“အဓိက ပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲနိုင်တဲ့ နိုင်ငံရေးသဘောတူညီချက်မျိုး မဟုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့ ပြည်တွင်းစစ်ကြီးကလည်း ဆက်လက်ပြီး ရပ်တန့်နိုင်သေးမှာ မဟုတ်သေးဘူး” ပဒိုမန်းမန်း( KNU တပ်မဟာ – ၅ ပြောခွင့်ရ )

0
418

KNU တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းနှင့် ဆက်သွယ်မေးမြန်းချက်

၂၃ ဒီဇင်ဘာ ၂၀၂၀

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် NCA စာချုပ်ပါ စည်းမျဉ်းစည်းကမ်းတွေကို တပ်မတော်မှ သတ်မှတ်နယ်မြေကျော်လွန်ရောက်ရှိလာပြီး စာချုပ်ချိုးဖောက်တယ်လို့ ဆိုကာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်မဲဝိုင်ဒေသမှာ KNU တပ်မဟာ(၅) နဲ့ ထိပ်တိုက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာလည်း ပစ်ခတ်ထိတွေ့မှုတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့နောက်ဆုံးခြေအနေကို တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – မဲဝိုင်ဒေသ နောက်ဆုံးအခြေအနေလေး ပြောပြပါခင်ဗျား။

ဖြေ – တပ်မတော်ဘက်က တပ်အင်အား သုံးနေရာလောက်ပေါ့နော်၊ စစ်ကြောင်းပုံစံမျိုး သုံးနေရာလောက် တက်လာတာမျိုး ကျွန်တော်တို့ ကြားသိရတယ်ပေါ့နော်။ နောက် အင်အားတွေကလည်း သူတို့ လုံခြုံရေး ယူတာတွေ တပ်လှုပ်ရှားမှုတွေ ပိုမိုလုပ်လာတာတွေ ရှိတယ်၊ နောက်ဒါတင်မက ဟိုတလောကဆို ခြိမ်းခြောက်ပစ်တာတွေ၊ ညဖက် ပစ်တာတွေ၊ လက်နက်ကြီးနဲ့ ခြိမ်းခြောက်ပစ်တာတွေ ဒါတွေလည်း သူတို့ ဆောင်ရွက်ခဲ့တာပေါ့နော် နောက်တစ်ခါ ရွာသားတွေကိုလည်း တာဆီးပိတ်ပင်မှုတွေ လုပ်လာတယ်ပေါ့လေ၊ ခုချိန်က ရွာသားတွေ စပါးရိတ်ချိန်ဖြစ်တဲ့အတွက်ကြောင့် အပြင်မထွက်ရ မသွားရ မလာရ အဲလို တားဆီးကန့်သတ် ပိတ်ပင်မှုတွေလည်း ရှိလာတယ်ပေါ့။

မေး – BGF အနေအထားကရော ဘယ်လိုရှိပါသလဲ။

ဖြေ- BGF ကတော့ နဂိုကတည်းက တပ်မတော်ရဲ့ လက်အောက်ခံဆိုတော့ ဒါကတော့ အသုံးချနိုင်တယ်လေ။ အဲလောက်တော့ ယေဘုယျပြောလို့ရပါတယ်၊ တော်တော်များများက ဒီ KNU နယ်မြေမှာဆို အရင်ကနဦးကတည်းက DKBA စပြီးတော့ KNU က ခွဲထွက်ပြီးကတည်းက ဒါကို မြန်မာအစိုးရ စစ်တပ်ကနေပြီးတော့ သူတို့ရဲ့ ဗျူဟာတစ်ရပ်အနေနဲ့ DKBA ကို KNU ကို ပြန်တိုက်ခိုက်ရတာတွေ နောက်တစ်ခါ BGF တပ်အသွင်ပြောင်းပြီးတဲ့နောက်မှာလည်း BGF ကို KNU ကို ပြန်တိုက်ခိုင်းတာတွေ နောက်တစ်ခါ DKBA ကို ပြန်တိုက်ခိုင်းတာတွေ အဲတာတွေက သူတို့ရဲ့ နည်းနာတွေပါပဲ။ ဒါကြောင့်မို့ ဒီဟာတွေကလည်း ကျွန်တော်တို့ သိပ်ပြီးတော့မှ ဒီဟာကို အထူးအဆန်းပြောလို့ မရဘူးပေါ့နော်၊ ဒါကတော့ သူတို့ရဲ့ လက်အောက်ခံ တပ်ဖွဲ့ ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ စေခိုင်းမှုက ရှိနိုင်ပါတယ်။

မေး- ဒီဇင်ဘာလ ၁၅ ရက် တပ်မတော် ထုတ်ပြန်ချက်အပေါ်မှာ ဘယ်လိုပြောချင်ပါသလဲ။

ဖြေ- အခြေခံအကြောင်းအရင်းကတော့ ကျွန်တော်တို့ ဒီ NCA စာချုပ်ပါပဲ NCA စာချုပ်ကနေပြီးတော့ စပြောရမှာ ဖြစ်တယ်။ NCA စာချုပ်က တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ဆက်လက်ဆွေးနွေးရန် ရှိသည်သာ ရှိပြီးတော့ တပ်ပိုင်းဆိုင်ရာ အရေးကြီးတဲ့ အခန်း (၃)မှာ ရှိတဲ့ အချက်တွေကို ဘာမှ ဆက်လက်ညှိနှိုင်းဆွေးနွေး မှုမရှိတဲ့အခါကျတော့ ကျွန်တော်တို့ ခုလိုမျိုး တိုက်ပွဲတွေ၊ ပစ်ခတ်မှုတွေ ပြန်ဖြစ်လာစရာ အခြေခံအကြောင်း အရင်းကတော့ အဲတာပါပဲ။ NCA စာချုပ် မထိုးခင်ကတည်းက Bilateral သဘောတူစာ ချုပ်ကို KNU နဲ့ စလက်မှတ်ထိုးခဲ့ကြပြီးတော့ တပ်စခန်းတွေကို ဆုပ်ပေးဖို့ ကျွန်တော်တို့ တင်ပြထားတာတွေရှိတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့ ဘယ်လမ်းကြောင်းကို သွားလို့ရတယ်၊ ဘယ်လမ်းကြောင်းက သွားလို့မရဘူး ဆိုတာ ဒီအပေါ်မှာ သတ်မှတ်ထားချက်တွေကို ကျွန်တော်တို့ ပေးပို့ပြီးတော့ တင်ပြထားပြီးလည်း ဖြစ်တယ်၊ အဲအပေါ်မှာမှ ကျွန်လာရင်တော့ ထိခိုက်မှုတွေ တိုက်ခိုက်မှုတွေ ထိပ်တိုက်ထိတွေ့မှုတွေရှိလာနိုင်တာပေါ့လေ။ အဲဒါကိုလည်း NCA စာချုပ်တင် ၄နှစ် ၅နှစ်ရှိပြီပေါ့နော်၊ နောက် Bilateral အပစ်အခတ်ရပ်စဲရေးဆိုလည်းပဲ ၇ နှစ် ၈ နှစ်လောက်ရှိပြီဆိုတော့လည်း ဒီအချိန်ထိတောင်မှ တပ်ပိုင်းဆိုင်ရာကိစ္စကို ဆက်လက်ဆွေးနွေးရန် ရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒီဟာတွေကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် စစ်တပ်ဖက်ကရော အစိုးရဖက်ကရော ဒီအပေါ်မှာ အခွင့်အကောင်းယူပြီးတော့ အုပ်ချုပ်ရေးနယ်မြေတိုးချဲ့တာတွေ နောက်စစ်ရေးအရ သူတို့ရဲ့ နယ်မြေစိုးမိုးရေး တိုးချဲ့လာတာတွေ ရှိလာတဲ့ အတွက်ကြောင့်မို့ ဒီတိုက်ပွဲတွေက ပြန်ဖြစ်လာရတာဖြစ်တယ်။ ဒီပစ်ခတ်မှုတွေ ပြန်ဖြစ်လာရတာဖြစ်တယ်။

မေး-တိုက်ပွဲရှောင်ပြည်သူ အရေအတွက် ဘယ်လောက်ရှိသွားပြီးလဲ။

ဖြေ-ကျွန်တော်တို့ ကြားသိရတာတော့ ရာဂဏန်းလောက်ပဲ။ ဒါပေမယ့် ကျွန်တော်တို့ မနေ့ တနေ့က ဒီမြို့နယ် ကျေးရွာတွေမှာ ပြန်လည် ကြားသိရတာကတော့ ထောင်ဂဏန်းရှိသွားပြီးလို့ သိရတယ်။ တချို့ ရာနဲ့ချီပြီးတော့ ကျေးရွာ မိသားစုတွေပေါ့နော် ကျေးရွာပေါင်း ဆယ်ရွာကျော်လောက်နဲ့ မိသားစုပေါင်း ရာနဲ့ချီပြီး ရှိတယ်လို့ပဲ ကျွန်တော်တို့ သိရပါတယ်။ အထူးသဖြင့် ကျေးနယ် နှစ်ခုပေါ့နော် ကျေးနယ်အုပ်စု မဲနေကျေးနယ်အုပ်စုနဲ့ မဲဖြူ ကျေးနယ်အုပ်စုဆိုတဲ့ အဲဒီအနီးနားက ကျေးနယ်အုပ်စုက ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေရှိရတာပေါ့

မေး- နှစ်ဖက်တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံညှိနှိုင်းမှုတွေ ဘယ်လိုရှိပါသလဲ။

ဖြေ- အတိုင်းအတာ တစ်ခုအထိကတော့ ကျွန်တော်တို့ တပ်ပိုင်းဆိုင်ရာ ကိစ္စတော့ ဆက်သွယ်ဆောင်ရွက်မှု မရှိပေမယ့် ဗဟိုက အတိုင်းအတာတစ်ခုအထိတော့လည်း NCA စာချုပ်လမ်းကြောင်းအတိုင်း ဖွဲ့စည်းထားတဲ့ တပ်ပိုင်းဆိုင်ရာ နှစ်ဖက်စုဖွဲ့မှုနဲ့ JMC သော်လည်းကောင်း၊ ဒါတွေကလည်း ဆက်လက်ညှိနှိုင်းဆွေးနွေးမှုကတော့ ရှိမှာပါ၊ အောက်ခြေမှာကတော့ နှစ်ဖက် တပ်ပိုင်းဆိုင်ရာ ဘယ်လိုဆောင်ရွက်မယ်ကတော့ မရှိသေးဘူး သို့သော်လည်းပဲ တစ်ဖက်နဲ့ တစ်ဖက် ဒီအပေါ်မှာ ကန့်ကွက်တာမျိုး ဒီအပေါ်မှာ ဗမာစစ်တပ်ဖက်ကလည်း ကျွန်တော်တို့ကို ကန့်ကွက်တာတွေ ရှိသလို ကျွန်တော်တို့ဖက်ကလည်းပဲ ကျွန်တော်တို့ JMC ကိုအခြေခံပြီးတော့ မှပဲ ပြန်လည်ပြီးတော့မှ တုံပြန်ကန့်ကွက်တဲ့ စာတွေလည်း ပေးပို့တာရှိပါတယ် အဲဒီလိုမျိုး အသွားအလာ ဆက်သွယ်ဆောင်ရွက်မှုမျိုးကတော့ တစ်ဖက်နဲ့ တစ်ဖက် ကန့်ကွက်တယ်လို့ပဲ ပြောရမှာပေါ့ဗျာ။ ဒီအပေါ်မှာ ကန့်ကွက်တဲ့ဟာတွေကတော့ ဆက်သွယ်ဆောင်ရွက်က စာပါးလာတာတော့ ရှိပါတယ်။

မေး – ဒီဇင်ဘာလ (၁) ရက် KNLA တောင်းဆိုချက်တွေ ရှင်းပြပေးပါလား။

ဖြေ – အထူးသဖြင့် စောစောက ကျွန်တော်ပြောသလိုပဲဗျ NCA စာချုပ်ပေါ်မှာ ပတ်သက်ရင်တော့ တစ်ဖက်နဲ့ တစ်ဖက် အပစ်အခတ်ရပ်စဲရေးလုပ်မယ်ဆို ကျွန်တော်တို့ လမ်းညွန်မှုဆိုတာ ထားရမှာပဲ နယ်မြေသတ်မှတ်ချက်ဆိုတာ ရှိရမှာပဲ အဲထဲက ကျွန်တော်တို့ တောင်းဆိုထားပြီးလည်းဖြစ်တယ် တောင်းဆိုချက်တွေအပေါ်မျာ ယနေ့ထက်အထိ အကောင်အထည်မဖော်တဲ့အခါကြတော့ ရှုတ်ထွေးမှုတွေ ပိုများလာတယ်ပေါ့ဗျာ ရှုတ်ထွေးမှုတွေ ပိုများလာတဲ့အခါကြတော့ နောက်ဆုံးအကြိမ်ဆိုတာပဲ ၂၀၂၀ ဒီဇင်ဘာလ (၁) ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ဒါကို သတိပေးလိုက်တာဖြစ်တယ် ဒါတွေကို ပြန်ဆုတ်ပေးဖို့ ဒါတွေကို ပြန်ဆွေးနွေးပေးဖို့ပေါ့ဗျာ အထူးသဖြင့် ပြန်ပြောရမယ်ဆိုရင်တော့ ဒီ NCA ထိုးပြီးတဲ့နောက်မှာမှ တပ်စခန်းတွေက မဆုတ်အပြင် ပိုမိုတောင် တိုးချဲ့လာတဲ့အခါကြတော့ ဒီအပေါ်မှာ လုံးဝမယုံကြည်နိုင်တော့ဘူးဆိုတဲ့ အပေါ်မှာပဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က သဘောထား ထုတ်ပြန်ခြင်းပဲ ဖြစ်ပါတယ်။

မေး – ရှေ့ဆက် ဘယ်လိုမျိုးတွေ ဖြစ်လာနိုင်လဲ။

ဖြေ – ရှေ့ဆက်အကောင်းဆုံးကတော့ တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းမှုတွေ လုပ်ရမယ် စောစောက ပြောတဲ့ NCA စာချုပ်ပါ အခန်း(၃) အချက်တွေကို နှစ်ဦးနှစ်ဖက် တပ်ပိုင်းဆိုင်ရာကိစ္စတွေ ကို ညှိနှိုင်းဆောင်ရွက်ပေါ့နော် တပ်နေရာ ချထားရေး၊ တပ်ပြန်ရုတ်သိမ်းရေးဆိုတာကိုတော့ အဓိက ပထမအဆင့်ဖြစ်တယ် ဒုတိယအဆင့်ကတော့ နိုင်ငံရေး ဆွေးနွေးမှု ကလည်း တိုးတက်အောင်မြင်ဖို့လိုတယ် နိုင်ငံရေးဆွေးနွေးမှုကလည်း တိုးတက်မှုမရှိဘူးဆိုရင်တော့ ဒီလိုများနှစ်ဖက် တပ်ပိုင်းဆိုင်ရာ ပစ်ခတ်မှုတွေတော့ ရှိလာနိုင်ဦးမှာပဲ ဒါကြောင့်မို့ အဓိက အချက်ကို ပြန်ပြောရမယ်ဆိုရင် နိုင်ငံရေးဆွေးနွေးမှုကိုလည်းပဲ တိုးတက်အောင်မြင်ဖို့ လိုပါလိမ့်မယ် အခုပြန်ကြည့်မယ်ဆိုလို့ရှိရင် စတုတ္ထအကြိမ်ရှိတဲ့ ၂၁ ပင်လုံကအစ ဒါဘယ်တော့မှ နိုင်ငံရေးရဲ့ ဆွေးနွေးမှုရလဒ် ဘာမှ မရဘူးလို့ပဲ ပြောရမှာဖြစ်တယ် ဘာဖြစ်လို့လည်းဆိုတော့ စတုတ္ထအကြိမ်ကနေ ထွက်ပေါ်လာတဲ့ ပြည်ထောင်စု သဘောတူညီစာချုပ်ဟာဆိုလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာပဲ ထွက်လာတဲ့အခါကြတော့ ငြိမ်းချမ်းရေးကလည်း ဘယ်လိုမှ ဆက်ပြီး အကောင်အထည်ဖော်လို့ မရနိုင်ဘူးပေါ့ဗျာ။ အဓိက ပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်၊ ဒါကလည်း တစ်နိုင်ငံလုံးသိတယ်ဖြစ်တဲ့အတွက်ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲနိုင်တဲ့ နိုင်ငံရေးသဘောတူညီချက်မျိုး မဟုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့ ပြည်တွင်းစစ်ကြီးကလည်း ဆက်လက်ပြီး ရပ်တန့်နိုင်သေးမှာ မဟုတ်သေးဘူးလို့ ကျွန်တော်တို့ အဲလိုပဲ ယုံကြည်ပါတယ်။

မေး-တိုက်ပွဲနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောပေးပါဦး။

ဖြေ – အဓိကတော့လည်း ခုပြောသလို ပထမတစ်ချက်က တပ်ပိုင်းဆိုင်ရာကိစ္စကို NCA စာချုပ် အပေါ်မှာ အခြေခံပြီးတော့ တပ်ရုတ်သိမ်းရေးနဲ့ တပ်နေရာ ပြန်လည်ချထားရေး နယ်မြေသတ်မှတ်ချက်တွေ လုပ်ဖို့လို တယ်၊ ဒုတိယအချက်ကတော့ နိုင်ငံရေး ဆွေးနွေးမှုအပေါ်မှာ အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးဆွေးနွေးမှု ဖြစ်ဖို့လိုတယ်။ အဲလောက်ပဲ ကျွန်တော်တို့ ချုပ်ပြောရမှာဖြစ်ပါတယ်။

ဗညားအောင်(MNA) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here