29 March 2024 /

See today's Peace Related News

လမ်းကြောင်းပိတ်လုနီး မြန်မာ့ငြိမ်းချမ်းရေးခရီး

ရေးသားသူ- ဗညားအောင်

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ လတ်တလော ကျင်းပပြုလုပ်မည့် အစည်းအဝေးများ တက်ရောက် ပါဝင်မှုအား ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ယာယီဆိုင်းငံ့ထားမည် ဖြစ်ကြောင်း (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုးမှ အောက်တိုဘာလ (၂၇) ရက်က ရေးသားပေးပို့ခဲ့သည်။

ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် လက်နက် ကိုင် (၁၀) ဖွဲ့အနက် အင်အား အကြီးမားဆုံး ဖြစ်သော KNU သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင် အစည်းအဝေးများတွင် ပါဝင်မှုအား ယာယီဆိုင်းငံ့ထားပြီး အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှု လမ်းကြောင်းမှ တဆင့် ဆွေးနွေး အဖြေရှာ သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၀ ရက်နေ့က (၆) ကြိမ်မြောက် ဗဟို အမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေးကျင်းပအပြီး ကြေညာချက်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေးခရီးသည် လမ်းကြောင်းပိတ်လုနီး အခြေအနေသို့ ဆိုက်ရောက်စေခဲ့သလား မေးခွန်းထုတ်မှုများ အရှိန်မြင့်လာနေသည်။

KNU မှ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက “ဒီနေ့ လက်ရှိ ကျနော်တို့ သွားနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ မူလ သွားနေတဲ့ လမ်းကြောင်းကနေ တိမ်းစောင်း နေတယ်လို့ KNU ဗဟိုကော်မတီဝင်တွေက သုံးသပ်ပါတယ်၊ တဖက်မှာလည်း NCA ကို လိုသလို အဓိပ္ပါယ်ဖွင့်ဆိုပြီးတော့ အသုံးချနေတယ်လို့လည်း ကျနော်တို့ ပြောလို့ရပါတယ်၊ အဲဒီ အခြေခံတွေကြောင့် NCA က လိုသလို ခရီးမပေါက်ဘဲနဲ့ အကောင်အထည် ဖော်နေရသလို ဖြစ်တယ်” ဟု KNU ၏ Online TV မှတဆင့် ရှင်းပြသွားသည်။

KNU သည် NCA စာချုပ်ပါအတိုင်း တစ်ခုတည်းသော အဓိပ္ပါယ် ဖွင့်ဆိုချက်ဖြင့် တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေး ပွဲရလဒ်နှင့်အညီ တည်ဆောက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် အဖွဲ့အစည်း၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်မှု၌ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်မှုဖြစ်ရန်အတွက် အဖွဲ့အစည်းတစ်ခုလုံး၏ တညီတညွတ်တည်း ပါဝင်ရန် လုံလောက်သည့် ကာလတစ်ခုကို ရယူရန် လိုအပ်သည်ဟု နိုဝင်ဘာ ၁၀ ရက်ထုတ်ပြန်ချက်က ဖော်ပြထားသည့်အတွက် ဆိုင်းငံ့အချိန်ကာလ မည်မျှကြာမြင့်နိုင်သည်ကိုဖြင့် မခန့်မှန်း နိုင်ပေ။

မေးခွန်းထုတ်စရာ တခုမှာ KNU သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ဖြင့် ပူးပေါင်းဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အစည်းအဝေးများကို ယာယီဆိုင်းငံ့ထားပြီး မတက်ခြင်းပဲလား သို့မဟုတ် ၎င်း ဥက္ကဌ အဖြစ် တာဝန်ယူနေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)အစည်းအဝေးများပါ ပါဝင်သလားဆိုသည်မှာ မရှင်းလင်းပေ။

NCA လက်မှတ်ရေးထားပြီးဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “အစိုးရနဲ့ တပ်မတော်နဲ့ ဆွေးနွေးတဲ့ဘက်မှာကို ခဏယာယီ ရပ်ဆိုင်းမယ့်ပုံစံမျိုးပြောနေတာကိုး၊ ကျနော်တို့အချင်းချင်းမှာကော ဘယ်လိုသဘောထားလဲ ခုထိမသိရသေးပါဘူး၊ စောင့်ပြီး နားထောင်နေတယ်၊ ကျနော်တို့(PPST) အထဲမှာလည်း ယာယီဖြစ်တယ်ဆိုရင် နည်းတမျိုးရှာရမှာပေါ့၊ မဟုတ်ဘူး ကျနော်တို့အထဲမှာ တိုင်တိုင်ပင်ပင်လုပ်မယ်ဆိုင်ရင်လည်း တမျိုးရှာမယ်၊ ကျနော်တို့စောင့်ကြည့်ဦးမယ်ဗျ၊ ရက်ပိုင်းပါပဲ” ဟု ဆိုသည်။

သို့ရာတွင် “ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA)ဌာနချုပ် သို့မဟုတ် တရုတ်နိုင်ငံ၊ ကူမင်းမြို့ တွင် နိုဝင်ဘာလ၌ ကျင်းပရန် စီစဉ်ထားသော NCA ထိုးအဖွဲ့နှင့် မထိုးအဖွဲ့များ တွေ့ဆုံပွဲကို KNU တက်/ မတက်မှာ လည်း မရှင်းလင်းပေ။

ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်က “နိုဝင်ဘာလ ၄-၅-၆ မှာ PPST အစည်းအဝေး ခေါ်လို့မရဘူး၊ PPST အစည်းအဝေးခေါ်လို့မရတဲ့အတွက် နိုဝင်ဘာလ ၁၁ ကနေ ၁၇ အကြား လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ လက်မှတ်မထိုးတဲ့အဖွဲ့ပေါင်းပြီးတော့ ကျင်းပဖို့ရည်ရွယ်တဲ့ တိုင်းရင်းသားထိပ်သီးအစည်းအဝေးပေါ့ အဲဒါလည်းကျင်းပလို့မရဘူး၊ အောက်တိုဘာ ၁၅-၁၆ မှာကျနော်တို့ သဘောတူထားတဲ့ အစိုးရ၊ စစ်တပ်နဲ့ ကျနော်တို့ထိပ်သီးအစည်းအဝေးမှာပေါ့နော် နိုဝင်ဘာလမကုန်ခင်ပြန်တွေ့ပြီးတော့ ဒီဇင်ဘာမှာ ညီလာခံကျင်းပဖို့ ဘာဖို့ကျနော်တို့ပြင်ဆင်ထားတဲ့ဟာလည်း အခုဆက်လုပ်လို့မရဘူး၊ ဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးကတော့ တော်တော်လေး ကမောက်ကမတော့ဖြစ်နေပါတယ်” ဟု ဆိုသည်။

ယေဘုယျအားဖြင့်ဆိုလျှင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များ ပါဝင် ကာ ဆောင်ရွက်နေသည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC)အဆင့်ဆင့် အစည်းအဝေးများ၊ နိုင်ငံရေးမူဘောင် သုံးသပ်ခြင်း အစည်းအဝေးများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံ အစည်းအဝေး စသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အစည်းအဝေးများမှာ ပါဝင်နေမှုအားလုံး ယာယီ ရပ်ဆိုင်းလိုက်သည်ဟု မှတ်ယူနိုင်သည်။

ဤသို့ ဖြစ်တည်နေချိန်မှာပဲ NCA လက်မှတ်ထိုးထားသည့် အဖွဲ့(၁၀)ဖွဲ့အနက် ဒုတိယ အင်အား တောင့်တင်း သည့် သျှမ်းပြည် ပြန်လည် တည်ထောင်ရေးကောင်စီ(RCSS) ကလည်း JMC သည် တန်းတူညီမျှမှု၊ တရားမျှ တမှု မရှိဟုဆိုကာ JMC အဆင့်ဆင့်၌ ပါဝင်နေမှုကို ပြန်လည် သုံးသပ်မည် ဖြစ်ကြောင်း၊ JMC အဆင့်ဆင့် အစည်းအဝေးများကို တက်ရောက်မည် မဟုတ်ကြောင်း နိုဝင်ဘာလ ပထမအပတ်ထဲမှာဘဲ ထုတ်ပြန် လာခဲ့ သည်။

အလားတူ RCSS ၏ အောက်တိုဘာ (၂၅) ရက်နေ့ ထုတ်ပြန်ချက်တွင် သျှမ်းပြည် ပြည်သူလူထုများ၏ ဆန္ဒ သဘောထားများ မရယူနိုင်သေးသ၍ ခွဲမထွက်ရ ဟူသည့်အချက်အား လက်ခံနိုင်မည် မဟုတ်သလို နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ ကဏ္ဍအသီးသီးနှင့် ဖွဲ့စည်းပုံ အဆင့်ဆင့်များအပေါ် အားလုံးသဘောတူညီမှု မရရှိသေး သ၍ တစ်ခုတည်းသော တပ်မတော် ( Single Army)ကို မိမိတို့ အနေဖြင့် မည်သို့မျှ လက်ခံလိမ့်မည် မဟုတ် ကြောင်း ကြေညာထားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးသည် လက်နက်ကိုင် တောင်းဆို၍ မရဘဲ ဆွေးနွေးခြင်းဖြင့်သာ ဆောင်ရွက်နိုင်မည်ဟု ၁၀+၁၀ ထိပ်သီး ဆွေးနွေးပွဲ၌ ပြောဆို ထားသလို ၂၀၂၀ တွင် ငြိမ်းချမ်းရေးအပြီး လုပ်မည်ဟုလည်း ဆိုထားသဖြင့် မည်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက် သွားမည်ကို စောင့်ကြည့် ရဦးမည် ဖြစ်သည်။

မွန်ပြည်သစ်ပါတီ(NMSP)မှ ဒုဥက္ကဌ နိုင်ဟံသာက “ငြိမ်းချမ်းရေး အခြေအနေဟာ တပ်မတော်က သူတို့ ဆုတ်ကိုင်ထားတဲ့ ရပ်တည်မှု အနေအထားပေါ်မှာ သူတို့က တင်းခံနေမယ်၊ မပြောင်းလဲဘူး ဆိုလို့ရှိရင် အောင်မြင်ဖို့က သိပ်မလွယ်ဘူး” ဟု မှတ်ချက် ပြုသည်။

တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့မှာ KNU နဲ့ RCSS ဆိုတာ လက်နက်ကိုင်တပ်ဖွဲ့ အင်အားရှိတဲ့ အဖွဲ့တွေဖြစ်တယ်။ ဒီအဖွဲ့တွေနဲ့ တိုက်ပွဲပြန်ဖြစ်ရင် အချိန်မရွေး ငြိမ်းချမ်းရေးက နောက်ပြန် ဆုတ်သွားနိုင်ပါတယ်။ ဒါကြောင့် စစ်ရေး ပဋိပက္ခတွေ တင်းမာ နေတာ ကို ဖြေရှင်းဖို့ လိုအပ်ပါတယ်” ဟု ရန်ကုန်အခြေစိုက် မီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ပြောသည်။

နေပြည်တော် ထိပ်သီး ၁၀+၁၀ ဆွေးနွေးပွဲတွင် တည်ရှိနေသော ငြိမ်းချမ်းရေးဆိုင်ရာ ပြဿနာများကို ထုတ် ဖော် ဆွေးနွေးပြီးနောက် မြန်မာ့ငြိမ်းချမ်းရေးသည် အချိုးအကွေ့ တစ်ခုသို့ ရောက်ရှိနေပြီး ယင်းပြဿနာများကို မဖြေရှင်းဘဲ ယခုပုံအတိုင်း ဆက်သွားပါက လာမည့် ၂၀၂၀ တွင် ပြည်တွင်းစစ် ကြီးကြီးမားမား ပြန်ဖြစ်နိုင် ကြောင်း ဦးမောင်မောင်စိုးက သုံးသပ်ထားသည်။

မကြာမီက ဘားအံမြို့တွင် ကျင်းပသည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနား လာတက်သူ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်က “ကရင်ပြည်သူတွေက ငြိမ်းချမ်းရေး ပျက်ပြယ်သွားမှာကို စိုးရိမ်ကြတယ်။ ဒါ့အပြင် ဒီလို ယာယီငြိမ်းချမ်းရေးမှ ထာဝရ ငြိမ်းချမ်းရေးကိုလည်း မျှော်တွေးနေကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က ငြိမ်းချမ်းရေး ညီလာခံ ခေါင်းဆောင်များရဲ့ အစည်းအဝေးပွဲက ထွက်ပေါ်လာတဲ့ သတင်းတွေဟာ ပြည်သူတွေ အတွက် စိုးရိမ်စရာ ပူပန်စရာဖြစ်လာတယ်” ဟု ဆိုသည်။

“၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ အပစ်အခတ် ရပ်စဲရေး ဒေသများထဲမှ လူမှုအသိုင်းအဝန်း များ၏ အသံများ ” အစီရင်ခံစာ စာအုပ်မိတ်ဆက်ပွဲကို နိုဝင်ဘာ ၈ ရက်က ပတ်ရွိုင်ရယ်ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ရာတွင် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တချို့နှင့် နိုင်ငံရေး လေ့လာသုံးသပ်သူတွေက လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ (၂၁) ရာစု ပင်လုံညီလာခံကို ဆက်လက် ပြုလုပ်နိုင်ရန် အချိန်ယူရဦးမည်ဟု သုံးသပ်ထားသည်။