“ဒီမြေယာကိစ္စနှင့် ပတ်သက်ပြီး အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းလို့မရဘူးဆိုရင် ပြည်ထောင်စုအဆင့် အထိ ဖြေရှင်း ညှိနိုင်းဖို့ လိုအပ်ပါတယ်။ ဒီကိစ္စဟာ အရမ်းခက်ခဲနက်နဲတဲ့ ကိစ္စတစ်ရပ် ဖြစ်တယ်။ သေသေချာချာ ကိုင်တွယ် ဖြေရှင်းဖို့ အရေးတကြီးလိုအပ်ပါတယ်” စောအယ်စေး (2020 Human Rights Tulip ဆုရှင် )

0
204

2020 Human Rights Tulip ဆုရှင် စောအယ်စေးနှင့် အမေးအဖြေ

၂၁ ဒီဇင်ဘာ ၂၀၂၀

မြေယာ ရပိုင်ခွင့်အတွက် ကရင်နီ(ကယား)ပြည်နယ်အတွင်း တက်ကြွလှုပ်ရှားနေသူ စောအယ်စေး အား နယ်သာလန် သံရုံးမှ ၂၀၂၀ခုနှစ်အတွက် လူ့အခွင့်ရေးဆိုင်ရာ ကျူးလစ်ဆု(2020 Human Rights Tulip Award)ကို ပေးအပ်ခဲ့သည်။ ၎င်းဆုရရှိခြင်းနှင့် ပတ်သက်ပြီး မြေယာအခွင့်အရေးအတွက် ၎င်း၏ ပါဝင်လှုပ်ရှားဖြစ် ပုံအခြေအနေ နှင့် မြေယာအခွင့်အရေးဆိုင်ရာ အမြင်သဘောထားများကို ကျူးလစ်ဆုရှင် စောအယ်စေးအား ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – အခု ရရှိတဲ့ဆုနှင့်ပတ်သက်ပြီး ရှင်းပြပေးပါအုံး။

ဖြေ – ဒီကျူးလစ်ဆုဟာဆိုရင် နယ်သာလန်နိုင်ငံက ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။ ဒီဆုကို နှစ်တိုင်းပေးတာ ဖြစ်တယ်၊ ဒီနှစ်မှာ ကျနော် ရရှိတာပေါ့။ ဒီဆုကို ပေးရတဲ့ရည်ရွယ်ချက်ကတော့ လူ့အခွင့်ရေးဆိုင်ရာလှုပ်ရှားသူတွေကို ပေးအပ်ခြင်း ဖြစ်တယ်။ ဒီနှစ်မှာတော့ သူတို့အဖွဲ့က မြေယာပိုင်းဆိုင်မှုနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက် လှုပ်ရှားတဲ့ဟာကို Highlight လုပ်ပြီး ရွေးချယ်တယ်။

မေး – လူ့အခွင့်အရေး ဆိုင်ရာလှုပ်ရှားမှုကို ဘယ်အချိန်တုန်းက စတင်လှုပ်ရှားခဲ့လဲ။

ဖြေ – အခုအချိန်မှာတော့ ကျနော်က Kayah Earthrights Action Network – KEAN မှာ ကျနော်ကူညီ လုပ်ဆောင် နေပါတယ်။ ကျနော်တို့အဖွဲ့အစည်းကတော့ ၂၀၁၉နှစ်မှာ စတင်တည်ထောင်ပြီးတော့ ဒီကရင်နီ (ကယား) ပြည်နယ်မှာပဲ အခြေစိုက်ပါတယ်။ ကျနော်တို့အဖွဲ့ရဲ့လှုပ်ရှားမှုတွေကတော့ မြေယာအရေး၊ သဘာဝပတ်ဝန်း ကျင်၊ မိုင်းရှင်းလင်းပညာပေးဆိုင်ရာ ဒီဟာတွေ ကိုအခုကျနော်တို့ ဒီကယားပြည်နယ်အတွင်းမှာ လုပ်ဆောင်နေ ပါတယ်။ ဒါပေမဲ့ ပေါ်လစီအရ ကျနော်တို့က ဒီပြည်ထောင်စုအောက်ခြေအဆင့်မှာရှိတဲ့ အရပ်ဖက်အဖွဲ့ အစည်း တွေနဲ့ ကျနော်တို့ပူးပေါင်းလုပ်ဆောင်နေပါတယ်။

မေး – လူ့အခွင့်အရေး လှုပ်ရှားမှုလုပ်ဆောင်တဲ့နေရာမှာ ကြုံတွေ့ရတဲ့စိန်ခေါ်မှုက ဘာတွေရှိမလဲ။

ဖြေ – အရင်တုန်းကဆိုရင် ကျနော်က ဘာသာရေးအဖွဲ့အစည်းတစ်ခုမှာ ပါဝင်လုပ်ဆောင်တယ်၊ နောက်ပိုင်း လူ့အခွင့်ရေးဆိုင်ရာချိုးဖောက်မှုလုပ်ရပ်တွေကို ကြုံတွေ့ရတာများလာတော့ ပါဝင်ပြီး ကူညီချင်စိတ်ပေါ် ပေါက်လာတယ်။ အဲမှာမှ တဆင့်ပါဝင် လှုပ်ရှားဖြစ်သွားတာပဲ။ လှုပ်ရှားမှုအပိုင်းမှာတော့ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ လူ့အရင်းအမြစ်ဖြစ်စေ၊ အခြားအရင်းအမြစ်တွေဖြစ်စေ၊ လှုပ်ရှားမှုအပိုင်းမှာဆိုရင် အစိုးရတွေရဲ့ နည်းဥပဒေတွေ၊ အစိုးရတွေရဲ့ဖိအားပေးမှုတွေလို စိန်ခေါ်မှုကြီး တွေကိုရင်ဆိုင်ရတယ်။ သူတို့ရဲ့ Rule of Law (တရားဥပဒေ စိုးမိုးမှု)တွေက ရှိနေပေမယ့်လည်း ကျနော်တို့ရဲ့လုပ်ဆောင်မှုတွေကိုရှေ့ဆက်ပြီး တော့ ဆက်သွားမှာပါ။ သူတို့ကတော့ ကျနော်တို့ရဲ့လုပ်ဆောင်မှုတွေကို အမြဲတန်းကြည့်နေပါတယ်။ ဒီစိန်ခေါ်မှုတွေက ကျနော်တို့ အခုမှကြုံတွေ့ရတာ မဟုတ်ပါဘူး ဟိုအရင်ကတည်းကပါ။

မေး- ဒီဆုရရှိခြင်းကြောင့် ရှေ့ဆက်မြေယာအခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုအတွက် ဘယ်လို တွန်းအား တွေရရှိစေသလဲ။

ဖြေ – ဒီဆုကို ရရှိတဲ့အပေါ်မှာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိပါတယ်၊ သူတို့အဖွဲ့အစည်းက ကျနော်တို့ရဲ့ လုပ်ဆောင်မှုတွေကို အသိအမှတ်ပြုတယ်။ ကျနော်တို့အဖွဲ့အစည်းတစ်ခုထဲမှ မဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံ လုံးနဲ့ ပတ်သက်တဲ့မြေယာဆိုင်ရာကိစ္စရပ်တွေဟာ အလွန်အရေးပါတဲ့ကိစ္စတစ်ရပ်ဖြစ်တယ်။ နောက် ကျနော်တို့ နှင့် ပူပေါင်းလုပ်ဆောင်တဲ့အဖွဲ့အစည်း အားလုံးကိုလဲ အသိအမှတ်ပြုတယ်။ နောက်တစ်ခုက ကျနော်တို့ မြန်မာနိုင်ငံထဲမှာ ၇၀%ကျော်လောက်က လယ်ယာလုပ်ငန်း ကိုလုပ်ဆောင်နေတဲ့ တောင်သူလယ်သမားတွေ ဖြစ်တယ်။ သူတို့တွေရဲ့အခွင့်အရေးဟာလည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တယ်။ သူတို့အဖွဲ့အစည်း ကကျနော်တို့ရဲ့ လုပ်ဆောင်မှုကိုအသိအမှတ်ပြုတော့ ကျနော်တို့ရှေ့ဆက်လုပ်ဆောင်ရမယ့် အလုပ်တွေအတွက် အင်အားအရမ်းဖြစ်စေပါတယ်။

မေး- ယခုလက်ရှိ ကရင်နီ(ကယား) ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ မြေယာဆိုင်ရာပြသာနာတွေက ဘယ်လိုပုံစံ မျိုးတွေလဲ။

ဖြေ – ကရင်နီ(ကယား)ပြည်နယ်မှာတော့ မြေယာကိစ္စရပ်တွေက အချိန်ကြာလာတာနဲ့အမျှ ပိုပြီးရှုပ်ထွေးလားတယ်။ အရင်ကဆိုရင် အစိုးရစစ်တပ်တွေကို အတင်းအဓမ္မသိမ်းယူတဲ့ ကိစ္စရပ်တွေကို လုပ်ဆောင်နေတာ ယနေ့ အထိပါပဲ။ ယခုအချိန်မှာဆိုရင် သူတို့က Law Police နဲ့သုံးပြီးကျနော်တို့ရဲ့ မြေယာတွေကိုအတင်း ရယူဖို့ လုပ်ဆောင်နေတာ ယနေ့အထိတိုင်ပဲ။ ပြီးခဲ့တဲ့ NLD အစိုးရ တက်တဲ့အချိန်မှာ လည်း ဒီမြေယာကိစ္စတွေဟာ တော်တော်လေးရှုပ်ထွေးတာကိုတွေ့ရတယ်။ နောက်တစ်ခုကသဘာဝ သယံဇာတတွေကို ထုတ်ယူတာလည်း ဒီကိစ္စရပ်တွေက နည်းပါးလာတာကို မတွေ့ရဘူး။ ဒီအရာတွေက ပိုပြီးများပြားလာဖို့အခြေအနေမှာရှိတယ်၊ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ မြန်မာအစိုးရဟာ စီးပွားရေး၊ ကုန်သွယ်ရေးအပိုင်းတွေမှာ လက်မှတ်ထိုး ထားရတာအများကြီးရှိတယ်။ ဒီအရာတွေက နှစ်ကြာလာတာနဲ့အမျှ ပိုပိုပြီးများလာမှာသေချာတယ်။

မေး – ဒီမြေယာပိုင်းဆိုင်ရာပြဿနာတွေဖြစ်ရတဲ့ အဓိက အကြောင်းအရင်းက ဘာတွေဖြစ်မယ်လို့ ယူဆလဲ။

ဖြေ – ကျနော်တို့ ပြန်ကြည့်ရမယ်ဆိုရင် မြန်မာပြည်ကို ဗြိတိသျှအစိုးရလက်ကနေပြန်ရပြီးနောက်ယခု လက်ရှိ အချိန်ထိ ပြည်တွင်းစစ်ဖြစ်နေတာက အနှစ်(၇၀)တောင် ကျော်သွားပြီး။ ဒါတွေအားလုံးဟာ မြေယာကိစ္စရပ်နဲ့ ဆိုင်တယ်။ နောက် သဘာဝသယံဇာတတွေနဲ့ ဆိုင်တယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်းရေး အမှန်တကယ်လိုချင်ရင် မြေယာကိစ္စညှိနှိုင်းမှုတွေကို သေသေချာချာလုပ်ဆောင်ရမယ်၊ မဟုတ်ဘူးဆိုရင် ရှေ့ဆက်နိုင်ငံတိုးတက်မြင့်မားဖို့အတွက် ခက်ခဲလိမ့်မယ်။ ဒီဟာကို သီးခြား ခွဲခြားထားလို့မရဘူး။ အနီးစပ်ဆုံး ပြန်ကြည့်ရရင် လူ့အခွင့်ရေးဆိုင်ရာဖြစ်စေ၊ Social Right/Social personal right ဒီအရာတွေကအရင်းအမြစ်တွေ ဖြစ်တယ်။ ဒီအရာတွေကို စီမံကိုင်တွယ်ဖို့လိုအပ်ပါတယ်။

မေး – ဒီပြဿနာတွေက ဒီအတိုင်းပဲဆက်ဖြစ်နေမယ်ဆိုရင် ပြည်သူလူထုတွေအတွက်ဘယ်လိုထိခိုက်နစ်နာ မှု တွေ ဖြစ်စေမလဲ။

ဖြေ – ပြည်သူလူထုတွေဟာ မြေယာအခွင့်အရေးရှိဖို့လိုတယ်။ ဒီအရာတွေမရှိဘူးဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသား တစ်ဦးမဟုတ်တော့ဘူး။ နောက် အစိုးရပဲဖြစ်ဖြစ်၊ စစ်တပ်ကပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ မြေယာကိုသိမ်းယူလိုက်တဲ့ အပေါ်မှာ ကျနော်တို့ကမြေယာတစ်ခုထဲ ဆုံးရှံးသွားတာမဟုတ်ဘူး။ မြေယာအပြင် ကျနော်တို့ရဲ့ လူမှုပတ်ဝန်း ကျင်၊ ဓလေ့ရိုးရာနဲ့ သဘာဝပတ်ဝန်းကျင် စတာတွေအားလုံးကို ကျနော်တို့က ဆုံးရှုံးလိုက်ရတယ်၊ ဒါတွေက ကျနော်တို့ အတွက်အရမ်းအရေးကြီးတယ်။ နောက် ကျနော်တို့ ဌာနေတိုင်းရင်းသားတွေအတွက်ဆိုရင် အစိုးရ ဖက်က Land Law (မြေယာဥပဒေ)တွေရေးဆွဲပြဌာန်းထားတာ ရှိတယ်။ ဒါပေမဲ့ အဲ့အရာတွေက ကျနော်တို့ကို ဖြေသိမ့်ပေးရုံသက်သက်ပါ။ ကျနော်တို့တွေကမြေကြီးပေါ်မှာ နေထိုင်အသက်ရှင်တဲ့ လူတွေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ရဲ့အခွင့်အရေးကိုတော့ ပန်းတိုင်မရောက်မချင်း တောင်းဆိုသွားရမှာပဲ။

မေး – ဒီမြေယာပြသာနာကိစ္စရပ်များဖြေလျှော့နိုင်ဖို့ဆိုရင် အစိုးရတာဝန်ရှိတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ တောင်းဆိုချင်လဲ။

ဖြေ – ကျနော်တို့က ဌာနေတိုင်းရင်းသားအနေနဲ့ပြောရရင်တော့ NLDအစိုးရဟာ အမှန်တကယ် စစ်မှန်တဲ့ ငြိမ်းချမ်း ရေးကို လိုချင်တယ်ဖြစ်စေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စေ၊ မြေယာပိုင်ဆိုင်ရာကိစ္စရပ်တစ်ခုကို အစိုးရ အနေနဲ့အရေးတကြီး လုပ်ဆောင်ရမဲ့ ကိစ္စတစ်ရပ်အဖြစ် လာမဲ့ အနာဂတ်မှာ ဦးစားပေးမှုအဖြစ် သတ်မှတ် ထားရမယ်။ ဒီမြေယာကိစ္စနှင့် ပတ်သက်ပြီး အစိုးရအနေနဲ့ကိုင်တွယ်ဖြေ ရှင်းလို့မရဘူးဆိုရင် ဒီဟာကို ပြည်ထောင်စုအဆင့် အထိ ဖြေရှင်း ညှိနိုင်းဖို့ လိုအပ်ပါတယ်။ ဒီကိစ္စဟာအရမ်းခက်ခဲနက်နဲတဲ့ ကိစ္စတစ်ရပ် ဖြစ်တယ်။ သေသေချာချာ ကိုင်တွယ် ဖြေရှင်းဖို့ အရေးတကြီးလိုအပ်ပါတယ်။ တစ်ဖက်မှာကတော့ ငြိမ်းချမ်းရေး ဆွေးနွေးတာတွေရှိတယ်။ နောက်ဒီမြေယာပိုင်းဆိုင်ရာ မှာတော့ ယခုအချိန်ထိဆွေးနွေးတိုင်ပင်အကောင်အ ထည်ဖော် ဆောင်မှုတွေကိုမတွေ့ရသေးဘူး။

စအိုင်စူး (KIC) – မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here