ရေဖြူတွင် တစ်ရက်တည်း မြေမြှုပ်မိုင်း (၃)လုံး ပေါက်

0
212
မြေမြှုပ်မိုင်းပေါက်ကွဲသည့် နေရာ KNU ပေးပို့သည့်မြေပုံကြမ်း(KNU)

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအုပ်စုဝင် အိုင်မဲနေရာ၌ ယမန်ေန့နံနက်ပိုင်းက နာရီပိုင်းခြား၍ နေရာ ၃ ခုတွင် မြေမြုပ်မိုင်း ၃ လုံး နင်းမိပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဉာဏ်ထွန်းက “ မနက် ၈ နာရီမှာတစ်လုံး၊ ၁၀ နာရီမှာ ဒုတိယတစ်လုံး၊ ၁၂ နာရီကျော်လောက်မှာ တတိယတစ်လုံး နေရာ ၃ ခုမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှု ၃ ခါဖြစ်ပွားခဲ့ပါတယ်။ လူအသေအပျောက်ထိခိုက်ဒဏ်ရာမရှိေပမယ့် ကျွဲတစ်ကောင်ထိခိုက်ပြီး ဆိုင်ကယ်နှစ်စီး ပျက်စီးခဲ့တယ်” ဟု ဆိုသည်။

အဆုိပါ မိုင်းပေါက်ကွဲခဲ့သည့် ဖြစ်စဉ်အား မွန်ပြည်သစ်ပါတီ NMSP က ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ အဆိုပါဒေသအခြေစိုက် ကရင်အမျိုးသားအစည်းအရုံး KNU မှ “ ကျွဲတစ်ကောင် မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲခဲ့သည့်အချိန်မှာ မနက် ၉ နာရီဖြစ်ပြီး ၉ နာရီ ၃၀ မိနစ်ခန့်တွင် တစ်လုံးပေါက်ကွဲပြန်တယ်၊ နောက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အလုပ်သမား ၂ ယောက် ဆိုင်ကယ်ဖြင့် အလုပ်ထဲသို့သွားရာမှာ ဆိုင်ကယ်နင်းမိ ဗုံးပေါက်ကွဲပြန်တယ်၊ အလုပ်သမားတစ်ယောက် အနည်းငယ်အစမှန်၍ ဒဏ်ရာရရှိတယ်လို့ သိရတယ်၊ တစ်နေ့ထဲမှာ မြေမြှုပ်မိုင်း ၃ လုံးပေါက်ကွဲခဲ့တယ်” ဟု ပေးပို့သည့် အစီရင်ခံစာမိတ္တူတစ်စောင်ကို မွန်သတင်းအေဂျင်စီက လက်ခံရရှိခဲ့သည်။

မျောက်ချော၊ နဂါးအိုင်နှင့် ကုလယ်ကျေးရွာသားများက ကင်းချောင်းတစ်ဖက်ကမ်းရှိ အိုင်မဲနေရာ၌ ခြံထွက်သစ်များကို တနိုင်တပိုင်လုပ်ကိုင်စားသောက်ရာမှ မွန်ပြည်သစ်ပါတီ တပ်ရင်း ၂ တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂ ရက်နေ့တွင် ကားသမား၊ ခြံထွက်သစ်အလုပ်သမားများအား မျောက်ချောကျေးရွာသို့ခေါ်၍ အကောက်ခွန်များကို အဆမတန် လေးဆတောင်းခံခဲ့ရာ KNU နယ်မြေဖြစ်သောကြောင့် ကရင်လူကြီးများနှင့် တိုင်ပင်ပြီးမှ ကူညီမည်ဟု ပြောဆို၍ပြန်လာခဲ့ကြောင်း ၎င်း KNU အစီရင်ခံစာတွင် ရေးသားဖော်ပြခဲ့သည်။

ထိုပြင် မွန်ပြည်သစ်တပ်ဖွဲ့ဝင် ၁၀ ယောက်ခန့်သည် ဇန်နဝါရီ ၄ ရက်နေ့က အိမ်မဲနေရာသို့ လာရောက်ခဲ့ပြန်ရာ သစ်အလုပ်သမားများကို မတွေ့ရဘဲ ကျွဲကျောင်းသမားနှင့်သာ တွေ့ခဲ့ပြီးနောက် ယမန်နေ့က မိုင်း ၃ လုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း အထက်ပါ အစီရင်ခံစာတွင် ဆက်လက်ဖော်ပြသည်။

လက်ရှိမြေမြှုပ်မိုင်းပေါက်ကွဲသည့်အုိင္မဲနေရာသည် ယခင်လများအတွင်း မြေမြှုပ်မိုင်း ၄ ကြိမ်ပေါက်ကွဲခဲ့သည့် အလယ်စခန်းကျေးရွာအုပ်စုနှင့် မိုင် ၂၀ ခန့်ဝေးကွာလျက်ရှိကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here