ဇွန်လ ၃၀ တွင် ၂၁ ရာစုပင်လုံ(တတိယအစည်းအဝေး) ကျင်းပရန် အကြမ်းဖျဉ်းလျာထား

0
346
အလွတ်သဘော ဆွေးနွေးပွဲ မေလ ၃၀ ရက်နေ့က ကျင်းပစဉ်

တစ်နှစ်ကျော်ရပ်နားခဲ့ရသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ (တတိယအစည်းအဝေး) ကို ဇွန်လ ၃၀ ရက်နေ့တွင်ကျင်းပရန် အကြမ်းဖျဉ်းလျာထားကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကျင်းပမယ့်ရက်ကိုတော့ တရားဝင် မသတ်မှတ်ရသေးဘူး၊ ဒါပေမယ့် အလွတ်သဘောဆွေးနွေးပွဲမှာ ဘုံသဘောထားအနေနဲ့ လျာထားတာပဲရှိတယ်၊ ဇွန်လ ၃၀ ပါ” ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းခဲ့သော အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အလွတ်သဘောတွေ့ဆုံမှုတွင် အစိုးရအနေဖြင့် ဇွန်လ ၃၀ ရက်နေ့ကို မကျော်လွန်စေလိုကြောင်း၊ သို့မှသာ ၂၀၁၈ ခုနှစ်အတွင်း ကျန်ရှိသည့် ၆ လတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ နောက်ထပ်တစ်ကြိမ်ဆက်လက်ကျင်းပရန် အချိန်ရနိုင်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

“PPST ၈ ဖွဲ့ခေါင်းဆောင်တွေအနေနဲ့ အခုလျာထားတဲ့ ဇွန် ၃၀ ရက်နေ့မှာ ကျင်းပဖို့ဖြစ်မဖြစ် အဆုံးအဖြတ်ပေးရမယ်၊ ဇွန်လ ၁၁ နေ့ ချင်းမိုင်မှာ အစည်းအဝေးခေါ်ထားတယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။

အလားတူ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှခေါင်းဆောင်အချို့ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် နိုင်ငံခြားခရီးစဉ်အချို့ရက်တိုက်ဆိုင်နေသဖြင့် ၂၁ ရာစုပင်လုံ (တတိယအစည်းအဝေး)ကို ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁၀ အတွင်း ကျင်းပနိုင်ရန် သဘောထားရှိကြသည်ဟု မွန်ပြည်သစ်ပါတီမှ သိရသည်။

မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက “ Frame Work ထဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ UPC- ၂၁ ရာစုပင်လုံအစည်းအဝေး တစ်နှစ် ၂ ကြိမ်လုပ်ဖို့ ချမှတ်ထားတယ်၊ ၆ လတစ်ကြိမ်ပေါ့၊ ကျနော်ကတော့ အဲဒီလိုအချိန်ကန့်သတ်ပြီး လုပ်တာကို လက်မခံချင်ဘူး၊ မဖြစ်ဖြစ်အောင် တွန်းလုပ်နေတဲ့ပုံစံဖြစ်နေတယ်၊ UPC ကျင်းပတဲ့နေရာမှာ အားလုံးကျေကျေလည်လည် ဖြစ်ဖို့လိုတယ်၊ အခုလည်း ရခိုင်နဲ့ ရှမ်းတွေ သူတို့လူထုနဲ့ တွေ့ဆုံခွင့် မရခဲ့ဘူး” ဟု ပြောသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့အနက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို့ လူမျိုးအလိုက်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပနိုင်ခြင်းနှင့် RCSS ပြုလုပ်သည့် လူထုတွေ့ဆုံပွဲများကို တပ်မတော်မှတားဆီးခြင်း ပြုလုပ်ခဲ့သဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တစ်ဆို့မှုဖြစ်ခဲ့ရပြီး တစ်နှစ်ကျော်ရပ်နားထားရကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here