မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် ဒေသခံများ အသက်မွေးဝမ်းကျောင်း ထိခိုက်နေ

0
220

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာတွင် နှစ်လအတွင်း မြေမြှုပ်မိုင်း လေးကြိမ်ပေါက်ကွဲခဲ့ပြီးနောက် အနီးတဝိုက်ရှိ ဒေသခံများ အသက်မွေးဝမ်းကျောင်း ထိခိုက်လာသည်ဟုမွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကဆိုသည်။

ယင်းကျေးရွာအနီးတဝိုက် ရော်ဘာခြံ ဧက တစ်သောင်းကျော်တွင် မှီခိုစားသောက်နေကြသော ရွာသားများမှာ မြေမြှုပ်မိုင်းများ ပေါက်ကွဲပြီးနောက် ခြံဘက်သို့ မသွားရဲတော့ကြောင်း၊ တောင်ယာနှင့် စပါးစိုက်ပျိုးသူများလည်း အလုပ်များရပ်နားထားရပြီး ဒေသခံများမှာ စိုးရိမ်သောကနှင့်အတူ စီးပွားရေးပါ ထိခိုက်နစ်နာနေသည်ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ နှင့် ၂၈ ရက်နေ့၊ နိုဝင်ဘာ ၁ဝ နှင့် ၂၉ ရက်နေ့များတွင် မြေမြှုပ်မိုင်းပေါက်ကွဲခဲ့ပြီး အောက်တိုဘာ ဖြစ်စဉ်တွင် လူ နှစ် ဦးခြေထောက်ဖြတ်လိုက်ရကြောင်း ၎င်းက ပြောဆိုသည်။

နိုဝင်ဘာ ၁ဝ ရက်နေ့ ပေါက်ကွဲမှုတွင် လူမထိဘဲ ဆိုင်ကယ်သာ ပျက်စီးခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် မိုင်းနင်းမိသော နိုင်ကွန်းဗလာဟူသော အမျိုးသားမှာ ခြေဆစ်ရိုးများ ပျက်စီးသွားသည်ဟု ၎င်းကပြောသည်။

“ဒီတလောမှာ ဒီကိစ္စက ပိုကြီးထွားလာတယ်။ တမင်သက်သက် ပြည်သူလူထုကို ပစ်မှတ်ထားပြီး ထောင်တဲ့ပုံစံမျိုးလို့ ယူဆတယ်။ လူမှုစီးပွားအရ ကြည့်ရင်လည်း တော်တော်ဆုံးရှုံးတယ်။ စိုးရိမ်သောကမှုအရ ကြည့်ရင်လည်း အင်မတန် စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်” ဟု၎င်းကဆိုသည်။

အလယ်စခန်းကျေးရွာမှ ကွမ်းခြံစိုက်ပျိုးသူ နိုင်ဝင်းက မိုင်းပေါက်ကွဲပြီးနောက် မည်သူမျှ ခြံထဲမဆင်းရဲသဖြင့် ရွာသားများ အလုပ်အကိုင် ပျက်နေကြောင်း၊ ရပ်ရွာဒေသ ငြိမ်းချမ်းအောင် သက်ဆိုင်ရာအနေဖြင့် ဖြေရှင်းပေးစေလိုသည်ဟု ပြောသည်။

“ကျွန်တော်တို့ကတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်။ အခုက ကွမ်းသီးခူးချိန် ရောက်နေပေမယ့် တစ်လုံးမှ မခူးရသေးဘူး။ စီးပွားရေးလည်း ထိခိုက်လှပြီ” ဟု၎င်းကပြောသည်။

ယခုအချိန်အထိ မည်သည့်အဖွဲ့အစည်းမျှ ရွာသားများနှင့် တွေ့ဆုံခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် မိုင်းရှင်းလင်းခြင်းများကို လာရောက်ဆောင်ရွက်ခြင်း မပြုသေးဟု ၎င်းကဆက်ပြောသည်။

JMC-S တနင်္သာရီမှ အရပ်သားကိုယ်စားလှယ် စဧရာဝင်းက ယင်းပြဿနာကို JMC-U သို့တင်ပြထားကာ မြေပြင်တွင် ဆက်လက်စုံစမ်းရန် အစီအစဉ်ရှိပြီး ထို့အတွက် JMC-U ၏ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေသည်။ ၎င်းတို့အနေဖြင့် မိုင်းနှင့်ပတ်သက်လျှင် ပြည်သူများကို အသိပညာပေးခြင်းသာ ပြုလုပ်ခွင့်ရှိပြီး မိုင်းရှင်းလင်းရေးကို မလုပ်နိုင်သေးဟုဆိုသည်။

“မိုင်းတွေနဲ့ ပတ်သက်ပြီးတော့ စိန်ခေါ်မှု အများကြီးဖြစ်နေတယ်။ အရပ်သားကိုယ်စားလှယ် ဖြစ်တဲ့အခါကျတော့ တချို့အဖွဲ့အစည်းတွေရဲ့ တင်ပြဆွေးနွေးမှုအပေါ် မူတည်ပြီး ပြည်သူလူထုကို အကာအကွယ်ပြုမှုနှင့် ပတ်သက်ပြီးပဲ ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် အရမ်းစွက်ဖက်ပြီး လုပ်လို့မရဘူး” ဟု ၎င်းကပြောသည်။

တပ်မတော်၊ မွန်ပြည်သစ်ပါတီနှင့် KNU လက်နက်ကိုင်အဖွဲ့အစည်း သုံး ခုအနက် မည်သည့်အဖွဲ့က မိုင်းထောင်ထားသည်ဟု ရှင်းရှင်းလင်းလင်းမသိရကြောင်း ၎င်းကပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here