ရှမ်းမြောက်ဒေသ နမ္မတူ၊ မန်စံ စစ်ရှောင် ၂၄၀ ကျော် နေရပ်ပြန်

0
186

ဒီဇင်ဘာလ ၁၈ ရက်နေ့၊ ၂၀၂၀ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေကြသည့် ဒေသခံရွာသား ၂၄၀ ကျော်အနက် အများစုမှာ နေရပ်ပြန်သွား ပြီဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

နမ္မတူမြို့နယ်၊ မန်စံတို်က်နယ်အတွင်း ဒီဇင်ဘာလ ၇ ရက်နေ့ စတင်ပြီး တပ်မတော်၊ RCSS နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ SSPP၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည့်အတွက် ၁၀ ရက်နီးပါးခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရာမှ ယမန်နေ့ကပင် နေရပ်ပြန် သွားကြပြီ ဟု သိရသည်။

မန်စံဒေသခံတစ်ဦးက “ပြန်ကုန်ကြပြီ။ အားလုံးတော့မဟုတ်ဘူး။ တော်တော်များများတော့ ပြန်ကုန်တာပေါ့။ ဒီမှာ အခု လေးငါးဆယ်လောက်ပဲ ကျန်မယ်။ သူတို့လည်း အခြေအနေအရ နည်းနည်းစောင့်ပြီး ပြန်ကြတော့ မယ့် ပုံစံမျိုးပါ။ တိုက်ပွဲတွေတော့ ငြိမ်သွားတယ်။ ဒါပေမယ့် ဘယ်အချိန်ပဲဖြစ်ဖြစ် တိုက်ပွဲက ပြန်ဖြစ်လာနိုင် တယ်။ သူတို့က ရှိနေသေးတယ်” ဟု ပြောသည်။

ဒီဇင်ဘာ ၇ ရက်နေ့၊ ၉ ရက်နေ့ နှင့် ၁၀ ရက်နေ့တို့တွင် တပ်မတော်၊ RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား နမ္မတူမြို့နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၁၀ ရက်နေ့က ကျေးရွာထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည့် အတွက် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

တိုက်ပွဲများကြောင့် နမ္မတူမြို့နယ်၊ မန်စံတိုက်နယ်အတွင်းက ပိန်းလုံ၊ နားကျဲ၊ နားကျိုင်း၊ ကွန်ကျောင်း ရွာသား ၂၄၀ ကျော် မှာ မန်စံကျေးရွာရှိ စကားဝါရှမ်းဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်ခဲ့ကြရခြင်းဖြစ်သည်။

နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေးက “ပြန်သွားကြပြီ။ သိပ်မရှိတော့ဘူး။ မနေ့ကပဲနော်။ တိုက်ပွဲတွေရပ်သွားလို့ ပြန်သွားကြတာရှင့်။ သူတို့ဟာသူတို့ဆုံးဖြတ်ပြီးပြန်သွားတာပါ။ သူတို့ရွာကို ပြန်ကြည့် သွားကြည့်ပြီး လေ့လာတယ်။ အခုတော့ သူတိ့ု ဒီအခြေအနေတွေကို ကြည့်ပြီး ပြန်သွားပါတယ်။ စစ်ရေးက ငြိမ်းသက်တယ် မငြိမ်သက်ဘူးလို့လည်း ပြောလို့ရမရဘူးနော်။ တစ်နေရာမှာ ငြိမ်ပေမယ့် တစ်နေရာမှာ ထ ပေါက်ရင် ပေါက်ကွဲတတ်တဲ့ပုံစံမျိုးဖြစ်တယ်။ လောလောဆယ်တော့ ပြောလို့ရတာ ကိုယ်နယ်နားမှာ တိုက်ပွဲ တော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် အခုပြောပြီး ခနနေပြန်ဖြစ်တာမျိုးလည်း ဖြစ်နိုင်တယ်လေ” ဟု ပြောသည်။

နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများကြောင့် ဒီဇင်ဘာလ ၁၀ ရက် ညနေက နမ္မတူမြို့နယ် နမ့်ပိုင်ကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ သည့်အတွက် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး အပါ အဝင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြသည်။

အဆိုပါ တို်က်ပွဲများသည် ရှမ်းပြည်ပြန်လည်ထူရေးကောင်စီ RCSS အနေဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းတွင် အခြေချနေထိုင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး ၂၀၁၅ ခုနှစ် NCA စာချုပ် လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ကျူးကျော်ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ် သည်ဟု TNLA က ပြောသည်။

RCSS ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီးစိုင်းအုမ်ခေး က “ဟုတ်တယ် အခုက ရွာသားတွေထဲက တချို့က အိမ် ပြန်သွားကြပြီလို့ သိရတယ်နော်။ အဓိက တိုက်ပွဲဖြစ်တာက RCSS တပ်တွေက မြောက်ပိုင်းကို နယ်မြေကျော် တယ် ပြန်မောင်းထုတ်ချင်ဆိုတဲ့သဘောနဲ့ တိုက်ပွဲစဖြစ်တာပေါ့လေ။ အဲ့ဒါက အဓိက အကြောင်းရင်းပေါ့နော်။ ဒါပေမယ့် အဲ့ဘက်မှာ ကျနော်တို့ သွားလာနေတာ နှစ်ပေါင်း ၃၀ ကျော်ပြီ။ ဆိုတော့ နယ်မြေကျော်တယ်လို့ ပြောရင် နည်းနည်း လွဲနေမယ်ပေါ့နော်။ ဒါက တစ်ချက်။ ဘယ်ပဲဖြစ်နေ ဖြစ်နေ တစ်ဖက်နဲ့ တစ်ဖက်တွေ့ဆုံကြ ညှိနှိုင်းကြရင်တော့ အဆင်ပြေမယ်လေနော်။ ကျနော်တို့ RCSS က ညှိနှိုင်းဖို့ အမြဲတံခါးဖွင့်ထားတယ်နော်။ ရှမ်း ပြည်မှာ ရှိတဲ့ တိုင်းရင်းသားတွေက ခေတ်အဆက်ဆက်ကတည်း နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေပဲ လေ ဘယ်သူကမှ မောင်းထုတ်လို့ရတဲ့လူမျိုးတွေ မဟုတ်ဘူးလေနော်” ဟု ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့ ၉ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက် မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

TNLA နှင့် SSPP တို့မှာ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့နှင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။

အားမီ(NMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here