29 March 2024 /

See today's Peace Related News

ဖာပွန်ခရိုင် မဲဝေဒေသတွင် တပ်နှင့် KNU/ KNLA အကြား မိုင်းဆွဲ တိုက်ခိုက်မှုဖြစ်၊ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ဒီဇင်ဘာ ၁၆၊ ၂၀၂ဝပြည့်နှစ်။

နှစ်ဖက် စစ်ရေးတင်းမာမှုဖြစ်ပေါ်နေသည့် ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်၊ ဒွယ်လိုမြို့နယ်၊ မဲဝေ(မဲဝိုင်) ဒေသ တွင် တပ်မတော် နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့အကြား ယမန်နေ့က မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု နှစ်ဖက်စလုံးမှ အတည်ပြု ထုတ်ပြန်ပြောဆိုခဲ့သည်။

မဲဝေ(မဲဝိုင်)အနီးတွင် အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်နေသည့် တပ်မတော်သားများကို ကရင်အမျိုး သားအစည်း အရုံး-KNU တပ်မဟာ(၅)လက်အောက်ခံ KNLA တပ်ဖွဲ့ဝင်များမှ မိုင်းဆွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ နှစ် ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဒီဇင်ဘာလ (၁၅) ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

KNLA တပ်မဟာ (၅) အဖွဲ့အနေဖြင့် ဒီဇင်ဘာလအတွင်း မဲဝေ(မဲဝိုင်)အနီး သတ်မှတ်နယ်မြေကျော်လွန်၍ မိုင်းဆွဲ တိုက်ခိုက်မှု ၅ ကြိမ် နှင့် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ပြီး ယမန်နေ့ က မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် တပ်မတော်သားတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက် ၌ ဆိုထားသည်။

သို့သော် တပ်မတော်အနေဖြင့် အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်ခြင်းထက် ကျော်လွန် လုပ်ဆောင်ခြင်းဖြစ်ပြီး တပ်အင်အား ပိုမိုတိုးချဲ့လာမှုကြောင့် နှစ်ဖက်အပြန်အလှန် ယုံကြည်မှု လျော့နည်းလာမှုကနေ ယခုလို တိုက်ခိုက်မှုများ ဖြစ်ပွား ရခြင်းဖြစ်ကြောင်း KNU တပ်မဟာ (၅)ဘက်က ပြန်လည်းတုံ့ပြန်ပြောဆိုသည်။

“ သူတို့ဖက်က ပြောရင်တော့ အုပ်ချုပ်မှု ကိစ္စ လုပ်တယ်လို့ပဲ ပြောမှာပဲ။ တကယ်က အုပ်ချုပ်မှု ကိစ္စ လုပ်နေတာ မဟုတ်ဘူး။ တပ်ရင်း ၂ရင်း အင်အား ၃၀၀ ကျော်အထိ ပို့လာတော့ ကျနော်တို့ ရှေ့တန်းမှာရှိတဲ့ တပ်ဖွဲ့ဝင် တွေက ဒီအပေါ်မှာ မယုံကြည်တော့တဲ့အတွက် ဒီလို တိုက်ခိုက်မှုတွေ ဖြစ်လာရတာပဲဖြစ်တယ်” ဟု KNU တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး စောကလယ်ဒို့ က ကေအိုင်စီ သို့ပြော သည်။

ထို့အပြင် ယခင်က နှစ်ဖက် ညှိနှိုင်းပြောဆိုမှုများအရ တပ်ရိက္ခာ ပို့ဆောင်မည်ဆိုပါက KNUတပ်ဖွဲ့ဝင်များမှ ၎င်းတို့ တပ်မတော်စခန်းရှိရာအထိ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း ယခုကိစ္စတွင် ယခင်လို လုပ်ရိုး လုပ်စဉ်မ ဟုတ်တော့ဘဲ တပ်ရင်းအင်အား အလုံးအရင်းဖြင့် ပိုတိုးပို့ဆောင်လာခြင်းအပြင် ညအချိန် လှုပ်ရှားမှုများ ပြုလုပ်လာခြင်းကြောင့် ယုံကြည်မှုများကျဆင်းလာပြီး နှစ်ဖက် ထိတွေ့မှုများ ဖြစ်လာရခြင်းဖြစ်သည်ဟုလည်း ဗိုလ်မှူး စောကလယ်ဒို့ က ဆက်ပြောသည်။

KNU ၏ ယခုလို တိုက်ခိုက်မှုများသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA ပါ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘတ်ဆိုင်ရာ ကျင့်ဝတ် (Code of Conduct) အခန်း(၃) ပါ ပြဌာန်းချက်များကို ချိုးဖောက်ကြောင်း ၊ ၎င်းချိုးဖောက်မှုများကို ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) သို့ (၃၉) ကြိမ်တိုင် ကန့်ကွက်ခဲ့ပြီးဖြစ်ကြောင်း နှင့် နယ်မြေတည်ငြိမ်ရေး နှင့် လုံခြုံရေးအတွက် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ယမန် နေ့က ထုတ်ပြန်ချက်၌ တပ်မတော်ဘက်က ဆိုသည်။

ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်မှုမှာ မဲဝေ(မဲဝိုင်) နှင့် ကေ့ကော်ကျေးရွာ အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းဖြစ်စဉ်ကြောင့် တပ်မတော်သားအချို့ ထိခိုက်မှုရှိခဲ့ကြောင်း တပ်မတော်ဘက်က ၎င်းထုတ်ပြန်ချက်၌ ဆိုထားကာ KNLA တပ်ဖွဲ့ဝင်ဘက်မှလည်း ထိခိုက်မှုမရှိကြောင်း KNU ဘက်မှ အတည်ပြုပြောဆိုထားပြီး ၎င်းထိခိုက်မှု အခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

၎င်းပစ်ခတ်မှုများကြောင့် မဲဝေ(မဲဝိုင်)ဒေသခံများ နှင့် ၎င်း ကျေးရွာအနီး ဒေသခံ ကျေးရွာသားများ ရွာလုံး ကျွတ်ထွက် ပြေးတိမ်းရှောင်နေကြပြီးဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံ ရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ မဲဝေကတာ့ မရှိသလောက်ပဲ။ တချို့မပြောင်းရွှေ့နိုင်တဲ့ တစ်အိမ် နှစ်အိမ် လောက်ပဲ ကျန်မယ်၊ အပေါ်ရွာ ဟောဝါး ဆိုလည်း မရှိသလောက်ပဲ၊ အောက်က ခေါဖိုးခီးတို့လည်း မရှိတော့ဘူး။ ပြီးတော့ မဲဝေ အရှေ့ဘက် ကမ်းက ဗိုလ်တဲကုန်းတို့ဆိုလည်းပြေးကုန်ပြီး။ တချို့က စကား ရိတ်ချိန်ဆိုတော့ စပါးနယ်ရင်း တန်းလန်း ပြေးတဲ့ သူရှိတယ်။ တချို့လည်း စပါးပြီးမှ ပြေးမယ် အဲ့လိုပေါ့။ တော်တော်ဒုက္ခရောက်တယ်။” ဟုပြောသည်။

၎င်းဒေသတွင် တပ်မတော်ဘက်မှ အမှတ် (၈) တပ်မတော် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၈)လက်အောက်ခံ ခြမြန်တပ်ရင်း (ခမရ-၃၃၉)မှ အဓိက လှုပ်ရှားနေပြီး KNU ဘက်မှ တပ်မဟာ (၅) လက်အောက်ခံ KNLA (၁၀၂) တပ်ရင်းတို့ အဓိက အခြေချ လှုပ်ရှားနေကာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့က စ၍ နှစ်ဖက် ပစ်ခတ်မှုများ စတင် ဖြစ်ပွားခဲ့သည်။

နှစ်ဖက် စစ်ရေးတင်းမာမှုများကြောင့် တိုက်ပွဲကြီး သဏ္႑ာန်ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ရာနှင့်ချီသည့် ဒေသခံရွာသားများမှာ ပြီးခဲ့သည့် အစောပိုင်းရက်များကတည်းက မွန်ပြည်နယ်၊ ဘီလင်း နှင့် ၎င်းတို့၏ နီးစပ်ရာ ဆွေမျိုး နေအိမ်များသို့ ကနဦး ထွက်ပြေးခိုလှုံနေကြသူတချို့ရှိခဲ့ပြီးဖြစ်ကြောင်း ဒေသခံရွာသားများနှင့် KNU တာဝန်ရှိသူများ က ဆိုသည်။

မဲဝေ(မဲဝိုင်)ကျေးရွာဒေသကို အစိုးရသတ်မှတ်ချက်အရ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း တည်ရှိပြီး KNU ၏ နယ်မြေသတ်မှတ်မှုများအရ မူတြော်ခရိုင်(ဖာပွန်)၊ ဒွယ်လိုးမြို့နယ်အတွင်းပါဝင်ပြီး ရှမ်းလူမျိုးအများစု နေထိုင် သည့် ကျေးရွာများလည်းဖြစ်သည်။

မဲဝေ(မဲဝိုင်)ရွာလယ် ဘုန်းကြီးကျောင်း အနီး စခန်းချထားသည့် မြန်မာ့ တပ်မတော် စခန်းအပါအဝင် KNU သတ်မှတ်နယ်မြေများအတွင်းရှိ ဒေသခံလူထုနှင့်နီး ကပ်သည့် တပ်စခန်း များအား ယခုနှစ်ကုန်တွင် အပြီး ရုပ်သိမ်းပေးရေးအတွက် KNLA ဗဟိုမှ ဒီဇင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ် စောင်ထုတ် ပြန်ခဲ့သေးသည်။

စအိုင်ဆူး (KIC) – ရေးသည်။