DKBA-ဒုစစ်ဦးစီးချုပ် ဗိုလ်ဘိနှင့် ဆက်သွယ်မေးမြန်းခြင်း

0
286

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA-(ခွဲထွက်) အဖွဲ့ဝင် ၁၁ ဦးသည် လက်နက် ၁၃လက်နှင့်အတူ ယခုလ ဇန်နဝါရီ ၁၇ ရက်နေ့က မြဝတီ အခြေစိုက် အစိုးရ တပ်မတော်ထံသို့ သွားရောက်ကာ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ခဲ့ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မြဝတီမြို့နယ်၊ နယ်မြေခံ တပ်ရင်းခန်းမ၌ ကြိုဆိုနှုတ်ဆက်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ DKBA ၏ ဒုတိယ စစ်ဦးစီးချုပ်ဖြစ်သူ ဒုဗိုလ်ချုပ်ကြီး စောတိုင်းရွှေ(ခ) ဗိုလ်ဘိအား ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

ကေအိုင်စီ။ ။ DKBA တပ်ဖွဲ့ဝင် ၁၁ ဦး အစိုးရတပ်မတော်ဆီကို လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြောပြပါအုံး ။

ဗိုလ်ဘိ ။ ။   ဒီကလေးတွေပြန်တာက ကြာပြီဖြစ်ပါတယ်။ ပထမက တပ်မဟာ (၅) (ကေအဲန်ယူ တပ်မဟာ ၅)ဘက်ကို ပြန်တယ်။ အဲဒီကနေ တစ်ဆင့် ဖူးမိုရှေး( ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ( DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး)ဆီကို ပြန်သွားတာက သူတို့ မိတ်ဆွေတွေပဲ အဲလိုတွက်ပြီးတော့ အတူပြန်နေဖို့ ပြန်သွားတာဖြစ်ပါတယ်။ သူတို့ ပြန်သွားတာ လက်နက်ခဲယမ်းတစ်ခုမှ မပါဘူးလို့ ကျနော် သိရပါတယ်။ အရပ်ဝတ်နဲ့ပဲ ပြန်သွားကြတယ်။ ဘာကြောင့် လက်နက်ခဲယမ်းတွေပါမသွား လဲဆိုတာကတော့ ဖိုးမိုရှေးဆီပြန်သွားရင် အရင်ကလိုပဲ လက်ခံကြိုဆိုမယ်။ အရင်ကလည်း သူတို့ရဲ့ခေါင်းဆောင်ပဲလေ ။ အခု အစိုးရ တပ်ထံ အပ်လိုက်တာကတော့ ကျနော်တို့နဲ့ ဆက်စပ်မှုရှိတဲ့အတွက် သူတို့ တာဝန်ယူမရဲတာဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။

လက်နက်တွေ ပေးပြီးတော့ အစိုးရတပ်ဆီကို လွှဲအပ်လိုက်တာက လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်တယ်ဆိုတဲ့သဘောပေါ့။ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်တယ်ဆိုတာ ကျနော်တို့မှာ လုပ်လေ့လုပ်ထမရှိပါဘူး။ ဒါကလည်း မှန်ကန်တဲ့ အလုပ်မဟုတ်ပါဘူး။ ကလေးတွေက မသိနား မလည်လို့၊ သူများတွေပြောသလို လက်ခံတာဖြစ်ပါတယ်။ ဝေဖန်ပိုင်းခြားနိုင်လောက်တဲ့ ခေါင်းဆောင်တစ်ယောက်မှ မရှိဘူး။ သူများနောက်ကို လိုက်တဲ့ ကလေးတွေပဲ ရှိပါတယ်။ အားလုံးက ဦးဆောင်မှုလုပ်တဲ့ ခေါင်းဆောင်တွေပဲလိုပါတယ်။ တည့်တည့်ပြောရရင် ကိုယ့်ကလေးတွေကို ပြန်ပြီး ယုယလို့ မရလို့၊ တာဝန်ယူလို့မရဲလို့ အခုလို အစိုးရတပ်ဆီကို အပ်လိုက်တာဖြစ်ပါတယ်။

ကေအိုင်စီ ။ ။ အရင်က ပြန်လာတာ အဖွဲ့ဝင် ၃ဝ ကျော်ပါရှိတယ်လို့ ကြားသိရတယ်။ အခုဘယ်လိုဖြစ်လို့ ၁၁ဦးပဲ ကျန်ရှိသွားတာလဲ။

ဗိုလ်ဘိ။  ။ ကျနော်တို့ကြားသိရတာကတော့ အစိုးရကို အပ်ဖို့လုပ်တဲ့အခါမှာ အချို့ကလေးတွေက ထွက်ပြေးသွားတာရှိပါတယ်။ အချို့ဆို သူ့အသိမိတ်ဆွေတွေဆီကို ပြန်ရောက်တယ်။ အချို့ကတော့ အဆက်အသွယ်မရှိဘူး။ ကျန်တဲ့အဖွဲ့က ဘာမှ မလိုအပ်ဘူးလို့ ထင်ကြပြီးတော့ ကျန်ရစ်တာဖြစ် တယ် ထင်ပါတယ်။ ကျနော်တို့ ကြားတာက ပြန်လာတဲ့သူတွေကို အပ်မလား။ ခင်ဗျားတို့ အဖွဲ့အစည်းနဲ့လဲလှယ်မလားဆိုတာ အစိုးရက သူတို့ကို အကြပ်ကိုင်တာရှိတယ်။ ကျနော်တို့က ခေါင်းဆောင်ဖြစ်တယ်ဆိုရင် ဒီကလေးတွေကို တာဝန်ယူရဲရမယ်။ စိုးရိမ်စရာမရှိဘူး။ တာဝန်အ ပြည့်အဝ ယူရဲတယ်ဆိုရင် ဒီဟာတွေဘယ်လိုမှ ဖြစ်ပေါ်လာစရာအကြောင်းမရှိဘူးလို့ ကျနော်တို့က မြင်ပါတယ်။

ကေအိုင်စီ ။ ။ စောစောက ဗိုလ်ချုပ်ပြောတာက ဒီအဖွဲ့က ပြန်လာတာ တော်တော်ကြာနေပါပြီ။ ဘာဖြစ်လို့ အခုမှ ဒီကိစ္စတွေ ဖြစ်ပေါ်လာသလဲ နည်းနည်းရှင်းပြလို့ရမလား။

ဗိုလ်ဘိ။ ။ ဒါက ဒီလိုရှိပါတယ်။ ဒီကလေးတွေကို သူတို့ ကောင်းကောင်းလက်မှတ်ထုတ်ပေး၊ ရိုက်ပေးထားတယ်လို့ ကြားရတယ်။ ပြီးတော့ လက်ခံတယ်။  အစိုးရဘက်က ဒီကိစ္စကိုလက်မ ခံနိုင်ဘူးလေ။ တကယ်ပြန်ကြည့်မယ်ဆိုရင် လူတွေကြီးသာ အပ်တာမဟုတ်ဘူး။ လက်နက်ခဲယမ်း တွေကိုလည်း အလကား ထုတ်ပေးရသေးတယ်။ အမှန်က ဟိုးဒီကေဘီအေ အထိမ်းအမှတ်နေ့က တည်းက အပ်ပေးရမယ်။ ကလေးတွေသိတဲ့အခါကျတော့ အချို့ကလေးတွေ ထွက်ပြေးသွားတာရှိတယ်။ အဲလို ထွက်ပြေးတဲ့ အတွက် ကျန်တဲ့လူတွေကိုတော့ အကြပ်ကိုင်မှုတွေတော့ ဖြစ်ပေါ်လာမယ်။ ကျန်တဲ့လူတွေကလည်း ဘာမှမသိတဲ့အခါကျတော့ အဆင်ပြေတဲ့လမ်းကြောင်းတစ်ခုကို ပြောပြီး လက်နက်ခဲယမ်းတွေနဲ့ထုတ်ပေးပြီး ဒီလို လုပ်ပေးလိုက်တာဖြစ်လိမ့်မယ်။ ကတိကဝတ်ပေးထားတာရှိပြီးဆိုတဲ့အပေါ်မှာပေါ့။

ကေအိုင်စီ ။ ။ အခုဖြစ်ပေါ်လာတဲ့ ကိစ္စတွေက တာဝန်ရှိသူတစ်ဦးအနေနဲ့ အများပြည်သူတွေကို ဘာအသိပေးချင်လဲ။

ပြည်သူလူထုကပဲဖြစ်ဖြစ်၊ ရဲဘော်တွေကိုပဲဖြစ်ဖြစ် ကျနော်ပြောချင်တာက ကျနော်တို့ မိတ်ဆွေတော့တော့ မိတ်ဆွေပါပဲ။ ကျနော်တို့ သွားတဲ့လမ်းကြောင်းက မတူညီတော့တဲ့ အတွက်ကြောင့် ပြည်သူတွေက သိပါလိမ့်မယ်။ ရဲဘော်တွေလည်း သိစေချင်ပါတယ်။ ကျနော်တို့နေတဲ့ ခေါင်းဆောင်ရဲ့ အရိပ်အာဝါသ အောက်မှာ နေလို့ရမရ၊ ကျနော်တို့ကို ဆက်လက်တာဝန်ယူမှု ရနိုင်မရနိုင်ဆိုတာက အဲဒါကို သူတို့သိရှိပြီးတော့ အဖြေပေါ်လာလိမ့်မယ်လို့တော့ ကျနော်ထင်ပါတယ်။

ကျနော်တို့ကတော့ ကလေးတွေအားလုံးကို နှမြောမိပါတယ်။ အားလုံးက ကလေးတွေတစ် ယောက်မှ အပြစ်မရှိဘူး။ ခေါင်းဆောင်ကပဲ လိုအပ်ပါတယ်။ ဘယ်အဖွဲ့ပဲ ပြန်ပြန် ကေအဲန်ယူပဲဖြစ်ဖြစ်၊ ဒီကေဘီအေ ပဲဖြစ်ဖြစ် အားလုံးက ကျနော်တို့ ကလေးတွေပါပဲ။ တကယ်ပီသတဲ့ခေါင်းဆောင်ဆိုရင် ဒီလောက်နဲ့တော့ အခက်အခဲမရှိနိုင်ပါဘူး။ သူထမ်းရွက် နိုင်ပါတယ်။ အရမ်းလေးပင်တဲ့ ကိစ္စမဟုတ်ပါဘူး။ ကျနော့်တစ်ယောက်အနေနဲ့သာဆိုရင် ဘာပြဿနာမှ မရှိဘူး။

ကေအိုင်စီ ။ ။ ဘာများ ဖြည့်စွက် ပြောချင်သေးလဲ။

ဗိုလ်ဘိ။ ။ ဒီကိစ္စကို ကျနော်အပြစ်မမြင်ပါဘူး။ သူတို့က ကလေးတွေပဲလေ။ အခြေအနေကောင်းလာရင် သူတို့ကို ကျနော်လက်မလွတ်ပါဘူး။ ကျနော့်ရဲ့ ကရင်လူမျိုးတွေအားလုံးပါ။ ကျနော့်ရဲ့ ရန်သူမဟုတ်ပါ။ ကျနော်ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော့်မှာလည်း ခေါင်းဆောင်မှုအပိုင်းမှာ အားနည်းချက်အချို့ရှိပါတယ်။ ကျနော်တို့ကို တိုက်ခိုက်ပစ်ခတ်နေတဲ့အဖွဲ့တွေလည်း များတယ်ဆိုတာ သိမှာပါ။ အဲဒါကြောင့် မတတ်နိုင်ဘူး။ ဒါတွေက ပြန်ကြည့်မယ်ဆိုရင် ကိုယ်စီမှာ အားနည်းချက်အနည်းငယ်စီ ရှိပါတယ်။ ရှေ့ဆက်အနာဂတ်မှာ ကျနော်တို့ပြန်လည် ပြန်လည် စည်းလုံးနိုင်ဖို့ ကျနော်တို့အားလုံးမှာ ကိုယ့်ကိုယ်ကို နှိမ့်ချရမယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here