RCSS/SSA နှင့် TNLA တိုက်ပွဲကြောင့် နမ္မတူမြို့နယ်၊ မန်စံဒေသခံ ၁၈၀ ကျော် ထပ်မံထွက်ပြေးနေရ

0
296

ဓာတ်ပုံ – Tai Freedom
ဒီဇင်ဘာလ ၂၁ ရက်နေ့။ ၂၀၂၀ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်၊ မန်စံတိုက်နယ်အတွင်းက နေရပ်ပြန်သွားကြသည့် စစ်ရှောင်များ ထပ်မံဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ဒေသခံ ၁၈၀ ကျော် စစ်ဘေးလွှတ်ရာသို့ ထပ်မံထွက်ပြေးနေရ သည်ဟု ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၁၈ရက်နေ့ ညမှ စတင်ပြီး ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲများကြောင့် ယခုခါ မန်စံတိုက်နယ်ထဲက စကားဝါ ရှမ်းဘုန်းတော်ကြီးကို ထပ်မံထွက်ပြေးလာရသည်ဟု အမည်မဖော်လိုသူ စစ်ရှောင်တစ်ဦး က ပြောသည်။

“ကျနော်တို့က မနေ့ပြန်တာ။ တချို့က ဟိုနေ့က ပြန်တယ်။ ကျနော်တို့ မနေ့ညနေက ရွာရောက်တယ်။ ညကျ တော့ တိုက်ပွဲပြန်ဖြစ်တဲ့အသံတွေ ကြားတယ်၊ သေနတ်သံတွေပြန်ကြားလာတယ်။ အဲ့ဒါ အခုပြန်ထွက်ပြေး ရတယ်။ တချို့က ညတွင်းပဲ ပြေးကြတယ်။ အိတ်တွေတောင်မှ မဖွင့်ရသေးဘူးလေနော်။ အားလုံးကြောက်ပြီး ပြန်ပြေးရတာပါ။”

နမ္မတူမြို့နယ်၊ မန်စံတိုက်နယ်အတွင်းက နမ့်တောင်းကုန်းအုပ်စုထဲက နားကျဲကျေးရွာအနီး RCSS နှင့် TNLA တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလသည့်အတွက် ပိန်းလုံ၊ နားကျဲ၊ နားကျိုင်း၊ ကွန်ကျောင်း ရွာသား ၁၈၀ ကျော် ဒီဇင်ဘာ လ ၁၈ ရက်နေ့တွင် စကားဝါရှမ်းဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိနေသည်ဟု နမ္မတူမြို့နယ် ပြည် နယ်လွှတ်တော်အမတ် နန်းခမ်းအေးက ဆက်ပြောသည်။

“မနေ့ညကတည်းပြန်ပြေးလာကြတာ။ အခု ၁၈၀ ကျော်ပြီး ပြန်ပြေးလာတာ။ တိုက်ပွဲတွေပြန်ဖြစ်လာလို့ပါ။ ဒီ မန်စံ ရွှေစကားဝါကျောင်းမှာပဲ။ လက်ရှိတော့ ကျေးရွာမှာရှိတဲ့ မန်စံကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်ကော်မတီက ပဲ ကူညီပေးနေရတာပေါ့။ လိုအပ်တာတွေ ဆောင်ရွက်ပေးနေတယ်။ သူတို့အတွက် အကယ်၍ ကူညီပေးမယ် ဆိုရင်တော့ အနွေးထည်တွေ၊ စောင်တွေ လိုအပ်တာပေါ့နော်။ ကျမတို့ နမ္မတူမှာက ၂၀၁၇ ခုနှစ်ကနေ အခုချိန် အထိက ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပြီနော်။”

အဆိုပါ စစ်ရှောင်များမှာ ယခုလ ၇ ရက်နေ့၊ ၉ ရက်နေ့ နှင့် ၁၀ ရက်နေ့တို့က ဖြစ်ပွားခဲ့သည့် တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောက်စီ RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား က တိုက်ပွဲများကြောင့် ၁၀ ရက်နီးပါး စစ်ဘေး ရှောင်ခဲ့ကြရာမှ ယမန်နေ့က နေရပ်သို့ ပြန်သွားခဲ့ကြခြင်းဖြစ်သည်။

ထို့သို့ ပြန်သွားသည့် ညတွင်ပင် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာသည့်အတွက် မန်စံကျေးရွာရှိ စကားဝါ ဘုန်း တော်ကြီးကျောင်းသို့ ပြန်လည်ထွက်ပြေးတိန်းရှောင်လာကြရခြင်းဖြစ်သည်။

ယခုတို်က်ပွဲများ ဖြစ်ပွားနေသည့် ဒေသများသည် ၂၀၁၇-၂၀၁၈ ခုနှစ်ကတည်းက စစ်ရေးတင်းမာမှုများ၊ တိုက်ပွဲ များ ဖြစ်ပွားနေခဲ့ရာ ယနေ့အချိန်ထိ တစ်စုံတစ်ရာ ဖြေရှင်းနိုင်ခြင်း မရှိသေးသည့်အပေါ် ဒေသခံများက စိုးရိမ်နေ ကြပြီး မျော်လင့်ချက်မဲ့လာနေသကဲ့သို့ ခံစားရသည်ဟု ဒေသခံများက ပြောသည်။

“အဲ့ဒီအတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး သူများပြောသလို ငြိမ်းချမ်းစေချင်တယ်၊ နှစ်ဖက်ဆွေးနွေးစေချင်တယ်ဆို တာတွေထက် ခံရတဲ့သူတွေအတွက် ပိုပြီး စဉ်းစားပေးစေချင်တယ်။ အဲ့ဒါက မဖြစ်နိုင်တဲ့အတွက် တခြားတော့ ဘာမှ သိပ်ပြောစရာမရှိဘူး” ဟု နန်းခမ်းအေး က ဆက်ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောက်စီ RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က နှစ်ဖက်ကိုယ်စားလှယ်များက ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများ လျော့ချနိုင်ရေးအတွက် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်။

ထိုဆက်သွယ်ဆွေးနွေးမှုနှင့် ပတ်သက်၍ “အဲ့ဒါက မပြောတတ်ဘူး။ တကယ်တော့ ကျမတို့ဒေသမှာက အဲ့ဒီ နှစ်ဖွဲ့ ပဲရှိတာမဟုတ်ဘူး။ တခြားလက်နက်ကိုင်အဖွဲ့တွေလည်း အများကြီးရှိတယ်။ အဖွဲ့အစည်းတွေက အရမ်း များနေတယ်။ သူတို့နှစ်ဖွဲ့ပဲ ရှိတာမဟုတ်ဘူးလေနော်” ဟု နန်းခမ်းအေး က ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ နှစ်ဖက်တပ်တာဝန်ရှိသူများအား ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက် သွယ်၍ မရခဲ့ပေ။

သို့သော် ယမန်နေ့ညက ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲနှင့်ပတ်သက်၍ “နမ္မတူမြို့နယ်၊ ညောင်ဆွယ် ကျေး ရွာ၌ ယနေ့ ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် RCSS တပ်ဖွဲ့က တအာင်းတပ်မတော်အား ထပ်မံ ကျူးကျော် တိုက် ခိုက်ခဲ့သည်။ ဒီဇင်ဘာလအတွင်း RCSS တပ်ဖွဲ့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် တအာင်းတပ်မတော်နှင့် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခ့ဲပီးဖြစ်သည်” ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။

နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများကြောင့် ဒီဇင်ဘာလ ၁၀ ရက်နေ့က နမ္မတူမြို့နယ် နမ့်ပိုင် ကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး အပါ အဝင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြပြီး စစ်ရှောင် ၂၄၀ ကျော် စစ်ဘေးတိန်းရှောင် ခဲ့ကြရသည်။

အားမီ(NMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here