“မြန်မာစစ်တပ်နဲ့ အဆက်သွယ်ရှိတယ် ဆိုပြီးတော့ စွပ်စွဲပြီး ကျွန်တော့်ကို မသင်္ကာဘူးပေါ့၊ ဟုတ် မဟုတ်ဆိုပြီးတော့ ကျွန်တော်ကို ဖမ်းသွားတာ၊ ရိုက်နှိက်တာမျိုးလည်း မရှိပါဘူး” ဆလိုင်းအောင်စိုး (AA ဖမ်းဆီးခံ ချင်းလူငယ်)

0
207

ရက္ခိုင့်တပ်တော်မှ ပြန်လည်လွတ်မြောက်လာခဲ့သည့် ချင်းလူငယ် ဆလိုင်းအောင်စိုးနှင့် အမေးအဖြေ

၁၈ ဒီဇင်ဘာ ၂၀၂၀

ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ချင်းလူငယ် ဆလိုင်းအောင်စိုးဟာ ၄ လခွဲ( ရက်ပေါင်း ၁၃၈) ရက်ထိန်းသိမ်းခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာခဲ့ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့က သူ့ရဲ့ဇာတိမြို့ ပလက်၀မြို့ပေါ်ကို ရောက်ရှိလာခဲ့ပါပြီ။ AA တပ်ဖွဲ့အနေနဲ့ ဆလိုင်းအောင်စိုးကို ဘာကြောင့် ဖမ်းရတာလဲ၊ အဖမ်းခံခဲ့ရစဉ်မှာ စစ်ဆေးရိုက်နှက်မှုတွေ ခံခဲ့ရလား၊ သူ့အနေနဲ့ အေအေလက်ထဲရှိနေချိန် ရက်ပေါင်း ၁၃၈ ရက်ကို ဘယ်လိုစိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းခဲ့ရသလဲ၊ စတဲ့အကြောင်းအရာနှင့်ပတ်သက်ပြီး ဆလိုင်းအောင်စိုးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အခု လက်ရှိကျန်းမာရေးအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျန်းမာရေးကတော့ ကောင်းပါတယ်၊ ဒီအတိုင်းပဲ ဘာမှတော့ မဖြစ်ဘူး၊ အဖမ်းခံရတဲ့အချိန်မှာ ပထမအချက်မှာ အဆုတ်နည်းနည်းရောင်ချင်နေပြီးတော့ နောက်ပိုင်းမှာတော့ ဘာမှတော့မဖြစ်ဘူး၊ ပုံမှန်အတိုင်း ဖြစ်သွားတာပေါ့နော်၊ အဲ့အချိန်တုန်းကလည်း ကိုယ့်ကျန်းမာရေးကိုယ် နည်းနည်းလေးစိုးရိမ်တာပေါ့နော်။

မေး။ ။ သူတို့(AA)က ဆေးကုပေးတာတို့ရော ရှိလား။

ဖြေ။ ။ ဆေးကတော့ ပြည့်ပြည့်စုံစုံတော့ ဘယ်ရမလဲအဲ့မှာတော့ ၊ အဆုတ်သန့်ဆေးရတာပေါ့နော် အဲ့တာ တခုတော့ ရတဲ့နည်းနဲ့ရှာပေးကြပါတယ်၊ ဘာမှကြီးကြီးမားမားမဖြစ်ဘူးဆိုတော့ အဲ့တာနဲ့ကောင်းသွား တာပေါ့နော်။

မေး။ ။ ဇူလိုင် ၂၉ရက်နေ့က အဖမ်းခံရတဲ့ပုံစံကို နည်းနည်းလေးပြန်ပြောပေးလို့ရမလား။

ဖြေ။ ။ ကျွန်တော် ရန်ကုန်အပြန်ပေါ့လေ၊ ရန်ကုန်ကနေ စစ်တွေမှာ တစ်ညအိပ်တယ်၊ စစ်တွေမှာ တစ်ညအိပ်ပြီး တော့ ထွက်လာတာပေါ့လေ၊ တကယ်တော့ အဖမ်းခံရတာ ၂၉ ရက်မဟုတ်ဘူး၊ ၃၀ရက်နေ့၊ ရန်ကုန်ကနေ ဆေးကု ပြီးပြန်လာတယ်၊ စစ်တွေမှာ တစ်ညအိပ်တယ်၊ မနက်ကျောက်တော်ကို ပေါင်မုန့်ကားနဲ့ စီးတယ်၊ ကျောက်တော်ကို ရောက်တယ်၊ ကျောက်တော်ကနေပြီးတော့ ပင်ဆိုင်ကျေးရွာဆိုတာ ရှိတယ်၊ အဲရွာကနေပြီး တော့ ဆိုင်ကယ်နဲ့ သွားတယ် ထော်လာဂျီနဲ့ သွားတယ်အဲ့ထိ၊ အဲ့ပင်ဆိုင်ကျေးရွားကနေ ပြီးတော့ စက်လှေကို ၁ သိန်းနဲ့ ငှားထားတာပေါ့လေ။ စုစုပေါင်းက ၇ယောက်ရှိတယ်၊ ၁သိန်းနဲ့ငှားပြီးတော့ ရေတံခွန်ထိ ပင်ဆိုင်ကျေးရွားကနေ ငှားထားတာ၊ ပလက်ဝမြို့မရောက်ခင် ချောက်ကျေးရွာအထက်နားလေးမှာ ကျွန်တော်တို့ကို အောက်ကနေပြီး တော့ ကျွန်တော်တို့ စက်လှေစီးရင်းနဲ့ အနောက်ကနေပြီးတော့ စက်လှေနဲ့လိုက်ပြီးတော့ ဝင်ဖမ်းတာပေါ့လေ၊ ဖမ်းပြီးတော့ မျက်နှာဖုံးစွပ်ပြီးတော့ ကျွန်တော်တို့ကို မိနစ် ၂၀လောက် စက်လှေမောင်းပြီးတော့ ဘယ်ကို မောင်းလဲဆိုတာ မသိဘူး၊ မျက်နှာဖုံးစွပ်ပြီးတော့ တောထဲကို ခေါ်သွားတာပေါ့။

မေး။ ။ AAအဖွဲ့တွေအနေနဲ့ အစ်ကိုတို့ကို ဘာလို့ဖမ်းရတာလဲဆိုတာရော ပြောသေးလား။

ဖြေ။ ။ အဓိကတော့ ကျွန်တော်တို့ကို ဘာလို့ဖမ်းလဲဆိုရင် ကျွန်တော်တို့ကို မသင်္ကာလို့ဖမ်းတာတဲ့၊ သူတို့ရဲ့အလုပ်ကို နှောက်ယှက်တာပေါ့လေ၊ အထူးသဖြင့် ကျွန်တော့်ကို ခူးမီးသတင်းမီဒီယာမှာ လုပ်တယ်ဆိုပြီးတော့ စွပ်စွဲချက်တော့ ရှိတယ်ပေါ့လေ ၊ပြီးတော့ မြန်မာစစ်တပ်နဲ့ အဆက်သွယ်ရှိတယ် ဆိုပြီးတော့ စွပ်စွဲပြီး ကျွန်တော့်ကို မသင်္ကာဘူးပေါ့၊ ဟုတ်မဟုတ်ဆိုပြီးတော့ ကျွန်တော်ကို ဖမ်းသွားတာပေါ့လေ၊ ရိုက်နှိက်တာမျိုးလည်း မရှိပါဘူး၊ ကျွန်တော်တို့ကို ဖမ်းတဲ့အချိန်မှာလည်း သူတို့ရဲ့အကြီးအကဲတွေနဲ့ အဆက်သွယ်လုပ်တယ်။ ဖုန်းနဲ့ အပေါ်က လူကြီးက သူတို့ကို ဘာမှမလုပ်နဲ့ ရိုက်လည်း မရိုက်နှိက်နဲ့ဆိုပြီးတော့ သူတို့ရဲ့ရဲဘော်တွေကို သတိပေးထားတယ်။

မေး။ ။ သူတို့က အဲဒီမှာ ဘယ်လိုပုံစံမျိုးထားလဲ။

ဖြေ။ ။ ပထမ ၂ လကတော့ အကျဉ်းသားပုံစံမျိုးနဲ့ အကျဉ်းသားတွေနဲ့ကျွေးတယ်၊ အဲ့လိုစားရတာပေါ့၊ ပထမတော့ ဘယ်အဆင်ပြေပါ့မလဲ၊ ထမင်းလည်း မကောင်းဘူး၊ ဟင်းလည်း မကောင်းဘူး ၊ ဟင်းကတော့ တမျိုးထဲကျွေးတယ် ဘာပဲဖြစ်ဖြစ် အသီးအရွက်တွေနဲ့ပေါ့၊ ၂ လပြည့်တဲ့နောက်ပိုင်းကျတော့ သူတို့ရဲဘော်တွေနဲ့ အတူတကွ စားရတယ် မကောင်းရင်တောင်မှ နည်းနည်းပါးပါးကောင်းတယ်လို့ပဲ ဆိုရတာပေါ့၊ နောက်ထပ်၂ လခွဲကတော့ သူတို့နဲ့အတူစားရတာပေါ့လေ။

မေး။ ။ အစ်ကို့ရဲ့ သူငယ်ချင်းတွေကို သြဂုတ်လ၂၅ရက်မှာ ပြန်လွတ်ပေးပြီးတော့မှ အစ်ကိုကိုကျတာ့ ဘာလို့ဆက်ဖမ်းထားပြီးမှ သူတို့ကိုဘာလို့လွတ်ပေးတာလဲ။

ဖြေ။ ။ ကျွန်တော့အကြောင်းကို ကောင်းကောင်းအထောက်အကူဖြစ်အောင်၊ သိအောင် ဟုတ်မဟုတ်ဆိုပြီး ဘာတွေလုပ်နေလဲဆိုတာ အထောက်အကူဖြစ်အောင်ဆိုပြီး ကျွန်တော့်ကို ခေါ်သွားတဲ့ပုံစံပဲ၊ သူတို့က တစ်လတောင် မပြည့်ဘူး ရက်၂၀ကျော်လောက်ပဲ ပြန်လွတ်လိုက်တာ။

မေး။ ။ အစ်ကို့ကို ၄ လကျော်အောင် ဖမ်းထားတယ်ဆိုတော့ အဲ့ရက်တွေမှာကို ဘယ်လိုဖြတ်သန်းခဲ့ရလဲ၊ ဘာ အခက်အခဲတွေကြုံခဲ့ရလဲ။

ဖြေ။ ။ အခက်အခဲကတော့ ခံစားရတာပေါ့လေ၊ ကျွန်တော်တို့ကို ဘာများလုပ်မလဲဆိုပြီး စိတ်ပူပန်းမှုနည်းနည်းရှိတာပေါ့ ၊ကျွန်တော်တို့ကို စရောက်တဲ့အချိန် ၂ အပတ်အတွင်းမှာ ၃ ခါလောက်ကို ကြည့်တာပေါ့လေ၊ စစ်ပြီးတော့ နောက်ပိုင်းတော့ ကျွန်တော်စိုးရိမ်မှု သိပ်မရှိတော့ဘူး။ ကျွန်တော့်ကျန်းမာရေး ကိုပဲ စိုးရိမ်တယ်၊ သူတို့ကတော့ ပြန်လွတ်ပေးမယ်ဆိုတာ ကျွန်တော်တို့ကတော့ အခြေအနေသိသွားပြီလေ၊ ဒါပေမယ့် ဘယ်နှစ်လထားမယ်၊ ဘယ်လောက်ထားမယ်ဆိုတာ မသိဘူးလေ၊ ဒါပေမယ့် ဦးဝှေ့တင်းတုန်းကလည်း ၃ လလောက်ပဲ ထားတယ်ဆိုတော့လေ ကျွန်တော်ကိုလည်း ဘာပဲဖြစ်ဖြစ် အလွန်ဆုံး ၃ လလောက်ပဲထားမှာပါ။ ၂ လလောက်ဆိုရင် လွတ်မယ်လို့ထင်တာပေါ့လေ အများဆုံး ၃ လလောက်ဖြစ်မယ်၊ ဒီထက်ပိုပြီး မထားနိုင်လောက်ဘူး၊ နောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့ လပိုင်းကြာလာတော့ ဘယ်ထင်တော့မလဲ ၊ မျှော်လင့်ချက်တွေပိုပြီးတော့ မှေးမိန်လာတာပေါ့လေ၊ ဘယ်ချိန်လောက်မှ ပြန်လွတ်နိုင်မလဲ ဘယ်ချိန်လောက်မှ ပြန်မလဲမသိဘူးလေ၊ အဲ့မှာကျတော့လည်း ကိုယ့်ကျန်းမာရေးအကြောင်းကလည်း တကြောင်း၊ တပ်ဖက်ကလည်း ဗုံးတွေကြဲချလိုက်ရင် အလကားသေသွားမှာပေါ့ အဲ့တာတော့နည်းနည်းတော့ စိုးရိမ်တာပေါ့လေ။

မေး။ ။ အစ်ကိုအဖမ်းခံထားရတုန်းက တခြားသူတွေရော အဖမ်းခံထားတာရှိလား၊ ဘာကြောင့်လဲ။

ဖြေ။ ။ ကျွန်တော်တို့အဖမ်းခံရတဲ့နေရာမှာတော့ ခူမီးလူမျိုးက ကျွန်တော့်မှအပ တခြားသူတွေမရှိဘူး၊ အကုန်လုံးက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ဖက်ကနေ ဖမ်းထားတာပေါ့၊ အယောက်၂၀၊ ၃၀ ဝန်းကျင်လောက်ရှိတယ်၊ သူတို့ကို ဖမ်းတာကြတော့ သူတို့စကားနဲ့ အသုံးနှုန်းနဲ့ပြောမယ်ဆိုလို့ရင် နွားခိုးမှုဆိုပြီး တိုင်လို့ဖမ်းတယ်၊ လူသတ်မှု သူတို့ အရပ်သားအချင်းချင်း ရခိုင်အချင်းချင်းပဲ မတော်တဆလူသတ်မှုကြောင့် ဖမ်းတယ်၊ ဆေးမှု WY တွေကိုဖမ်းတယ်၊ WY သုံးစွဲတဲ့သူတွေကို ဖမ်းတယ်၊ အဲလိုအဖမ်းခံရတဲ့သူတွေပဲ ရှိတယ်။

မေး။ ။ AA အနေနဲ့ အကို့ကို ဘာကြောင့် ပြန်လွတ်ပေးတယ်လို့ပြောလဲ။

ဖြေ။ ။ ကျွန်တော့်ကို စစ်တော့ လုံးဝအပြစ်မရှိဘူးဆိုတာ သူတို့ အသိဆုံးပဲလေ၊ အဲ့တာကြောင့် လွတ်ပေးတာ ပေါ့၊ အခု လွတ်ပေးတယ်ဆိုတော့ မင်းက ပျော်မှာပေါ့နော်တဲ့၊ ကျွန်တော်ကလည်း ပြန်လွတ်ပေးတော့ အတိုင်းမသိ ပျော်တာပေါ့၊ ကျွန်တော်ကလည်း ပြန်ချင်တာတော့ ကြာလှပြီပေါ့ ၊ အချုပ်ခန်းမှာဆိုလို့ရင် ဘာမှ လွတ်လွတ်လပ်လပ်မနေရတာ ကျွန်တော်လည်း နားလည်ပြီးသားပါ၊ လွတ်လွတ်လပ်လပ် နေချင်တာပေါ့၊ အချိန်တွေလည်း ကုန်တာပေါ့၊ ကျွန်တော်တို့ လည်း စိတ်မကောင်းဘူးလို့ ပြောတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ ။ ။ လူတယောက်ကို သံတယရှိယုံနဲ့ မဖမ်းဖို့၊ တိုင်တဲ့သူရှိရင်တောင်မှ သက်သေအထောက်အ ထားခိုင်ခိုင်လုံလုံမရှိရင် မဖမ်းဖို့ ပြောချင်ပါတယ်။

ခိုနူမ်းသုန်မှ ပေးပို့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here