ပြည်သူအပေါ် တာဝန်ယူမှုနည်းခြင်းကြောင့် ကယားပြည်နယ် ငြိမ်းချမ်းရေး အဟန့်အတား ဖြစ်ဟုဆို

0
164

၁၇ ဒီဇင်ဘာ ၂၀၂၀
မြန်မာ့တပ်မတော်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPတို့ရဲ့ ကယား( ကရင်နီ) ပြည်နယ်အတွင်းက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လက်ရှိအစိုးရရဲ့ပြည်သူတွေအပေါ်မှာ တာဝန်ယူမှုနည်းတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အဟန့်အတားတွေဖြစ်စေတယ်လို့ Karenni Civil Society Network (KCSN) အဖွဲ့က ညှိနှိုင်းရေးမှူး ခူးကိုရယ်က ပြောပါတယ်။

ကရင်နီပြည်နယ်က တောင်သူတွေရဲ့ မြေယာသိမ်းဆည်းမှုတွေနဲ့ ကြေးရုပ်ဆန္ဒပြလူငယ်တွေကို ဖမ်းဆီး၊ တရားစွဲတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို အစိုးရကနေ တာဝန်ယူမှုမရှိတဲ့ အတွက် ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သက်ရောက်မှုဖြစ်ပေါ်စေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

“ လက်ရှိအနိုင်ရနေတဲ့ အစိုးရပေါ့နော် ကျနော်တို့ တွေ့နေကြတဲ့အတိုင်းပဲပေါ့နော် ပြည်သူလူထုအပေါ်မှာ တာဝန်ယူမှု သိပ်ပြီးတော့ မရှိဘူး၊ နောက်ပြီးတော့မှ တောင်သူနဲ့ပတ်သတ်ပြီးတော့ တရားစွဲဆိုခံနေရတယ်၊ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စမှာလဲ လူငယ်တွေ ဆန္ဒပြကြတာကို သူတို့က ဖမ်းဆီးတယ်၊ တရားစွဲတယ် အဲ့လိုပေါ့၊ တကယ်တမ်းတော့ ကျနော်တို့ ငြိမ်းချမ်းရေးလို့ပြောတဲ့နေရာမှာ ဒါ ပြည်နယ်အစိုးရဖြစ်ဖြစ်၊ ဗဟိုအစိုးရဖြစ်ဖြစ် ထဲထဲဝင်ဝင် စဉ်းစားဖို့ သင့်ပါတယ်။ ငြိမ်းချမ်းရေးလဲ မရောက်သေးတဲ့ ခရီးစဉ်တစ်ခုမှာ ကျနော်ပြောတဲ့ တရားစွဲဆိုမှုတွေ၊ လယ်ယာမြေကိစ္စတွေ၊ ဖမ်းဆီးမှုတွေက ကျနော်တို့အတွက် သွားနေတဲ့ ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေပါတယ်။ ကျနော်တော့ အဲ့လို သုံးသပ်ပါတယ်။”

ဘိုးဘွားပိုင်မြေယာတွေကို သိမ်းဆည်းခြင်းနဲ့ပတ်သတ်ပြီး မြန်မာ့ တပ်မတော်က လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ တောင်သူတွေရဲ့မြေဧကပေါင်း ၁၅၀၀ကို သိမ်းယူခဲ့ပြီးဆန္ဒပြကန့်ကွက်ခဲ့ကြတဲ့ တောင်သူ ၄၁ဦးကိုတရားစွဲထောင်ချခဲ့တာတွေ၊ အစိုးရရဲ့သစ်တောရေးရာဌာနက သစ်တောထိန်းသိမ်းရေးကာလအသစ်အတွင်းမှာ ဖားဆောင်းမြို့နယ်က မြေဧကပေါင်း ၁၂၅ဧကကိုသိမ်းဆည်းခဲ့တာတွေ စတာတွေကို ဒေသခံတွေက မတရားခံနေကြရတာတွေရှိနေတဲ့အပေါ် အစိုးရက တာဝန်ယူမှုမရှိတဲ့အကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က KCSN က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

အခုလိုထုတ်ပြန်ရခြင်းနဲ့ပတ်သက်လို့ ခူးကိုရယ်က “ ကျနော်တို့ အဓိကက ဒီကရင်နီပြည်လို့ပြောရမှာပေါ့နော်။ ကရင်နီပြည်မှာတခြား နိုင်ငံတကာအသိုင်းအဝိုင်းထိ ကျနော်တို့ အစိုးရအထိ၊ ကုမ္ပဏီအထိ၊ လက်ရှိကျနော်တို့ အနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအစိုးရ (NLD) အထိ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ကျနော်တို့ရဲ့ ပြည်တွင်းရေးက အခြေအနေတွေကို ကျနော်တို့ ပုံဖော်ချင်တာပေါ့နော်။ ကျနော်တို့ အသစ်ကဘာတွေရှိလဲ ကျနော်တို့ကရင်နီပြည်မှာ အဲ့လိုပေါ့။ မြေယာနဲ့ပတ်သတ်ပြီးတော့ရှိမယ်၊ နောက်ပြီးတော့ ဒီကိုဗစ်ကာလမှာဆိုရင် အပြောင်းအလဲတွေက ဘယ်လိုရှိလဲ၊ ပြည်ထောင်စုအလိုက်ကနေချမှတ်ပေးတဲ့ လမ်းညွှန်ချက်တွေအတိုင်းလဲသူတို့ လိုက်လုပ်နေတယ် အဲ့လိုမျိုးပေါ့ ရှင်းရှင်းလင်းလင်း ကျနော်တို့ပြောချင်တာပေါ့နော်။”လို့ ပြောပါတယ်။

အစိုးရက ကရင်နီပြည်အတွင်းမှာ ဒေသခံတွေကို ထိခိုက်နစ်နာမှုဖြစ်စေနိုင်တဲ့ သယံဇာတထုတ်ယူမှုနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ အကြီးစားစီမံကိန်းတွေကိုလုပ်ဆောင်နေတာတွေ မော်ချီးဒေသ ခဲမဖြူနဲ့ အဖြိုက်နက်သတ္တုတွင်းတွေကိုတိုးချဲ့တာတွေ ၊ လွိုင်ကော်မြို့ စက်မှုဇုန်အပိုင်း(၂)မှာ တည်ဆောက်ထားတဲ့ သတ္တုသန့်စင်စက်ရုံကို ဒေသခံလူထု အနည်းငယ်နဲ့သာတွေ့ဆုံခဲ့ပြီး စက်ရုံတည်ဆောင်ခြင်းနဲ့ ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေကန့်ကွက်မှုတွေကြောင့် ရပ်တန့်နေတဲ့ နမ့်တဘက်ချောင်းရေအားးလျှပ်စစ်စီမံကိန်းကို အစိုးရနဲ့ ကုမ္ပဏီတွေက ကွင်းဆင်းလေ့လာမှုတွေကို လုပ်ဆောင်နေတာတွေလည်း ရှိနေတယ်လို့ ထုတ်ပြန်ကြေငြာချက်မှာ ပါရှိပါတယ်။

အစိုးရက ကရင်နီပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လက်နက်တဖွယ် အသုံးပြုနေတာဖြစ်တယ်လို့ လည်း KCSN က ထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ်ကာလမှာမှာ တစ်ဖက်သတ်အပစ်ရပ်တဲ့အချိန်အတွင်း မြန်မာ့ တပ်မတော်က ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုအနေနဲ့ ၂၀၂၀၊ မေလအတွင်းမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့တပ်တွေရှိတဲ့ နယ်မြေတွေထဲမှာ ခွင့်ပြုချက်မဲ့ဝင်ရောက်သွားလာမှုတွေဖြစ်ပေါ်ခဲ့တဲ့အတွက် ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့တဲ့ ကိစ္စရပ်ရှိခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၀၊ သြဂုတ်လ(၁၇)ရက်မှာ ဖားဆောင်းမြို့နယ်၊ နန်းကစ်မှာရှိတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPရဲ့ တပ်စခန်းတစ်ခုကို မြန်မာ့တစ်မတော်က မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

KNPPအဖွဲ့ရဲ့ကျန်းမာရေးဌာနဖြစ်တဲ့ ကရင်နီမိုဘိုင်းကျန်းမာရေးကော်မတီ (KnMHC)ရဲ့ ကျေးလက်ဒေသတွေဘက်မှာ ထားရှိတဲ့ အဝင်အထွက် ကိုယ်အပူချိန်စစ်ဆေးတိုင်းတာတဲ့ဂိတ် စုစုပေါင်း ၂၀ဂိတ်ကို အစိုးရဘက်က ပိတ်ပင်ဖို့ ညွန်ကြားခဲ့ပြီး ဖားဆောင်းမြို့နယ် မှာရှိတဲ့ ၎င်းအဖွဲ့ရဲ့ ကိုဗစ်စစ်ဆေးရေးဂိတ်ကိုလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ခူးကိုရယ်က ဆိုပါတယ်။

မော်ဦးမြာ(ကန္တာရဝတီတိုင်းမ်)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here