SSPP ထိန်းချုပ်နယ်မြေအတွင်း သက်ငယ်မုဒိမ်းမှုကျူးလွန်သူအား သေဒဏ်ချမှတ်

0
194

ဒီဇင်ဘာလ ၂၄ ရက်။ ၂၀၂၀ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်း၊ လူသတ်မှုနှင့် ပတ်သက်၍ တရားခံအား ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ဗဟိုတရားရုံးမှ သေဒဏ်ချမှတ်လိုက်သည်။

ဒီဇင်ဘာလ ၉ ရက်နေ့က သီပေါမြို့နယ်၊ ဝမ်နောင်ကျေးရွာအုပ်ဟု ဝမ်နွတ်ကျေးရွာတွင် တရားခံ အိုက်စော့ သည် အသက် (၆) နှစ်အရွယ် အမျိုးသမီးကလေးငယ်တစ်ဦးအား မုဒိမ်းကျင့်ပြီး ရွာအရှေ့ဘက်ရှိ လျှိုမြောင် ထဲသို့ ပစ်ချခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဗဟိုတရားရုံ ဥပဒေအရာရှိ စိုင်းအူဟိန်း က “နောက်ဆုံးအခြေအနေက မနေ့တုန်းက ဥပဒေကြောင်းအရ သေဒဏ်ပေးဖို့ ဆုံးဖြတ်ထားပြီးပြီဗျ။ လုပ်ထုံးလုပ်နည်းအရ သေဒဏ်ပေးဖို့ပဲ ကျန်တော့တယ်။ အခုက သေဒဏ်ပေးဖို့ပဲ ကျန်တယ်ဗျ၊ တရားခံဘက်ကနေ အယူခံတွေ တင်လာတာတွေ မရှိတော့ဘူးဆိုတော့ သေဒဏ်ပေးဖို့ပဲ ကျန်တယ်။ တကယ်လို့ သူ့ဘက်က အယူခံတွေတင်လာတယ်၊ ချေပ တာတွေရှိလာတယ်ဆိုရင်တော့ ကျနော်တို့ တမျိုးပြန်စဉ်းစားပြီး တရားရုံးမှာ ပြန်စစ်ရမှာဟုတ်တယ်။ အခုက အယူခံလည်းမတက်ဘူး။ သူကိုယ်တိုင်လည်း တရားသူကြီးရှေ့ ဖြောင့်ချက်ပေးထားတယ်ဆိုတော့ သေဒဏ်ပေး ဖို့ပဲ ရှိတော့တယ်ဗျ။ သေဒဏ်ပုံစံက ကျနော်တို့ဥပဒေရေးရာပဲလေနော်။ ကျန်တာအကျဉ်းဌာနက ဆက်ပြီးစီစဉ် သွားမှာပါ” ဟု ပြောသည်။

“ပြစ်မှုကလည်း ထင်ရှားတယ်။ သက်သေအထောက်အထားတွေလည်း စနစ်တကျပဲ ထင်ရှားတယ်ဗျ။ ကျနော် တို့ တွေ့ရှိရတာက ပထမတစ်ခုက အသက်အရွယ်မပြည့်တဲ့ ၆ နှစ်အရွယ် ကလေးကို ကာမ ဆက်ဆံဖို့ အကြံနဲ့ လိမ်လည်ဖျားယောင်းပြီး ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ မုဒိမ်းကျင့်တယ်။ ကာမနှောက်ယှက်မှုပြုတယ်။ ပြီး ရင် အဲ့ကလေးကိုလည်း သတ်တယ်ပေါ့နော်။ အဲ့ကလေးကို လည်ပင်းလည်းညှစ်ထားတယ်။ အဲ့ဒါကြောင့်မို့လို့ လက်ရာတွေဘာတွေလည်းရှိတယ်။ သက်သေအထောက်အထားတွေလည်းရှိတယ်။ မျက်မြင်သက်သေ တချို့ လည်း ရှိတဲ့အတွက်ကြောင့် ပြစ်မှုထင်ရှားတယ်။ ကလေးကကျတော့ အသက်က ၆ နှစ်ပဲ ရှိသေးတယ်ခင်ဗျ။”

ယခုကဲ့သို့သော သက်ငယ်မုဒိမ်းမှုမျိုး ယခင်က SSPP/SSA ၏ ထိန်းချုပ်နယ်မြေအတွင်း မရှိခဲ့ကြောင်း၊ ယခု ပြစ်မှုသည် ဒေသ၏ ဥပဒေစိုးမိုးရေးအပြင် လူ့အသိုင်းအဝိုင်းတစ်ခုလုံးအား ခြိမ်းခြောက်သည့် ပြစ်မှုတစ်ခု ဖြစ် ကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ ဗဟိုတရားရုံးအနေဖြင့် သေဒဏ်ချမှတ်ရခြင်းဖြစ်သည်ဟုလည်း စိုင်းအူဟိန်း က ဆက်ပြောသည်။

“ကလေးမုဒိမ်းက ယခင်က မရှိခဲ့ဘူး။ ဒီဟာက ပထမဆုံးအကြိမ်ပါ။ ဒါက သက်ငယ်မုဒိမ်းမှုဖြစ်နေတဲ့ အတွက် ကြောင့် ကျနော်တို့ ဒေသမှာ တော်တော်ဆိုးဆိုးဝါးဝါး ဥပဒေစိုးမိုးရေးကိုလည်း ထိခိုက်တယ်။ ဒေသတည်ငြိမ် ရေးကိုလည်း ထိခိုက်တယ်။ ပြီးရင် ကျနော်တို့ရဲ့ လူ့အသိုင်းအဝိုင်းကိုလည်း ခြိမ်းခြောက်တဲ့ ပြစ်မှုဖြစ်တ့ဲအတွက် ကြောင့် သေဒဏ်ပေးလိုက်တာပါဗျ။”

SSPP/SSA အနေဖြင့် အမှုစစ်ဆေးရာတွင်လည်း “လူထုတွေရှေ့မှာ စီရင်တယ်ခင်ဗျ။ တရားခံဘက်ကလည်း မိဘတွေလည်း တက်ရောက်တယ်။ တရားလိုဘက်က မိဘတွေလည်း တက်ရောက်တယ်။ ပြီးရင် ဒီအမှုကို မြင်တဲ့ ရပ်မိရပ်ဖတွေလည်း တက်ရောက်တယ်။ အဲ့မှာ သက်သေတွေ အကုန်တင်ပြပြီးတော့မှ ဒီလိုမျိုး ဆုံး ဖြတ်တာပါခင်ဗျ။ လူထုရှေ့မှာ ဆုံးဖြတ်တာပါခင်ဗျ” ဟု စိုင်းအူဟိန်း က ဆက်ပြောသည်။

တရားခံ အိုက်စော့သည် အသက်မပြည့်သေးသူအား မုဒိမ်းကျင့်သည့်အတွက် သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းပြု ကျင့် ပြီးနောက် အသက်သေစေသည်အထိ လုပ်ကြံသတ်ဖြတ်ခဲ့မှုကြောင့် လူသတ်မှု စသည့် အမှုနှစ်မှုအား ကျူးလွန် သည့်အတွက် SSPP ဗဟိုတရားရုံးမှ သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ဒီဇင်ဘာလ ၂၂ ရက်နေ့ က ထုတ် ပြန်ထားသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲ က “ဒီလိုမျိုးရက်စက် ကြမ်းကြုတ်ပြီးတော့ အထူးသဖြင့် ကလေးဆိုပိုဆိုးတာပေါ့နော်။ ဒီလိုမုဒိမ်းမှုတွေကို သေဒဏ်ချမှတ်ဖို့ လိုလို လားလားတောင်းဆိုခဲ့တယ်။ ဒါပေမယ့် ဥပဒေအရ ထောင်ဒဏ်အနှစ် နှစ်ဆယ်တို့ ဘာတို့ညာတို့ချမှတ်ခဲ့တယ်။ တချို့ဆိုလည်း နှစ်နှစ်ဆယ်ကနေ ခုနှစ် နှစ်၊ ရှစ် နှစ်တို့ လျော့သွားတာပေါ့နော်။ တရားမျှတမှုမရှိဘူးပေါ့နော်။ အခု ဒီလိုမျိုး သေဒဏ်ချမှတ်ပေးတာတော့ တော်တော်လေး ကောင်းတဲ့ မူပေါ်လစီတစ်ခု ဥပဒေ တစ်ခုဖြစ် တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် နောက်လူတွေ ဒါမျိုးမလုပ်အောင် သင်ခန်းစာပေးသလိုဖြစ်တာပေါ့။ တကယ့် လက်တွေ့မှာ လုပ်ပြနိုင်ရင်တော့ ဒါမျိုးတွေ လျှော့ကျနိုင်မယ်လို့ ယုံကြည်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ SSPP/SSA ဗဟိုတရားရုံးမှ သေဒဏ်ချမှတ်လိုက်ခြင်းသည် မုဒိမ်းမှုများကို လျှော့ကျ စေနိုင်သည် သာမက SSPP/SSA ၏ မူပေါ်လစီနှင့် ဥပဒေသည်လည်း ကောင်းမွန်သည့် ဥပဒေတစ်ခုဖြစ်သည်ဟု နော်ဆဲဆဲ က ပြောသည်။

အစိုးရ၏ တရားစီရင်ရေးနှင့် တိုင်းရင်းသားလက်နက်ကို်င်အဖွဲ့များ၏ တရားစီရင်ရေး နည်းစနစ်များကွာခြားပုံကို လည်း နော်ဆဲဆဲက ယခုကဲ့သို့ သုံးသပ်သည်။

“တရားစီရင်ရေးက အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေက အထူးသဖြင့် ကျမနဲ့အနီးစပ်ဆုံး KNU တိုင်းရင်း သားလက်နက်ကိုင်တွေက ပိုပြီး တရားမျှတမှုအပိုင်းသွားတယ်။ ဒီလိုမျိုးတရားရေးက ဘက်လိုက်ပြီး မလွတ် လပ်တဲ့ အပိုင်းသိပ်မရှိဘူးပေါ့နော်။ အစိုးရကတော့ ဥပဒေအရကလည်း တရားစီရင်ရေးက ကန့်သတ်ချက်တွေ ရှိသလို၊ တရားစီရင်ရေးဌာနကလည်း စနစ်တကျ မရှိတဲ့အပြင် ဒီလိုမျိုး တရားမျှတပြီးတော့ ဘက်မလိုက်တဲ့ တရားစီရင် ရေးလိုမျိုးသွားတာ သိပ်မရှိဘူးပေါ့နော်။ ကျမတို့ ပြောရဲတယ် တရားစီရင်ရေးအပိုင်းတွေက တော် တော် ကွာတယ်။ တရားစီရင်ရေးမှာ လက်နက်ကို််င်တွေက အစိုးရထက်ကောင်းမွန်တယ်။ အကုန်လုံးကောင်း တယ်လို့ မဆိုလိုဘူးနော်။ ယှဉ်ကြည့်မယ်ဆိုရင်တော့ ပိုသာတယ်။”

SSPP/SSA ၏ ထိန်းချုပ်ဧရိယာအတွင်း ယခုကဲ့သို့ သက်ငယ်မုဒိမ်းမှုအပြင်၊ လူမှုအသိုင်းအဝိုင်းအား ကြီးကြီး မားမားခြိမ်းခြောက်မှုများနှင့် စစ်ဥပဒေအရ ဖောက်ဖျက်သည့် အမှုများအား ယခုကဲ့သို့သော သေဒဏ်ပေးသည့် ပြစ်ဒဏ်များ ချမှတ်သည်ဟု စိုင်းအူဟိန်း က ပြောသည်။

“သာမန်အားဖြင့်ကတော့ ကျနော်တို့ စစ်ဥပဒေအရ ချိုးဖောက်တာတွေဆိုရင် စစ်ဥပဒေအရ ဖောက်ဖျက်တာ တွေဆိုရင်လည်း သေဒဏ်ချမှတ်တာတွေ ရှိတယ်ဗျ။ နောက် အရပ်သားတွေအနေနဲ့ကတော့ လူမှုအသိုင်း အဝိုင်းကို ခြိမ်းခြောက်မှု ဖြစ်စေနိုင်တဲ့ ကြီးကြီးမားမားအမှုတွေကို သေဒဏ်ချမှတ်တယ်ခင်ဗျ။”

SSPP/SSA အဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဌာနချုပ်တည်ရှိပြီး ယခု သက်ငယ် မုဒိမ်းမှု ဖြစ်ပွားခဲ့သည့် သီပေါမြို့နယ်အပါအဝင်၊ ကျောက်မဲ၊ မိုင်းရှုး ၊နမ့်ခန်း၊ လန်ခို၊ ကျေးသီး၊ တန့်ယန်း၊ လား ရှိုး စသည့် ဒေသများတွင် သွားလာလှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here