“တရားဥပဒေစိုးမိုးရေးနဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာကတော့ သတ္တိရှိမှပဲ လုပ်လို့ရတယ်။ ရှမ်းပြည်နယ်အစိုးရအနေနဲ့ သတ္တိမရှိဘူးလို့ ယူဆတယ်။ ပြဿနာကို ဖြေရှင်းဖို့အတွက်ကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေတိုင်းမှာ တာဝန်ရှိတယ်” ဦးစိုင်းလုံ (ပြည်နယ်လွှတ်တော်အမတ်၊ မိုင်းကိုင်မြို့နယ်)

0
235

ဓာတ်ပုံ – သျှမ်းသံတော်ဆင့်သတင်းဌာန

မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းလုံနှင့် အမေးအဖြေ

၂၂ရက် ဒီဇင်ဘာ ၂၀၂၀

ရှမ်းပြည်နယ်ဟာ နယ်မြေဧရိယာ ကျယ်ဝန်းသလောက် လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း အများအပြားလှုပ်ရှားရာ ဒေသဖြစ်ပါတယ်။ ဒီဒေသမှာ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေသလို၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေ အချင်းချင်းအကြားမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပါတယ်။

ယခုနှစ်အစောပိုင်းက ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်အတွင်း တပ်မတော်နှင့် RCSS/SSA အကြား တိုက်ပွဲဖြစ်ပွားမှုကို မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းလုံက မေးခွန်းထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ရရှိခဲ့တဲ့အဖြစ်ကတော့ ပြည်နယ်အတွင်းက တိုက်ပွဲတွေဟာ ပြည်ထောင်စုအဆင့်နဲ့သာ သက်ဆိုင်ကြောင်း ပြယ်နယ်လွှတ်တော်ဥက္ကဌက ဆိုခဲ့ပါတယ်။ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေရဲ့ အကြောင်းအရင်း၊ အစိုးရနဲ့ လွှတ်တော်ရဲ့အခန်းကဏ္ဍနဲ့ ပြည်သူများရဲ့ သဘောထားတွေက ဘယ်လိုရှိသလဲ စတဲ့ မေးခွန်းတွေကို ဦးစိုင်းလုံအား ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ဘာဖြစ်မယ်လို့ ထင်ပါသလဲ။

ဖြေ – NCA စာချုပ်အားနည်းလို့ပေါ့။ အမှန်ဆို လက်နက်ကိုင်အဖွဲ့အစည်းတိုင်းက NCAကို သဘောပေါက်ရမယ်။ NCA ကို သဘောမပေါက်လို့ပဲလား၊ မလိုက်နာလို့ပဲလား ဒီနှစ်ချက်ပဲ ရှိပါတယ်၊ တိုက်ပွဲဖြစ်ရတဲ့ အကြောင်းရင်းက။ အားလုံးကလည်း ဖက်ဒရယ်ကို ဦးတည်တောင်းဆိုနေတာပဲလေ။ ပြည်သူလူထုရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေသရွေ့ ဖက်ဒရယ်ကို မဦးတည်သရွေ့ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေဦးမယ်ထင်ပါတယ်။

မေး – တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ လူထုရဲ့ သဘောထား အမြင်ကရော ဘယ်လိုရှိတယ်လို့ သုံးသပ်ပါသလဲ။ ကိုယ်တိုင်ရော ဘယ်လိုသတင်းစကားပါးချင်လဲ။

ဖြေ – ပြည်သူတွေအနေနဲ့ မြင်တာကတော့ လက်နက်ကိုင်အဖွဲ့အစည်းဆိုရင် ဘယ်အဖွဲ့အစည်းမှ ရာနှုန်းပြည့်အားရတယ်လို့ မရှိဘူး။ ရာနှုန်းပြည့်အကျိုးရှိတယ်လို့ မရှိဘူး။ တနည်းနည်းနဲ့တော့ ပြည်သူတွေအတွက် အကျိုးမဲ့နေတာပဲ။

မေး – တိုင်းရင်းသား(လက်နက်ကိုင်အဖွဲ့အစည်း)တွေ အချင်းချင်းအကြားမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ဥပမာအားဖြင့် RCSS နဲ့ TNLA၊ SSPP နဲ့ RCSS၊ RCSS နဲ့ PNLO စသဖြင့်ပေါ့။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ – နောက်ကွယ်ကနေ ကြိုးကိုင်တဲ့အဖွဲ့အစည်းတွေ ရှိမယ်လို့ ထင်ပါတယ်။ ဒါကြောင့်သာ အောက်ခြေမှာ မငြိမ်မသက်နဲ့ မတည့်တော့ဘဲ ပဋိပက္ခတွေ ဖြစ်နေတာပေါ့။ ဒီပြဿနာကို ဖြေရှင်းဖို့ကတော့ လွယ်မရောင်နဲ့ ခက်လိမ့်မယ်။ ဘာြဖစ်လို့လဲဆိုတော့ ဒီရောဂါ(ပဋိပက္ခ)က တော်တော်ကြီးနေပြီ။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်ပါ တကယ်ငြိမ်းချမ်းရေး အမှန်တကယ်စေတနာအစစ်အမှန်နဲ့ ရချင်ရင် လွယ်လွယ်လေးပါ။ လက်နက်ကိုင်အဖွဲ့အစည်းတိုင်းကလည်း လက်နက်တွေကိုင်လာတာ ငြီးငွေ့နေပြီ။ ငြိမ်းချမ်းရေးကို ရချင်ကြမှာပဲ။ ဒါပေမယ့် ဖြစ်ခဲ့တဲ့ ရောဂါတွေဟာ ကုသလို မပျောက်နိုင်ဘူးဖြစ်နေလို့ အခုထိခံစားနေရတာပါ။

မေး – တိုက်ပွဲတွေရပ်တန့်ရေး၊ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက် ကို သုံးသပ်ပေးပါ။

ဖြေ – ဘာမှကို မလုပ်ဘူး။ ချင်းချင်းပြောရရင် တိုက်ပွဲတွေကိစ္စနဲ့ လွှတ်တော်မှာ တင်တာပဲ။ ရှမ်းပြည်တောင်ပိုင်းမှာ ဖြစ်တဲ့တိုက်ပွဲတွေပေါ့။ JMC အနေနဲ့ ဖြေရှင်းဖို့ ဘယ်လိုလှုပ်ရှားနေသလဲဆိုပြီးပေါ့။ အဲဒါကို ပယ်ချလိုက်တယ်။ စစ်ပွဲနဲ့ ပတ်သက်တဲ့မေးခွန်းတွေဆိုရင် ပြည်နယ်နဲ့ မဆိုင်ပါဘူးဆိုပြီး ပယ်ပယ်ချတယ်။ ပြည်ထောင်စုအစိုးရနဲ့ပဲ ဆိုင်တယ်လို့ပြောတယ်။ ပြည်နယ်ထဲမှာ ဖြစ်တဲ့ကိစ္စကို ပြည်နယ်က မဖြေရှင်းနိုင်ဘူးဆိုတော့ ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်ချက်ကို အားနည်းတယ်လို့ ပြောရမယ့်အစား ဘာမှအလုပ်မလုပ်ဘူးလို့ပဲ ယူဆပါတယ်။

မေး – ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေ ရပ်တန့်ဖို့၊ တရားဥပဒေစိုးမိုးဖို့ဆိုတဲ့ ကိစ္စရပ်တွေမှာ ပြည်နယ်လွှတ် တော်ရဲ့ ရပ်တည်ချက်နဲ့ အခန်းကဏ္ဍကို ဘယ်လိုရှုမြင်ပါသလဲ။

ဖြေ – တရားဥပဒေစိုးမိုးရေးနဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာကတော့ သတ္တိရှိမှပဲ လုပ်လို့ရတယ်။ ရှမ်းပြည်နယ်အစိုးရအနေနဲ့ သတ္တိမရှိဘူးလို့ ယူဆတယ်။ ပြဿနာကို ဖြေရှင်းဖို့အတွက်ကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေတိုင်းမှာ တာဝန်ရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအတွက်တော့ မြေဇာပင်ပြည်သူတွေဖက်ကပဲ ရပ်တည်တယ်ပေါ့။ ပြီးခဲ့တဲ့ ဖြစ်ရပ်တွေမှာလည်း တစ်ဖက်နဲ့တစ်ဖက် အပြစ်တင်နေတာပဲ ရှိတယ်။ အပြစ်တွေပဲ တင်နေကြစတမ်းဆို ဒီတိုက်ပွဲတွေ မရပ်တန့်နိုင်ဘူး။ သတ္တိရှိရှိ တိုက်ပွဲဝင်ကြသလို သတ္တိရှိရှိ ကိုယ့်အပြစ်ကို ဝန်ခံနိုင်မှ၊ ကိုယ့်အပြစ်ကို ဝန်ခံပြီးရင်လည်း ပြန်လည်ပြုပြင်ရဲတဲ့ သတ္တိရှိမှပဲ ငြိမ်းချမ်းရေးရမယ်လို့ ထင်ပါတယ်။

မေး – ပြောချင်တာက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ငြိမ်းချမ်းရေးမှာ ထဲထဲဝင်ဝင်လုပ်ဆောင်နိုင်ဖို့အတွက် ဘာတွေများတောင်းဆိုချင်ပါသလဲ။ ဘာလို့ဒီမေးခွန်းကို မေးရလဲဆိုတော့ ပြည်နယ်ထဲက ပြဿနာတွေကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကို ပိုပြီးနီးနီးစပ်စပ် သိရှိနိုင်မယ်ထင်လို့ ပါ။

ဖြေ – အေးပေါ့ဗျာ။ ဒုတိယလွှတ်တော်သက်တမ်းတော့ ပြီးသွားပြီပေါ့။ တတိယလွှတ်တော်သက်တမ်းမှာတော့ အစိုးရရော၊ လွှတ်တော်ကိုယ်စားလှယ်တွေရော ပိုပြီးလွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ပါစေလို့ပဲ တိုက်တွန်းချင်ပါတယ်။ သတ္တိရှိရှိနဲ့ လွတ်လွတ်လပ်လပ်ဆွေးနွေးနိုင်ပါစေလို့ပဲ တိုက်တွန်းချင်ပါတယ်။

မေး – လက်ရှိ NLD အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေကို ချုပ်ငြိမ်းနိုင်မယ်လို့ ထင်ပါသလား၊ ဘာကြောင့်လဲဆိုတာ ရှင်းပြပေးပါ။

ဖြေ – ဒီအတိုင်းဆိုရင်တော့ ရှုပ်ငြိမ်းဖို့တော့ မလွယ်ဘူး။ ဒါပေမယ့် တနည်းတဖုံ အပြောင်းအလဲလေး ရှိလာရင်တော့ ချုပ်ငြိမ်းချင်လည်း ချုပ်ငြိမ်းမှာပေါ့။ အပြောင်းအလဲဆိုတာကတော့ အခုအနိုင်ရပါတီကလည်း ရှင်းရှင်းပြောရရင် တိုင်းရင်းသားတွေအပေါ်မှာ ကြည့်ရှုစောင့်ရှောက်တာကတော့ အားနည်းနေတယ်။ ဒါတွေကို အရေးတယူ ဂရုစိုက်ပြီးမှ တိုင်းရင်းသားတွေနဲ့ တိုင်တိုင်ပင်ပင်ညှိညှိနှိုင်းနှိုင်းနဲ့ တိုင်းရင်းသားတွေရဲ့ အသံတွေကို နားထောင်ပေးမယ်ဆိုရင်တော့ ဒီစစ်ပွဲတွေ ချုပ်ငြိမ်းနိုင်မယ်ပေါ့လေ။

မေး – ၂၀၂၀ရွေးကောက်ပွဲအလွန်မှာ ဗဟိုအစိုးရရော၊ ပြည်နယ်အစိုးရရော တိုက်ပွဲတွေရပ်ဖို့၊ တရားဥပဒေစိုးမိုးဖို့ ဘာကို ဦးစားပေးလုပ်သင့်တယ်လို့ အကြံပြုချင်ပါသလဲ။

ဖြေ – တိုက်ပွဲဖြစ်နေတဲ့ ပြည်နယ်တွေပေါ့လေ။ တိုင်းရင်းသားတွေရဲ့ အသံကို ဒီထက်ပိုပြီးမှာ နားထောင်စေချင်တယ်။ တိုင်းရင်းသားတွေရဲ့ ဆန္ဒအတိုင်း အတတ်နိုင်ဆုံးလိုက်လျောစေချင်တယ်။ ဒါဆိုရင် ငြိမ်းချမ်းရေးလည်း နီးစပ်လာမယ်လို့ မြင်ပါတယ်။

မေး – ကိုယ်သာဆိုရင် ငြိမ်းချမ်းရေးအတွက် ဘာကို အဓိက လုပ်ပေးချင်သလဲ။

ဖြေ – အဓိကတော့ လက်နက်ကိုင်အဖွဲ့အစည်းတိုင်းမှာ ကိုယ်ချင်းစာစိတ်ရှိဖို့က အဓိကပါပဲ။

မေး – ကိုယ်တိုင်လည်း တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ကြယ်ပွင့်ပြနဲ့ မေးခွန်းမေးခဲ့တယ်။ ဒါပေမယ့် လွှတ်တော်က ပယ်ချခဲ့တယ်။ ဒါက လက်နက်ကိုင်တိုက်ပွဲတွေကို ဘယ်လိုသက်ရောက်မှုမျိုးရှိနေမလဲ။

ဖြေ – လွှတ်တော်မှ ပယ်ချလိုက်ပြီဆိုကတော့ ဘာမှ မပြောမရ၊ ဘာမှမပြောတော့ တိုက်ပွဲတွေကလည်း သူတို့ဖြစ်ချင်တဲ့အတိုင်း ဖြစ်နေတာပေါ့။ လွှတ်တော်အနေနဲ့ ဘာမှ ပါဝင်ဆောင်ရွက်ပိုင်ခွင့်မရှိဘူးဆိုတဲ့ သဘောမျိုး ဖြစ်နေတာပေါ့။

မေး – ၂၀၁၀ ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာတဲ့ အခင်းအကျင်းနဲ့ ၂၀၁၅အလွန် ရွေးကောက်ပွဲအလွန်အခင်းအကျင်းမှာ ငြိမ်းချမ်းရေးမှ လွှတ်တော်ရဲ့ ပါဝင်ဆောင်ရွက်နိုင်မှုကို ဘယ်လိုရှုမြင်ပါသလဲ။

ဖြေ – ဒီပုတ်ထဲက ဒီပဲပါပဲ။ ဘာမှ ထူးခြားမသွားပါဘူး။ အရင်ကလည်း တိုက်ပွဲတွေ ဖြစ်နေတာပဲ။ အခုလည်း တိုက်ပွဲတွေက ရပ်မှ မသွားဘဲ၊ ဆက်ဖြစ်နေတာပဲလေ။ အခုအရပ်သားအစိုးရလက်ထက်မှာ တိုက်ပွဲတွေ ပိုပြီးတော့တောင် တိုးလာတယ်လို့ မြင်ပါတယ်။

မေး – ငြိမ်းချမ်းရေးအတွက် ၊ တိုက်ပွဲများရပ်တန့်ရေးအတွက်နဲ့ တရားဥပဒေစိုးရေးအတွက် ဖြည့်စွက်ပြောချင် သေးတာရှိရင် ပြောပေးပါ။

ဖြေ – အဓိကတော့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရယ် အစိုးရရယ် တပ်မတော်ရယ်ကို ပြောချင်တာကတော့ မိမိထိုးထားတဲ့ လက်မှတ်အတိုင်း သစ္စာရှိရှိ လိုက်နာကြဖို့ လိုပါတယ်။ အထက်လူကြီးတွေတင် လိုက်နာတာမျိုးမဟုတ်ဘဲ အောက်ခြေအဆင့်ဆင့်ကအစ လက်မှတ်ထိုးထားတဲ့အတိုင်း နားလည်သဘောပေါက်စွာနဲ့ လိုက်နာကြဖို့ လိုပါတယ်။

အားမီ(NMG) – မေးမြန်းသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here