ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာပေးပို့ခြင်းထက် အင်တာနက်ပြန်ဖွင့်ပေးခြင်းဖြင့် သက်သေပြရန် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း

0
167

၁၈ ဒီဇင်ဘာ ၂၀၂၀။

အစိုးရနှင့် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးစားဆောင်ရွက်သွားမည်ဟု သဝဏ်လွှာများပေးပို့မည့်အစား မြန်နှုန်းမြင့် 4G အင်တာနက် ပြန်ဖွင့်ပေးခြင်းဖြင့် လက်တွေ့သက်သေပြပေးရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းပြောဆိုလိုက်သည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျရောက်သည့် (၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်အတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးစေရေး ကိစ္စများအတွက် တပ်မတော်အနေဖြင့် တစ်ဖက်တစ်လမ်းမှ ကြိုးစားပုံဖော်လျှက်ရှိကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

အလားတူ တိုင်းရင်းသားများအခွင့်အရေးအတွက် လက်နက်ကိုင်နည်းလမ်းဖြင့်တောင်းဆိုခြင်းသည် ဒေသခံ ပြည်သူများအား အထိခိုက်အနစ်နာဆုံးဖြစ်စေသည်ကို သက်ဆိုင်သူများအားလုံး သတိပြုသင့်ကြောင်းနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီးသာယာလှပသည့် ပြည်နယ်တစ်ခုဖြစ်လာစေရေးနှင့် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု နိုင်ငံတော်သမ္မတက ရခိုင်ပြည်နေ့ ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားထားသည်။

ထိုသဝဏ်လွှာများနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက “ရခိုင်ပြည်နယ်နေ့ အတွက် သဝဏ်လွှာတွေ ပေးပို့နေမယ့်အစား ရခိုင်ပြည်နဲ့ချင်းပြည်နယ်တို့မှာ အင်တာနက်ဖြတ်တောက်ထား တာတွေကို 4G ရရှိအောင် အမြန်ဆုံး ပြန်လည်ဖွင့်ပေးဖို့ကိုပဲ ပြည်သူတွေကလိုအပ်နေတာ။ အင်တာနက်ရရှိမှုက အခြေခံလူ့အခွင့်အရေးဖြစ်တယ်။ ဒါကြောင့် ကျမအနေနဲ့ အင်တာနက်ရရှိရေးအတွက် ပြည်သူတွေကိုယ်စား အကြိမ်ကြိမ်တောင်းဆိုပါတယ်” ဟု ဒီဇင်ဘာလ (၁၆) ရက်နေ့က ၄င်း၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားတောင်းဆိုထားသည်။

ရခိုင်ပြည်နယ်အား အမှန်တကယ်ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပြည်နယ်တစ်ခုလုပ်မည်ဆိုလျှင် သဝဏ်လွှာထဲတွင်သာ ပြောဆိုခြင်းမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ရန်လည်းလိုအပ်ကြောင်း မြေပုံမြို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ထောက်ပြသည်။

“ပြည်သူတွေရဲ့ အခက်အခဲကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ဖို့အတွက် အင်တာနက်ပြန်ဖွင့်ပေးဖို့ လိုအပ်တယ်။ ပြီးတော့ တိုက်ပွဲရပ်တန့်အောင်လည်း အေအေကို အကြမ်းဖက်အဖွဲ့အစည်းကပယ်ဖျက်ပြီးတော့ ဆွေးနွေးဝိုင်းကို ရောက်အောင် ဖိတ်ခေါ်ဖို့လိုတယ်။ အဲဒီလို အဆင့်ဆင့်လုပ်ရမယ့်ဟာတွေ အများကြီးပဲ။ တစ်နှစ်မှာတစ်ခါ သဝဏ်လွှာနဲ့ ရခိုင်ပြည်အတွက် ဘာတွေလုပ်နေပါတယ်ဆိုပြီးတော့ အပြောနဲ့မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ပေးမှသာ ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်နယ်တစ်ခုဖြစ်လာမှာ” ဟု ၄င်းကပြောသည်။

တိုက်ပွဲနှင့်ကိုဗစ် ကပ်ရောဂါကြောင့် အခက်အခဲဖြစ်နေကြသည့်အချိန်တွင် ပြည်သူများအနေဖြင့် သတင်းအချက်အလက် သိရှိပိုင်ခွင့်များစွာကို ဆုံးရှုံးနေကြရသောကြောင့် ပြည်သူများအချိန်နှင့်တစ်ပြေးညီ သတင်းသိရှိခွင့်ရရန်အတွက် အစိုးရတွင်သာတာဝန်ရှိသည်ဟု မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) မှ ပြန်ကြားရေးတာဝန်ခံ ကိုရွှေသန်းကျော်က ပြောသည်။

“ပြည်သူတွေ သတင်းအချက်အလက် သိရှိအောင် လုပ်ပေးဖို့ဆိုတာက သူတို့လုပ်သင့်လုပ်ထိုက်တဲ့အရာပါ။ ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အင်တာနက်ရရှိဖို့ ဘယ်လောက်ပဲကြိုးစားခဲ့ကြိုးစား သူတို့ဖက်က လိုက်လျောညီထွေမရှိဘဲ၊ ပူးပေါင်းပါဝင်မှုမရှိဘဲ အင်တာနက်ပြန်ရဖို့ မဖြစ်နိုင်ဘူး။ အခုဆို အီးမေးလ်တွေ ဘာတွေ ပို့မယ်ဆိုရင် တောင်ပေါ်သွားပြီး သုံးရတယ်။ ဒေသမတည်ငြိမ်တဲ့အချိန်မျိုးမှာ တောင်ကိုသွားသုံးတာက အန္တရာယ်လည်းရှိနိုင်တယ်။ ဒါကြောင့် သဝဏ်လွှာတွေပို့နေတာထက်စာရင် အင်တာနက်ပြန်ဖွင့်ပေးလိုက်တာက ပြည်သူတွေအတွက် ပိုအကျိုးရှိပါတယ်” ဟု ၄င်းကဆိုသည်။

ထို့ကြောင့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိခွင့်ရနိုင်ရန်နှင့် အွန်လိုင်းမှနည်းပညာများ သင်ယူလေ့လာလိုသူများလည်း လေ့လာခွင့်ရနိုင်ရန် အင်တာနက် 4G ပြန်လည်ဖွင့်ပေးသင့်ပြီဖြစ်ကြောင်းလည်း ၄င်းကဆက်ပြောသည်။

ရခိုင်ပြည်နယ်မှ မြို့နယ် (၈) မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၁) ရက်နေ့စတင်ကာ အင်တာနက်ဖြတ်တောက်ထားခဲ့ပြီး မောင်တောမြို့နယ်အား ၂၀၂၀ ခုနှစ်၊ မေလ (၂) ရက်နေ့တွင် အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့သည်။

ထို့နောက် ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့အား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ(၂)ရက်နေ့တွင် အင်တာနက် ပြန်ဖွင့်ပေးခဲ့သည်။

သို့သော်လည်း မြန်နှုန်းမြင့် မဟုတ်ဘဲ 2G သာ ဖွင့်ပေးထားခဲ့သောကြောင့် ကိုဗစ်ကပ်ရောဂါဆိုင်ရာ သတင်းအချက်အလက်များ ရရှိရေးအတွက် အခက်အခဲများ ကြုံတွေ့နေရသည့်အပြင် အင်တာနက်မှတစ်ဆင့် လွတ်လပ်စွာ ပညာသင်ကြားနိုင်ခွင့်ကိုလည်း ပိတ်ပင်ထားခံရကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ထောက်ပြပြောဆိုထားသည်။

အောင်ထိန်(DMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here