲ့မှုတွေ အများကြီးဖြစ် နေတယ်လို့ ယူဆတယ်။ အဟာရချို့တဲ့တော့ ရောဂါခုခံနိုင်အား နည်းမှာဖြစ်တဲ့အတွက် ဖျားနာမှုတွေ ခဏခဏဖြစ်ပြီး အခြားရောဂါတွေလည်း ဖြစ်ပွားလာမှာ ကျနော်တို့ စိုးရိမ်တယ်။ ဒါကြောင့် ဆေးကုသရေးကိုပဲ လိုက်တာလောက်က အကျိုးမရှိဘူး။ အဟာရမြှင့်တင်ဖို့လည်း လုပ်ဖို့လိုမယ်။ ခဏခဏ မဖျားအောင် ကာကွယ်ဆေးတွေ ထိုးနိုင်မယ်ဆိုရင်တော့ အခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ယူဆပါတယ်။

ကေအိုင်စီ။ ။ ရောဂါကို ဘယ်အချိန်လောက်မှာ ထိန်းချုပ်နိုင်မယ်လို့ မျှော်မှန်းထားသလဲ။

စောဝင်းကျော်။ ။ တစ်လဝန်းကျင်အတွင်း ထိန်းချုပ်နိုင်လိမ့်မယ်လို့တော့ ယူဆတယ်ပေါ့နော်။ ဒါပေမဲ့လည်း ဒီဒေသက ဝက်သက်ကာကွယ်ဆေး တစ်ယောက်မှ မရကြတော့ ထပ်ပြီးတော့ ကူးစက်ချင်လည်း ကူးစက်မှာပဲ။ ဆက်ဖြစ်နေနိုင် သေးလို့ တိတိကျကျတော့ ပြောလို့မရသေးပါဘူး။ လုံးဝထိန်းချုပ်နိုင်ဖို့ကတော့ ကျနော်တို့ ကျန်းမာရေး အဖွဲ့အစည်းတွေ အပြင် အုပ်ချုပ်ရေးအဖွဲ့ကိုပါ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ခရိုင်အဆင့်အထိ တိုက်တွန်း တင်ပြပြောဆိုသွားပါမယ်။ အစိုးရ ကျန်းမာရေးအဖွဲ့နဲ့ရော ပူးပေါင်းဆောင်ရွက်လို့ ရ၊ မရဆိုတာကို မေးကြည့်ပြီးတော့ ကာကွယ်ဆေးထိုးမယ့်လုပ်ငန်းကို လည်း ဆက်လက်ဆောင်ရွက်နိုင်အောင် ကြိုးစားလုပ်ဆောင်သွားချင်ပါတယ်။

ကေအိုင်စီ။ ။ ထပ်မံ ဖြည့်စွက်ပြောချင်တာရှိရင် ပြောခဲ့ပေးပါ။

စောဝင်းကျော်။ ။ ကျနော်တို့ဖက်ကတော့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကို လုပ်နေပါတယ်။ ဒေသအခြေအနေအရ တစ်စုံတစ်ရာ ရောဂါဖြစ်ပွားလို့ရှိရင် တတ်နိုင်သမျှထိန်းချုပ်နိုင်အောင်တော့ လုပ်တာပါပဲ။ ဒါပေမဲ့လည်း အခြားလိုအပ်တဲ့ အဟာရမြှင့်တင်ရေး အစီအစဉ်တို့လို၊ ကာကွယ်ဆေးထိုး လုပ်ငန်းတို့လို၊ အဲဒါအပြင် ပိုပြောရင်တော့ လမ်းပန်းဆက်သွယ် ရေးအခြေအနေတွေ၊ ဒေသဖွံ့ဖြိုးရေးတွေ မရှိဘူးဆိုရင်တော့ ကျနော်တို့ ဘယ်လောက်ပဲလုပ်လုပ် (ရောဂါတွေ) ဆက်ပြီး တော့ဖြစ်နေဦးမှာပဲပေါ့။ ဒါကြောင့် ဒေသမှာ အဖက်ဖက်က တာဝန်ရှိတဲ့ ဒေသဆိုင်ရာတာဝန်ခံတွေရော၊ လူကြီးတွေရော က ကျန်းမာရေးစောင့်ရှောက်မှု တစ်ခုတည်းကို မကြည့်ပဲနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုပါ ဝိုင်းဝန်းစဉ်းစား လုပ်ဆောင် ပေးမှပဲ ဒေသလည်း ဖွံ့ဖြိုးလာမှာဖြစ်သလို ကျန်းမာရေးလည်း အဆင့်မြင့်လာမယ်လို့ လက်ခံယုံကြည်ထားပါတယ်။
————–
## ယခုဖြစ်ပွားနေသည့် ဝက်သက် ရောဂါသည် အဖျားတက်ခြင်း၊ ခန္ဓာကိုယ်အရေပြားတွင် အဖုများထွက်ခြင်း၊ ချောင်းဆိုးခြင်း၊ ပါးစပ်အနာပေါက်ခြင်း၊ မျက်လုံးနာခြင်း၊ လည်ချောင်းနာခြင်းနှင့် ဝမ်းသွားခြင်း လက္ခဏာများ ဖြစ်ပေါ် လျက်ရှိကြောင်း BPHWT တာဝန်ရှိသူများက ပြောသည်။

Please follow and like us:
ဖာပွန် ဝက်သက်ရောဂါ အခြေအနေအပေါ် BPHWT ဒါရိုက်တာနှင့် မေးမြန်းခြင်း
Tagged on:

Leave a Reply

Your email address will not be published. Required fields are marked *

Facebook
Facebook