၉-၄-၂၀၁၆ ဖားအံမြို့မှအပြန် သထုံမြို့နယ် မြသပိတ်တောင် ဘုရားလမ်းတွင် နေထိုင်သူ စောဂျူးထံ ဝင်ရောက်တွေ့ဆုံခဲ့သည်။ စောဂျူးသည် KNU ဗိုလ်ချုပ်ဟောင်းစောအုန်းဖေ၏ သားဖြစ်ပြီး တစ်ချိန်က KNU တပ်မဟာ(၅) တပ်မင်းဗိုလ်လင်းထင်၏ ကိုယ် ရေးအရာရှိလည်း ဖြစ်ခဲ့သည်။ တပ်မဟာမှူးကို ယခင်အချိန်က တပ်မင်းဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။ စောဂျူးအား KNU လက်နက် ကိုင်ထဲတွင် သူ ပါဝင်ပတ်သက်ခဲ့ဖူးသည့် အကြောင်းကို မေးမြန်းခွင့်ရခဲ့ရာ စောဂျူးမှလည်း စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့ သည်။

စာရေးသူ- ဝေါမူမူ ကိုစောဂျူး။
(မင်္ဂလာနံနက်ခင်းဟု အဓိပ္ပါယ် ရသည်)
စောဂျူး – ဝေါမူမူပါ။

စာရေးသူ – ၁၉၆၃ခုနှစ် ဇွန်လ (၁၁)ရက်နေ့ တော်လှန်ရေးကောင်စီအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်ခဲ့တဲ့ အချိန်တုန်း ကိုစောဂျူးအဖေ ဗိုလ်ချုပ်စောအုန်းဖေနဲ့ အဖွဲ့တွေ ပါဝင်ခဲ့တဲ့အကြောင်းတွေ မေးချင်လို့ပါ။
စောဂျူး – ဟုတ်ကဲ့မေးပါ။

စာရေးသူ – အဲ့ဒီတုန်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲ လာတဲ့အထဲမှာ ကရင်အဖွဲ့ထဲက နှစ်ဖွဲ့ခွဲပြီး လာကြတယ်လို့ သိရတယ်။ ဘာကြောင့် တူတူမလာကြဘဲ ခွဲပြီးလာကြသလဲ။
စောဂျူး – ဟုတ်ပါတယ်။ မန်းဘဇန် ခေါင်းဆောင်တဲ့ KNUP နဲ့ စောဟန်တာသာမွှေး ခေါင်းဆောင်တဲ့ KRC ဆိုပြီး နှစ်ဖွဲ့ သီးခြားစီ လာခဲ့ကြပါတယ်။

စာရေးသူ – ဘာကြောင့် ကရင်အဖွဲ့ နှစ်ဖွဲ့ ဖြစ်နေရတာလဲ။
စောဂျူး – အစကတော့ KNUP နဲ့ KRC ဆိုတာ တူတူပါပဲ။ KNUP နိုင်ငံရေးဦးဆောင်ပါတီ ဖြစ်ပြီး KRC ဆိုတာ အုပ်ချုပ် ရေးပိုင်းကို တာဝန်ယူရတယ်။ ၁၉၄၉ခု၊ ဇန်နဝါရီလ (၃၁) ကရင်တော်လှန်ရေး စတင်တုန်းက KNU က ဦးဆောင်ခဲ့တယ်။ ၁၉၅၀ခုနှစ် ၊ သြဂုတ်လ (၁၂) ရက်ကျတော့ ဥက္ကဌကြီး စောဘဦးကြီး ကျဆုံးခဲ့တယ်။ ၁၉၅၃ခုနှစ်ကျတော့ KNU တော်လှန်ရေး အတွက် နိုင်ငံရေး စစ်ရေး လမ်းစဉ်သစ်တစ်ခုကို ဝါးခယ်မမြို့နယ် ၊ ပါးရိုက်သောင်တန်း (ပရိုက်ဟု အသံထွက်သည်)မှာ ကျင်းပ တဲ့ KNU ကွန်ဖရင့်ကနေ ချမှတ်လိုက်တယ်။ အဲ့ဒီလမ်းစဉ်ကို ကရင့်တော်လှန်ရေးရဲ့ ဒုတိယလမ်းစဉ်လို့ ခေါ်ခဲ့တယ်။ အဲ့ဒီကွန်ဖ ရင့်ကိုလည်း ဝိန့်ထောင်ကွန်ဖရင့်လို့ အမည်ပေးခဲ့တယ်။ အဓိပ္ပါယ်ကတော့ ရွှေမြို့တော်ကွန်ဖရင့်ပေါ့။ KNU ကိုလဲ KNUP လို့ ပြောင်းခဲ့တယ်။

စာရေးသူ – KRC ဆိုတာကကော။
စောဂျူး – KNUP ရဲ့ ဒုတိယလမ်းစဉ်ကို ၁၉၅၃ခုနှစ်က စပြီး ဧရာဝတီတိုင်းမှ စတင်ကျင့်သုံးခဲ့တယ်။ ၁၉၅၅/၁၉၅၆ အရှေ့ကော်သူးလေ ခေါ်တဲ့ သံလွင်မြစ်အရှေ့ဘက်ကို ဖြန့်ကျက် ကျင့်သုံးခဲ့ကြတယ်။ ၁၉၅၅ မှာ KNUP ရဲ့ ဥက္ကဌ တာဝန်ကို စောဟန်တာသာမွှေး တာဝန်ယူပြီး မန်းဘဇန်က ဧရာဝတီတိုင်းကို တာဝန်ယူဖို့ ကျန်ခဲ့တယ်။ ၁၉၅၅ခု တောင်ငူခရိုင်၊ မောကိုရွာ အစည်းအဝေးမှာ KRC ကို ဖွဲ့စည်းခဲ့တယ်။ ဥက္ကဌအဖြစ် စောဟန်တာသာမွှေး ၊ ဒုဥက္ကဌအဖြစ် မန်းဘဇန်(နိုင်ငံရေးတာဝန်ခံ) စကောလယ်တောက အတွင်းရေးမှူးအနေနဲ့ အုပ်ချုပ်ရေးတာဝန်ယူပြီး စစ်ရေးတာဝန်ခံကိုတော့ ဗိုလ်ချုပ်မင်းမောင်က တာဝန်ယူခဲ့တယ်။

စာရေးသူ – အဲ့ဒါနဲ့ KNUP နဲ့ KRC ဘယ်အချိန်မှာ ကွဲသွားကြသလဲ။
စောဂျူး – ၁၉၆၃ခု ဧပြီလ (၂၀)ရက်က စောဝါး ညီလာခံကြတော့ မန်းဘဇံခေါင်းဆောင်တဲ့ KNUP နဲ့ စောဟန်တာသာ မွှေး ခေါင်းဆောင်တဲ့ KRC တို့ မူဝါဒချင်း မတူညီကြတော့ဘဲ ကွဲသွားကြပြန်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တစ်ဖွဲ့ စီ လာကြတာပါ။

စာရေးသူ – အဲ့လိုကွဲကြတော့ မကွဲအောင် ထိန်းတဲ့သူတွေ မရှိဘူးလား။
စောဂျူး – ကရင်တော်လှန်ရေး အဲ့ဒီလိုကွဲတော့ ကျနော့်အဖေ (ဗိုလ်ချုပ်စောအုန်းဖေ) တော်တော် စိတ်ထိခိုက်ခဲ့တယ်။ ဒါပေမဲ့ ကျနော့်အဖေ KRC ဘက်ပါမှ ဗိုလ်ထရူးမင်းနဲ့ ဗိုလ်လင်းထင် ပါမှာဖြစ်လို့ စောဟန်တာသာမွှေးက အဖေ့ကိုပါအောင် စည်းရုံးခဲ့တယ်။ အဲ့ဒီတုန်းက ညီလာခံမှာ ဗိုလ်ချုပ်တာမလာဘောလည်း မျက်ရည်တောင်ကျခဲ့တယ်။ ဒါပေမဲ့ KNUP ဘက်မှာ ကျန်ခဲ့တယ်။ ဗိုလ်ချုပ်တာမလာဘောဆိုတာ အခု ပဒိုနော်စီဖိုးရာစိန်ရဲ့အဖေပေါ့။

စာရေးသူ – KRC ငြိမ်းချမ်းရေး ဆွေးနွေးပွဲလာတော့ ဘယ်သူတွေ ပါကြသေးသလဲ။
စောဂျူး – KRC မှာ စောဟန်တာသာမွှေး ခေါင်းဆောင်ပြီး ကျနော့်အဖေ ဗိုလ်ချုပ်စောအုန်းဖေ၊ ပဒိုဝေသော၊ ပဒိုဝရီ ကျော်၊ ဂျေဖူးညို၊ ပဒိုဖိုးညော၊ ပဒိုဘဝင်း၊ တပ်ဖက်က တပ်မဟာ (၅) တပ်မဟာတပ်မင်း ဗိုလ်လင်းထင်၊ ဒုတပ်မင်း ဗိုလ်ဝင်းတို့ ပါကြတယ်။

စာရေးသူ – KRC စဖွဲ့စဉ်တုန်းက ဗိုလ်ချုပ်မင်းမောင် ပါမလာတော့ဘူးလား။
စောဂျူး – ၁၉၆၁ အောင်သိဒ္ဓိစစ်ဆင်ရေးမှာ ဗိုလ်ချုပ်မင်းမင်း ကျဆုံးတော့ သူနေရာကို ကျနော့်အဖေ သူ့နေရာ တာဝန် ပြန်ယူရတယ်။

စာရေးသူ – ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ကာလမှာ ဆက်ဆံရေးရုံးကို ဘယ်မှာထားသလဲ။
စောဂျူး – ဆက်ဆံရေးရုံးက သထုံဗိုလ်ဝင်းအိမ်မှာ ထားတယ်။ ဆက်ဆံရေးရုံး တာဝန်ခံက ဗိုလ်မှူးကြီးမိုးဇက်ပါ။

စာရေးသူ – ကိုစောဂျူး အဲ့ဒီတုန်းက ဘာတာဝန်ရှိသလဲ။
စောဂျူး – အဲ့ဒီတုန်းက ကျနော့်အသက်က (၂၀)လောက်ပဲ ရှိသေးတယ်လေ။ ဗိုလ်လင်းထင်နဲ့ ဗိုလ်ဝင်းတို့ ခရီးထွက်ရင် ကျနော့်ကို ခေါ်သွားလေ့ရှိတယ်။ တစ်ခါတစ်လေ တပ်မဟာ ရုံးစိုက်တဲ့ သထုံမြို့နယ်ထဲက မြစ်ကျိုးရွာမှာ တခါတလေ ဗိုလ်လင်း ထင်နဲ့ ရန်ကုန် ကုန်းမြင့်သာကို လိုက်ရတယ်။ တခါတလေ ဆက်ဆံရေးရုံး၊ သထုံဗိုလ်ဝင်းအိမ်မှာ နေရတယ်။ အဓိက တာဝန်က တော့ ဗိုလ်လင်းထင်ရဲ့ ကိုယ်ရေးအရာရှိပါ။

စာရေးသူ – အဲ့ဒီတုန်းက KRC လက်အောက်ခံ တပ်ဖက်က တာဝန်ရှိသူတွေ ဘယ်သူလဲ။
စောဂျူး – KRC တပ်မဟာ(၅)က သထုံမြစ်ကျိုးမှာ ဌာနချုပ် လုပ်ထားတယ်။ တပ်မဟာမှူးက ဗိုလ်လင်းထင်၊ ဒုတပ်မ ဟာမှူးက ဗိုလ်ဝင်း၊ တပ်မဟာ (၅)လက်အောက်မှာ တပ်ရင် (၃)ရင်း ရှိတယ်။ လင်းယုန်တပ်ရင်းကို တပ်ရင်းမှူး ဗိုလ်မှူးကြီးမိုး ဇက်၊ ဒုတပ်ရင်းမှူးက ဒုဗိုလ်မှူးကြီး ကြီးရွှေ၊ ဗိုလ်မှူးဝေထူးတို့ ဦးဆောင်ပြီး ကျိုက်ထိုမှာ ဌာနချုပ်ထားတယ်။ ဗိုလ်မှူးဝေထူး ဆိုတာ စောဘဦးကြီးနဲ့အတူ ကျဆုံးခဲ့တဲ့ ဗိုလ်ချုပ်စိုင်းခေရဲ့ သားပါ။ ကြယ်တာရာ တပ်ရင်းက တပ်ရင်းမှူး ဗိုလ်မှူးကြီးဖားလူ ကျော် ဦးဆောင်ပြီး သထုံမှာ အခြေစိုက်တယ်။ ခြင်္သေ့တပ်ရင်းကတော့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသာရွှေ၊ ဒုတပ်ရင်းမှူးက ဗိုလ် မှူးဒင်္ဂါး၊ ဘီးလင်းမှာ ဌာနချုပ်ထားတယ်။ ငြိမ်းချမ်းရေးလုပ်ရာမှာ ဒုမဟာတပ်မှူး ဒုဗိုလ်မှူးကြီးဖလဲယာကလေးနဲ့ အင်အားတစ် ဝက်လောက်ပဲ ပါလာတယ်။ တပ်မဟာမှူးနဲ့ အင်အားတစ်ဝက်လောက်ကတော့ မပါလာဘဲ ကျန်ခဲ့တယ်။

စာရေးသူ – တော်လှန်ရေးကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲမှာ ဘယ်အဖွဲ့တွေ အောင် မြင်ခဲ့သလဲ။
စောဂျူး – KRC တစ်ဖွဲ့တည်း အောင်မြင်ခဲ့တာပါ။ ကျန်တာ ဘယ်အဖွဲ့မှ မအောင်မြင်ခဲ့ပါဘူး။ ၁၉၆၄ မတ်လ (၁၂)ရက် နေ့မှာ KRC နဲ့တော်လှန်ရေးကောင်စီ ငြိမ်းချမ်းရေး လက်မှတ်ထိုးခဲ့ကြပါတယ်။ KRC တစ်ဖက်က ကျနော့်အဖေ ဗိုလ်ချုပ်စော အုန်းဖေ၊ ဗိုလ်ချုပ်အောင်စိန်၊ ဗိုလ်ချုပ်စိန်မှုံ တို့လည်း ပါတယ်။ ဗိုလ်ချုပ်အောင်စိန်ဆိုတာ ကရင်လက်နက်ကိုင် တော်လှန်ရေး စတော့ အစိုးရစစ်တပ် အမြောက်တပ်ကနေ ဘက်ပြောင်းလာတာဖြစ်တယ်။

စာရေးသူ – KRC နဲ့ တော်လှန်ရေးကောင်စီ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင်ခဲ့ပေမဲ့ ဗိုလ်လင်းထင်ရဲ့ အခြေအနေ ဘယ် လိုဖြစ်သွားတယ်ဆိုတာ ပြောပြပါလား။
စောဂျူး – ၁၉၅၆ စက်တင်ဘာ (၂၈)ရက်နေ့ တစ်နေ့မှာ သထုံစစ်တပ် တပ်ရင်းမှူးက ဗိုလ်လင်းထင်ကို စစ်သားတစ် ယောက်နဲ့ ဘလက်လေဘယ်တစ်လုံး လက်ဆောင်လာပေးတယ်။ အဲ့ဒီအချိန်မှာ ဗိုလ်လင်းထင်မရှိဘူး။ ဗိုလ်ဝင်းနဲ့အတူ ဖီးယက် ကားလေးတစ်စီးနဲ့ ထွက်သွားတယ်။ နောက်မှ ဗိုလ်လင်းထင်နဲ့ ဗိုလ်ဝင်း ကျောက်တစ်လုံးရွာက ဖားလူကျော်ဆီသွားမှန်း သိရ တယ်။ ညနေရောက်တော့ တပ်မဟာ(၅)၊ မြစ်ကျိုးဌာနချုပ်က ဗိုလ်မှူးဝေထူး၊ ဗိုလ်လင်းထင်ဆီ စာတစ်စောင် မြစ်ကျိုးသူကြီးနှင့် ပို့တာ ရောက်လာပြန်တယ်။ ဗိုလ်လင်းထင်ပြန်ရောက်ပြီး စာကို ဖောက်ဖတ်ကြည့်လိုက်တော့ ဗိုလ်မှူးကြီးမိုးဇက်နဲ့ ဒုဗိုလ်မှူးကြီး ကြီးရွှေတို့ တပ်မဟာ(၅) အမိန့်ကို မနာခံလိုတော့ကြောင်း သိရတယ်။

ဗိုလ်လင်းထင်လည်း ဗိုလ်ဝင်းနဲ့ ကျနော့်ကို ဘီးလင်း နတ်ကြီးရွာ ဒုဗိုလ်မှူးကြီး ကြီးရွှေကို သွားခေါ်ခိုင်းခဲ့တယ်။ ဗိုလ်ဝင်းလည်း သထုံစစ်တပ်ကို ကားအကူအညီလှမ်းတောင်းတော့ စစ်ကားတစ်စီး ရောက်လာတယ်။ ကားရောက်တော့ ဗိုလ်ဝင်းက ကားခေါင်းခန်းထဲက လိုက်ပြီး ကျနော်နဲ့ ရဲဘော်သုံးယောက်က နောက်ခန်းက လိုက်ကြတယ်။ ပါလာတဲ့ သထုံစစ် တပ်က စစ်သား (၄)ယောက်ဟာ အရပ်ဝတ်နဲ့ပေမယ့် ခါတိုင်းလို ကျနော်တို့နဲ့ မျက်နှာချင်းဆိုင် မထိုင်ကြဘဲ ကျနော်တို့ကို တစ် ယောက်ဆီ ညှပ်ထိုင်နေကြတာ ကျနော်တို့လည်း သတိမထားမိခဲ့ဘူး။ ကားထွက်တော့ ကားဒရိုင်ဘာက စပယ်ယာဘီး မေ့ကျန် ခဲ့ကြောင်း ဘီးလင်းအထိ သွားရမှာဖြစ်လို့ တပ်ရင်းကို စပယ်ယာဘီး ပြန်ယူမယ်ဆိုပြီး တပ်ရင်းဘက်ကို ကားပြန်မောင်းခဲ့တယ်။
တပ်ရင်းရောက်တော့ ဗိုလ်ဝင်းက အတော်ဘဲ တပ်ရင်းမှူး နှုတ်ဆက်လိုက်အုံးမယ်ဆိုပြီး တပ်ရင်းရုံးပေါ်ကို တက်သွား တယ်။ အတော်ကလေးကြာတော့ စစ်ဗိုလ်တစ်ယောက် ရောက်လာပြီး ဗိုလ်ဝင်းက သူသေနတ်ပေးလိုက်ပါလို့ ပြောတယ်။ ကျနော်လည်း စိတ်ထဲ မသန့်တာနဲ့ ဗိုလ်ဝင်းကိုင်တဲ့ သေနတ်ကို မပေးဘဲ ကျနော်ကိုင်တဲ့ ဘရောင်နီ ပစ္စတိုကို ပေးလိုက်တယ်။ တစ်အောင့်လောက်ကြာတော့ အဲ့ဒီစစ်ဗိုလ် ပြန်ရောက်လာပြီး ဗိုလ်ဝင်းက ပေးလိုက်တာ သူ့သေနတ်မဟုတ်ကြောင်း ကျနော့်ကို ပြောတော့ ကျနော်လည်း ဗိုလ်ဝင်းကိုင်တဲ့ လားမားပစ္စတိုကို ပေးလိုက်တယ်။ သေနတ်နှစ်လက် ပေးပြီးတာနဲ့ ကျနော်တို့ လေးယောက်စလုံးလည်း အဖမ်းခံရတော့တာပါပဲ။ အဲ့ဒီတော့မှ ကျနော်တို့လည်း တပ်ရင်းရုံးပေါ်မှာ ဗိုလ်ဝင်းကို အရင် ဖမ်းထား ပြီးကြောင်း သိရတော့တယ်။

စာရေးသူ – အဲ့ဒီလို အဖမ်းခံရပြီး ခင်ဗျားတို့ကို ဘယ်မှာထားလဲ။
စောဂျူး – အဲ့ဒီည ဗိုလ်ဝင်းနဲ့ ကျနော်တို့လေးယောက် သထုံတပ်ရင်း ရုံးမှာပဲ ဖမ်းထားတယ်။

စာရေးသူ – အဲ့ဒီတုန်းက သထုံတပ်ရင်းက တပ်ရင်းဘယ်လောက်လဲ။
စောဂျူး – တပ်ရင်းက (၂၄) တပ်ရင်းမှူးက ဗိုလ်မှူးအုန်းကြည်ပါ။

စာရေးသူ – နောက်ထပ်ဘာဆက်ဖြစ်သေးလဲ။
စောဂျူး – အဲ့ဒီည သထုံတပ်ရင်းရုံးထဲမှာ အဖမ်းခံနေရတုန်း ညဘက်ကြတော့ ကာဘိုင်သံ နှစ်ချက်ကြားလိုက်ရပြီး တပ် ရင်းရုံးထဲက စစ်သားတွေလည်း အောင်ပြီးဆိုတဲ့ ကြွေးကြော်သံ ကြားလိုက်ရတယ်။ မနက်မိုးလင်းတော့ ဗိုလ်မှူးကြီးမိုးဇက်နဲ့ ဒု ဗိုလ်မှူးကြီး ကြီးရွှေတို့ သထုံတပ်ရင်း ရုံးထဲရောက်လာကြပြီး ပြန်ထွက်သွားတာကို တွေ့လိုက်ရတော့ ဗိုလ်မှူးကြီးမိုးဇက်နဲ့ ဒုဗိုလ် မှူးကြီး ကြီးရွှေတို့ ကျနော်တို့ကို သစ္စာဖောက်လိုက်ပြီဆိုတာ သိလိုက်ရတယ်။

စာရေးသူ – ကဲဆက်ပြောပါအုံး။
စောဂျူး – ဗိုလ်ဝင်း၊ ကျနော်၊ ဗိုလ်မှူးပြူး၊ ဗိုလ်မှူးကြီး ဖားလူကျော်၊ ဗိုလ်မှူးဝေထူး၊ ဗိုလ်မှူးဂေါ်ဖရီ၊ ဒုဗိုလ်မှူးကြီး ဖဲယား ကလေး၊ ဗိုလ်ဘခက်၊ ခွန်ဗဆွေ၊ ပဒိုဘွိုင်း၊ ဗိုလ်မှူးမိုးဝေတို့ အားလုံး မော်လမြိုင်ထောင်ကို အပို့ခံလိုက်ရတယ်။

စာရေးသူ – ကိုစောဂျူး ထောင်ဘယ်လောက် ကျခဲ့သလဲ။
စောဂျူး – ကျနော် မော်လမြိုင်နဲ့ အင်းစိန် ထောင်နှစ်ခုပေါင်း (၉)နှစ်လောက် နေခဲ့ရတယ်။

စာရေးသူ – တခြားလူတွေကော။
စောဂျူး – ဗိုလ်ဝင်းတော့ မော်လမြိုင်ထောင်မှာ သုံးနှစ်ကျပြီး ပြန်လွတ်တယ်။ ပြီးတော့ သထုံပါတီယူနစ် အတွင်းရေးမှူး ဗိုလ်မှူးကြီးထရူးမင်းက ဦးထွန်းမင်းဆိုတဲ့ နာမည်နဲ့တောင်ငူမှာ ပါတီယူနစ် ဥက္ကဌတွေ ဖြစ်သွားကြတယ်။

စာရေးသူ – KRC ထိပ်ပိုင်းခေါင်းဆောင်တွေလည်း ဘာတွေဆက်ဖြစ်သွားကြသေးလဲ။
စောဂျူး – စောဟန်တာသာမွှေးက ပညာရေး သုတေသနဌာနမှာ အထူးအရာရှိ၊ ပဒိုဘထွန်းက ကရင်ပြည်နယ်မှာ ပညာ ရေးတာဝန်ခံ ရာထူးတွေ ရသွားကြတယ်။ ပဒိုဝေသောနဲ့ ပဒိုဝရီကျော်တို့ကတော့ နိုင်ငံဂုဏ်ရည် ပထမအဆင့် ဘွဲ့တွေ ရသွားကြ တယ်။

စာရေးသူ – ဗိုလ်လင်းထင်က နောက် ဘာဖြစ်သွားသေးလဲ။
စောဂျူး – ဗိုလ်လင်းထင်က တော်လှန်ရေးကောင်စီနဲ့လုပ်တဲ့ ငြိမ်းချမ်းရေး တပ်ပိုင်းဆိုင်ရာကိစ္စတွေ သဘောကွဲလွဲပုံရ တယ်။ ငြိမ်းချမ်းရေးကို မယုံကြည်ဘဲ တောထဲပြန်သွားဖို့ဘဲ ကျနော်ထင်တယ်။ ထားဝယ်ခရိုင် ကလိန်ချောင်းစခန်း ဗိုလ်မှူးကြီး အော်လီဗာဆီကို စာပို့ခိုင်းလိုက်လို့ ကျနော် ပို့ခဲ့ရတယ်။

စာရးသူ – ထားဝယ်ကို ဘယ်လိုသွားခဲ့သလဲ။
စောဂျူး – လေယာဉ်နဲ့ပဲ သွားရတယ်။ စာကို စီးကရက် သံဗူးထဲ ထည့်သွားရတယ်။ ဗိုလ်လင်းထင်က ကျနော့်ကို စီးက ရက်သောက်ရင် ဘေးက အလိပ်ကိုဘဲသောက်ဖို့ အလယ်အလိပ်ကို မသောက်ဖို့ ပြောထားခဲ့တယ်။ စာထဲ ဘာပါသလဲတော့ ကျနော်လည်း မသိဘူး။

စာရေးသူ – အဲ့ဒီတုန်းက KRC နဲ့ တော်လှန်ရေးကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအပေါ် ဗိုလ်လင်းထင် ဘယ်လိုမြင် တယ်လို့ ယူဆသလဲ။
စောဂျူး – စောဟန်တာသာမွေးတို့ ကုန်းမြင့်သာမှာ အစည်းအဝေးလုပ်ရင် ဗိုလ်လင်းထင် တက်လေ့မရှိဘူး။ နိုင်ငံရေး မှူးတွေ ဖြစ်ကြတဲ့ ပဒိုဘွိုက်နဲ့ ခွန်ဘဆွေပဲ တက်လေ့ရှိတယ်။ တော်လှန်ရေးကောင်စီနဲ့လုပ်တဲ့ ငြိမ်းချမ်းရေးကို သူ ယုံကြည်ပုံ မရဘူးလို့ပဲ ပြောချင်တယ်။ အောက်က တပ်မှူးတွေကို အခြေအနေမကောင်းရင် တောထဲ ပြန်သွားဖို့ ပြောထားပုံရတယ်။ ဒါ ကြောင့် ဒီသတင်းကို ဗိုလ်မှူးကြီးမိုးဇက်နဲ့ ဒုဗိုလ်မှူးကြီး ကြီးရွှေတို့ တပ်မတော်ကို သတင်းပို့တယ်လို့ပဲ ပြောရမှာပေါ့။

စာရေးသူ – အဲ့ဒီတုန်းက တော်လှန်ရေးကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ရင် လာတဲ့နေရာထိ ပြန်ပို့ပေး မယ်။ ၇ရက်အတွင်း အတိုက်အခိုက်မလုပ်ဘူးလို့ ကတိပေးခဲ့တယ် မဟုတ်လား။
စောဂျူး – ဟုတ်ပါတယ်။ ဒါပေမဲ့ သခင်စိုးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြီးတော့ တောထဲရောက်မှ တပ်မတော်က လိုက်တိုက်ခိုက်ခဲ့သေးတယ်။ ၁၉၆၄ခု၊ နိုဝင်ဘာ ၁၄ရက်နေ့မှာ မ-ဒ-ည-တ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်တယ်။ ဗကပ၊ KNUP-NMSP တို့ အတူတူပြန်ကြပြီး ပဲခူးရိုးမက KNUP တပ်တွေ လာကြိုတော့ တိုက်ပွဲ မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေး ဆွေး နွေးပွဲပျက်တယ်လို့ ရေဒီယိုကလည်း ကြေညာရော၊ ပန်းတနော် တောကျောင်းရွာမှာ အစည်းအဝေးလုပ်နေတဲ့ KNU အရံဗဟို ကော်မတီဝင် မန်းဘစောကို စစ်တပ်က တက်ဖမ်းတာ မမိလိုက်ဘူး။ တောကျောင်းရွာဆိုတာ ပဒိုမန်းရှာရဲ့ ဇာတိရွာပေါ့။

စာရေးသူ – ဗိုလ်လင်းထင် နောက်ထပ် ဘာဖြစ်သွားသေးလဲ။
စောဂျူး – ကျနော်နဲ့ သထုံ တပ်ရင်းမှာ အဖမ်းခံနေရတုန်း သထုံမြို့ထဲက ကာဘိုင်သံ နှစ်ချက်နဲ့ သထုံတပ်ရင်းက စစ် သားတွေ အောင်ပြီဆိုတဲ့ ကြွေးကြော်သံ ကြားရတယ်လို့ ကျနော် ပြောခဲ့တယ် မဟုတ်လား။ အဲ့ဒီညက ဗိုလ်လင်းထင်ဟာ သူ ခိုင်းလို့ ကျနော်တို့ လိုက်ခေါ်ပေးရတဲ့ ဘီးလင်းက ဒုဗိုလ်မှူးကြီး ကြီးရွှေအလာကိုစောင့်ရင်း သထုံကျုံးကြီးလမ်းက ဒေါက်တာ စောဟိန်းအိမ်ကို ညစာသွားစားတယ်။ ဒေါက်တာစောဟိန်းဆိုတာ ဗိုလ်ထရူးမင်းရဲ့နှမ အန်တီဒေါ်ရစ်နဲ့ရတာ။ ဗိုလ်ဝင်းနဲ့ ကျနော်တို့ ပြန်ရောက်မလာတာ သထုံတပ်ရင်းက ဖမ်းထားလိုက်ပြီဆိုတာ ဗိုလ်လင်းထင်လည်း မသိခဲ့ဘူး။ ဗိုလ်လင်းထင်လည်း ဒေါက်တာစောဟိန်းအိမ်မှာ ညစာစားတုန်း သထုံစစ်တပ်က ဝင်ဖမ်းတာ ခံလိုက်ရတယ်။ ကားပေါ်မှာ ရုန့်ရင်းဆန်ခတ်ဖြစ်ပြီး ဗိုလ်လင်းထင်ဦးခေါင်းကို ကာဘိုင်နဲ့ နှစ်ချက် ဆင့်ပစ်လိုက်တော့ ဗိုလ်လင်းထင်လည်း ကျဆုံးသွားတယ်။ သထုံတပ်ရင်းမှာ ကျနော်တို့ အဖမ်းခံရတုန်း ကြားခဲ့ရတဲ့ ကာဘိုင်သံနှစ်ချက်ဟာ ဒါပဲ ဖြစ်မှာပါ။ အဲ့ဒီတစ်ညလုံး သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ မော် လမြိုင်မြို့တွေမှာ သံချပ်ကာ ကားနဲ့ မိုးလင်းတဲ့အထိ စစ်တပ်တွေ ကင်းလှည့်ကြတယ်လို့ ပြောကြတယ်။ ဗိုလ်လင်းထင်အ လောင်းကိုလည်း မော်လမြိုင်သယ်ပြီး ပင်လယ်ထဲ အစဖျောက်လိုက်တယ်လို့ သိရတယ်။

စာရေးသူ – ၁၉၅၄ကို နိုဝင်ဘာလ (၁၅)ရက် စစ်တောင်းကနေ မုတ္တမအသွား ရန်ကုန်-မော်လမြိုင် ရထားကို ဒုံဝန်းနဲ့ သိမ် ဆိပ်ဘူတာကြားမှာ ဗိုလ်လင်းထင် ရထားမိုင်းခွဲစဉ်က တက္ကသိုလ်ကျောင်းသူ (၃၀)ဆိုလား၊ (၁၀၀)ဆိုလား ဗိုလ်လင်းထင်က တရုတ်ဖြူ ဗိုလ်ချုပ်လောလီဆီကို ရောင်းစားလိုက်တယ်ဆိုတဲ့ သတင်းကော ပြောပြပါလား။
စောဂျူး – ဒီမေးခွန်းကိုမေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော် သိပ်ဖြေချင်တဲ့ မေးခွန်းပါ။ အဲ့ဒီတုန်းက ရထားမိုင်း ခွဲတာ ဗိုလ်လင်းထင် မဟုတ်ပါ။ ဒုတပ်မင်း ဗိုလ်ဝင်းပါ။ စစ်လက်နက်ပစ္စည်းကို လူစီးရထားနဲ့ပို့တာ သတင်းရလို့ ဖြတ်တိုက်တာ ပါ။ လက်နက်တွေလည်း အများကြီး ရခဲ့ပါတယ်။ ဘယ်တက္ကသိုလ်ကျောင်းသူကိုမှ မဖမ်းခဲ့ပါဘူး။

စာရေးသူ – ဖဆပလ အစိုးရက စစ်လက်နက်ပစ္စည်းတွေကို စစ်ယာဉ်တွေနဲ့ မပို့ဘဲ လူစီးရထားနဲ့ ဘာကြောင့်ပို့တယ်လို့ ထင်သလဲ။
စောဂျူး – ဖဆပလ အစိုးရက စစ်လက်နက်ပစ္စည်းတွေကို စစ်ယာဉ်တွေနဲ့မပို့ဘဲ လူစီးရထားနဲ့ ပို့တယ်ဆိုတာ သူတို့ လုံခြုံရေးအတွက် လူထုကို အကာအကွယ် ယူချင်တာနဲ့ လိုအပ်ရင် နိုင်ငံရေးညစ်ပတ်လို့ရအောင်လို့ပဲ ပြောချင်တယ်။

စာရေးသူ – တက္ကသိုလ်ကျောင်းသူ(၁၀၀)လား (၃၀)လား ကိစ္စကိုတော့ ကိုစောဂျူး ဘာထပ်ပြောချင်သေးသလဲ။
စောဂျူး – မဟုတ်ဘူးလို့ဘဲ ထပ်ပြောချင်တယ်။ သမိုင်းပါမောက္ခ စောထွန်းအောင်ချိန်ဆိုတာ ကျနော်နဲ့ ညီအစ်ကို နှစ် ဝမ်းကွဲ တော်ပါတယ်။ သူ့အဖေနဲ့ ကျနော့်အဖေ ညီအစ်ကို တစ်ဝမ်းကွဲ၊ သူ့အဖိုးနဲ့ ကျနော့်အဖိုးက ညီအစ်ကိုအရင်းတွေပါ။ ဗိုလ်ဝင်းက တက္ကသိုလ်ကျောင်းသူ (၃၀)ကိစ္စ မဟုတ်တဲ့အကြောင်း အဲ့ဒီတိုက်ပွဲကို ဗိုလ်လင်းထင်မဟုတ်ဘဲ သူကိုယ်တိုင် ဦးစီး တိုက်ခဲ့ကြောင်း ကျနော့်အစ်ကိုစောထွန်းအောင်ချိန်ကို အဖြစ်မှန်ပြန်ရေးဖို့ ကျနော့်ကို ပြောခိုင်းတယ်။ ကျနော် ၂ခါတောင် သူ့ (စောထွန်းအောင်ချိန်)ကို ပြောပါတယ်။ သူ မရေးရဲတာလား၊ မရေးချင်တာလားတော့ ကျနော် မသိဘူး။ သူ့ဆန်စားလျှင် ရဲရ တယ်လို့သာ ကျနော့်ကို ပြန်ပြောတယ်။

စာရေးသူ – ဗိုလ်လင်းထင်နဲ့ နော်လွီဇာဘင်ဆင် ယူကြတာကော တကယ်ချစ်ကြလို့လား။ တစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုခုက ကြိုးကိုင်စေခိုင်းလို့လား။
စောဂျူး – ဒါကတော့ ကျနော်မသိဘူး။ နော်လွီဇင်ဘင်ဆင်ရဲ့အဖေ စောဘင်ဆင်ကို ဖဆပလအစိုးရက ဖမ်းထားတုန်း က သူ့အမေနဲ့အတူ လှည်းကူးမှာလာနေတုန်း ကျနော်တို့နဲ့ သိကျွမ်းခဲ့ဖူးတယ်။ နော်လွီဇင်ဘင်ဆင်ကို ကျနော်က ဗိုလ်လင်းထင် မိန်းမများတာ သိရဲ့နဲ့ ဘာလို့ယူရသလဲလို့ ကျနော် မေးဖူးတယ်။

စာရေးသူ – နော်လွီဇာဘင်ဆင် ဘယ်လိုပြန်ဖြေသလဲ။
စောဂျူး – မိန်းမဆိုတာ နှာခေါင်းမပါရင် (××××) ကြွေးရင်တောင် စားတယ်လို့ဘဲ ကျနော့်ကို ပြန်ပြောတယ်။

စာရေးသူ – ဗိုလ်ချုပ်နေဝင်းနဲ့ နော်လွီဇာဘင်ဆင်တို့ ကောလဟလ သတင်းတွေ ထွက်တာနဲ့ ပတ်သက်ပြီးကော ကိုစော ဂျူး ပြောပြနိုင်မလား။
စောဂျူး – နော်လွီဇာဘင်ဆင်က အဲ့ဒီတုန်းက ဗိုလ်ချုပ်နေဝင်း ကလေးတွေကို စာသင်ပေးရတယ်။ မဟုတ်ဘူးလို့ဘဲ ကျနော့်ကို ပြောခဲ့တယ်။

စာရေးသူ – ကိုစောဂျူးအဖေ ဗိုလ်ချုပ်စောအုန်းဖေကျတော့ အဖမ်းလည်း မခံရဘူး။ ဘာရာထူးမှလည်း မရတာ ဘာ ကြောင့်လဲ။
စောဂျူး – ကျနော့်အဖေက ဗိုလ်လင်းထင်ကိစ္စကို သူဘာမှမသိတာ။ တော်လှန်ရေးကောင်စီက သူ့ကို မယုံကြည်ဘူး။

စာရေးသူ – တော်လှန်ရေးကောင်စီနဲ့ KRC လက်မှတ်ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေးအပေါ်ကို စောဂျူးအဖေ ဘယ်လိုမြင်လဲ။
စောဂျူး – ကျနော့်အဖေ (ဗိုလ်ချုပ်စောအုန်းဖေ)က တော်လှန်ရေးကောင်စီဟာ ဘာမှ ကတိမတည်ဘူးလို့ ပြောခဲ့ဖူး တယ်။ အဲ့ဒီတုန်းက ဗိုလ်မြက ကျနော့်အဖေနဲ့ စောဟန်တာသာမွှေးကို တောထဲပြန်သွားဖို့ ခေါ်သေးတယ်။ KRC မရှိတော့ပေ မယ့် ကရင်တော်လှန်ရေး ကမ္ဘာမှာ ရှိသေးတယ်ဆိုတာ ပြချင်တဲ့သဘောပေါ့။

စာရေးသူ – သူတို့ သွားဖြစ်ကြသေးလား။
စောဂျူး – မသွားဖြစ်ကြတော့ပါဘူး။ အသက်တွေလည်း ကြီးနေကြပြီ။ ကျန်းမာရေးလည်း သိပ်မကောင်းကြတော့ဘူး။ စစ်တပ်ကလည်း စောင့်ကြည့်တာ ခံနေရတယ်။

စာရေးသူ – တာဘလု- အခုလို ပြောကြားပေးတဲ့အတွက် ကျေးဇူးပါပဲ ကိုစောဂျူး။
(ကျေးဇူးတင်ပါသည်ဟု အဓိပ္ပါယ်ရသည်)

Please follow and like us:
ဗိုလ်လင်းထင်၏ ကိုယ်ရေးအရာရှိနှင့် တွေ့ဆုံခြင်း

Leave a Reply

Your email address will not be published. Required fields are marked *

Facebook
Facebook