စောင့်ကြည့်ရဦးမည့် ကချင်စစ်ရှောင်တို့ နေရပ်ပြန်ချိန်

0
160

ဒီဇင်ဘာလ ၂၄ ရက်နေ့။ ၂၀၂၀ ခုနှစ်။

ကချင်တစ်ကျော့ပြန်စစ်ပွဲ ၁၀ နှစ်ပြည့်လာချိန် စစ်ပြေးဒုက္ခသည်များသည် ကာလကြာ စွန့်ပစ်ခဲ့ရသော ၎င်းတို့၏ မူလမြေယာဆုံးရှုံးသွားမည်ကို စိုးရိမ်သောကြောင့် ပုံစံနည်းမျိုးစုံဖြင့် နေရပ်ပြန်ရန် စီစဉ်နေကြပြီဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး သဘောတူချုပ် ချုပ်နိုင်ခြင်းမရှိသေးသလို စစ်ရှောင်များနေရပ်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက်လည်း လုံလောက်သော ထောက်ပံ့မှု မရရှိသေးသည်ကို တွေ့ရသည်။

လက်ရှိနေရပ်ပြန်ရေးအစီစဉ်ကို ကချင်စစ်ဘေးရှောင်ပြည်သူများကူညီစောင့်ရှောက်ရေးကော်မတီ KHCC နှင့် အစိုးရတို့က မတူညီသော ထောက်ပံ့ကူညီမှုများဖြင့် ကိုယ်စီဖော်ဆောင်နေကြသည်။

နေရပ်ပြန်မည့်စစ်ရှောင်များ အကျိုးခံစားမှုချင်း မတူကြ

KHCC အစီစဉ်ဖြင့် KBC နှင့် KMSS (ကရုဏာ) တို့က အိမ်ထောင်စုတစ်ခုလျှင် သိန်း ၄၀ ဝန်းကျင်ကုန်ကျကာ နေအိမ်ဆောက်လုပ်နေပြီး၊ တရုတ်ထောက်ပံ့ငွေဖြင့် အစိုးရစီမံဆောင်ရွက်မည့် ကျေးရွာများတွင် တစ်အိမ်ထောင်လျှင် သိန်း ၇၀ ခန့် ကုန်ကျကာ ဆောက်လုပ်ပေးမည်ဖြစ်သည်။

နေရပ်ပြန်မည့် စစ်ရှောင်ချင်းတူ အကျိုးခံစားမှု မတူညီသောကြောင့် စိတ်ဝမ်းကွဲမှုများရှိနေသည်ဟု KHCC ဥက္ကဌ Rev.Dr.Hkalam Samson က ပြောသည်။

“ရရှိတဲ့ အကျိုးခံစားမှုချင်းမတူလို့ စစ်ရှောင်ထဲမှာတင် စိတ်မကောင်းဖြစ်ကြတယ်။ ဥပမာ အစိုးရမှာတောင် နတလ ဦးဆောင်ပြုလုပ်ထားတဲ့ ဆဒုံးမှာဆောက်လုပ်ထားတဲ့နေရာဆို သိန်း ၇၀ လောက် ပျမ်းမျှရှိတယ်။ KMSS နဲ့ ကျနော်တို့ KBC က တူညီကြတယ်။ ကျနော်တို့က ဆွေးနွေးပြီးလုပ်တာကို။ သိန်း ၄၀-၅၀ ကြားလုပ်ဖို့အတွက် သဘောတူထားကြတယ်။ ဒါကြောင့် စစ်ရှောင်တွေအတွက် တူညီစွာ ခံစားမှုရှိစေဖို့နဲ့ စိတ်ဝမ်းကွဲစရာတွေ မဖြစ်ဖို့ ဆိုရင်တော့ ဆွေးနွေးမှုတွေ အရမ်းလုပ်ရမယ်။” ဟု ပြောသည်။

KBC သည် ဂျပန်နိပွန်ဖောင်ဒေးရှင်း၏ ထောက်ပံ့ငွေကြေးဖြင့် နေရပ်ပြန်ရေးကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ထို့အပြင် စီမံကိန်းအတိုင်းစောင့်ဆိုင်းကာ နေရပ်ပြန်ရန်အဆင်မပြေသောသူများကို KBC က ကျပ် ၅ သိန်းချက်ချင်းပေးကာ နေရပ်ပြန်စေသည့် အစီစဉ်လည်းရှိကြောင်း သိရသည်။

တနိုင်းမြို့ပေါ်ရှိ စစ်ရှောင်အချို့ကို KMSS က လွန်ခဲ့သော အောက်တိုဘာလတွင် မြို့အနီး ကင်ဆားရပ်ကွက်တွင် ပြန်လည်နေရာချထားပေးခဲ့ရာ ရေတွင်းနှင့် အိမ်သာမပါဘဲ တစ်အိမ်ထောင်လျှင် ၃၈ သိန်းခန့် ကုန်ကျခဲ့ကြောင်း သိရသည်။

“အလှူရှင်တွေနဲ့ စစ်ရှောင်တွေပေါင်းပြီး လုပ်ဆောင်တာဖြစ်တယ်။ ဒိုနာတစ်ခုတည်းကပဲ ဒါလုပ်ဆိုပြီး လုပ်နေတာမဟုတ်ဘူး။ ၉ လအထိ WFP နဲ့ KMSS က ပေးထားတယ်။ တစ်လကတော့ အစိုးရထောက်ပံ့ပေးထားတယ်။ စတင်ပြန်လည်နေရာချထားတဲ့အခါ စိုက်ပျိုးရေးလုပ်ဖို့ မျိုးစေ့နဲ့ ပေါက်ပြား စတာတွေပေးတယ်။ လစဉ်တစ်ယောက်ကို ၂ သောင်းပေးတယ်။ အစိုးရဘက်ကတော့ ၂၀၂၁-၂၀၂၂ ဧက ၂၅၀ မြေယာဖော်ထုတ်ပေးမယ်လို့ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး က ပြောတယ်။” ဟု တနိုင်းမြို့ရှိ စစ်ရှောင်များကိုကူညီပေးနေသူ ဆရာနော်တောင် က ပြောသည်။

KHCC က ဦးဆောင်ပြုလုပ်နေသော နေရပ်ပြန်ရေးအစီစဉ်တွင် တစ်အိမ်ထောင်လျှင် သိန်း ၄၀ ခန့်ကုန်ကျသော်လည်း အစိုးရက လုပ်ဆောင်မည့် ဒဘတ်၊ တာလောကြီး နှင့် နမ်ဆန်ယန် ကျေးရွာ ၃ ခုတွင် တစ်အိမ်ထောင်လျှင် သိန်း ၇၀ ခန့် ကုန်ကျကာ ဆောက်လုပ်ပေးမည်ဖြစ်သည်။ ပြန်လည်မွမ်းမံရန် လိုအပ်သော နေအိမ်များကိုမူ သိန်း ၂၀-၃၀ ကြား အသုံးပြုမည်ဟု ဆိုသည်။

အဆိုပါကျေးရွာ ၃ ရွာအတွက် နေရပ်ပြန်ရေးအစီစဉ်တွင် တရုတ်နိုင်ငံကထောက်ပံ့သော ယွမ် ၄ သန်းကို အသုံးပြုမည်ဖြစ်သောကြောင့် KHCC နဲ့ ပုံစံတပြေးညီဖြစ်ရန် အဆင်မပြေကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှုး ဦးဇော်ဇော် က ပြောသည်။

“ဆရာတို့ကတော့ အဆောက်အဦးသစ်အတွက် သိန်း ၇၅-၇၀ ပတ်ဝန်းကျင်လောက်ကုန်မယ်လို့ တင်ထားတယ်။ ဆရာတို့က ယွမ် သန်း ၂၀၀ အစီမံနဲ့လုပ်မှာဖြစ်တဲ့အတွက် အိမ်ပုံစံကို ပြောင်းလို့ မရဘူး။ KBC ကတော့ နိပွန်ဖောင်ဒေးရှင်းအကူအညီနဲ့ ဆောက်တာဖြစ်တဲ့အတွက် သူ့ပုံစံနဲ့ သူသွားတာ။ ဒါကို တပြေးညီဖြစ်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။” ဟု ဦးဇော်ဇော်က ပြောသည်။

အစိုးရက လုပ်ဆောင်မည့် တာလောကြီးကျေးရွာ အိမ်ထောင်စု ၅၉ စုအတွက် ယွမ် ၁.၆၈၅ သန်း သုံးစွဲရန် အဆိုပြုခဲ့သော်လည်း ယွမ် ၉ သိန်းသာရသောကြောင့် ကျေးရွာအတွက် ရေ မီးစနစ်ကိုသာ စီစဉ်ပေးမည်ဖြစ်ကာ လမ်းနဲ့ အခြားလိုအပ်မှုများကို နောက်မှ ပြန်လည်ဆောင်ရွက်ပေးမည်ဟု သူက ဆက်ဆိုသည်။

နမ်ဆန်ယန်ကျေးရွာအတွက် အိမ်ထောင်စု ၉၈ စုမှာ ၂၀၁၉ ကတည်းက နေရပ်ပြန်နှင့်သောသူများဖြစ်သည်။ ဒဘတ်ကျေးရွာတွင်လည်း အိမ်ထောင်စုအသစ် ၃၄ စု ပါဝင်သည်။

နေရပ်ပြန်မည့် ကျေးရွာ ၁၇ ရွာ ထက်မက ပိုများလာ

ကချင်စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေးကော်မတီ KHCC က ကနဦး ကျေးရွာ ၁၇ ရွာကို နေရပ်ပြန်ရန် စီစဉ်နေသည်ဟုဆိုသော်လည်း KMSS နှင့် KBC တို့ သီးခြားလုပ်ဆောင်နေသောကျေးရွာများထည့်တွက်သော် လက်ရှိနောက်ဆုံးအခြေအနေတွင် နေရပ်ပြန်မည့်ကျေးရွာပေါင်း ၃၀ ကျော်ရှိနေကြောင်း စုံစမ်းသိရှိရသည်။

KHCC က ရွေးချယ်ထားသော ကနဦး ကျေးရွာ ၁၇ ရွာမှာ အစိုးရနဲ့ KIO အုပ်ချုပ်မှု အာဏာရောနှောစွာရှိမနေသောနေရာ၊ ရွာမပျက်ပဲရှိနေသောနေရာ စသည့်စံချိန်စံညွန်းအပေါ်အခြေခံကာရွေးချယ်ထားသည်ဟု သိရသည်။

သို့သော်လည် နောက်ပိုင်းတွင် ၁၇ ရွာအပြင် နောက်ထပ် ဒဘတ်၊ ဂါးရာယန်နှင့် ကဇူး စသည့် ရွာပျက်များပင်လျှင် နေရပ်ပြန်မည့်စာရင်းတွင် နောက်ဆက်တွဲ တိုးလာသည်ကိုတွေ့ရသည်။

နေရပ်ပြန်ရေးနှင့် KIO ၏ သဘောထား

တစ်ဖက်တွင်လည်း KHCC က ကနဦးရွေးချယ်ခဲ့သော ကျေးရွာ ၁၇ ရွာကို အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်ကလည်း သဘောတူထားကြောင်း သိရသည်။ သို့သော် ဒဘတ်ယန်နှင့် နမ်ဆန်ယန်ကဲ့သို့သော ကျေးရွာများအပြင် ကချင်စစ်ရှောင်များနေရပ်ပြန်ရေးနှင့်ပတ်သက်ပြီး KIO ဘက်မှ တိကျပြတ်သားသော သဘောထားရှင်းလင်းမှုများကို မတွေ့ရသေးပါ။

စစ်ရှောင်များနေရပ်ပြန်ရေးနှင့်ပတ်သက်ပြီး KHCC ဘက်က ရေးဆွဲထားသော မဟာဗျူဟာကို KIO ဘက်ကလည်း အတည်ပြုပေးခဲ့သည်ဟု KHCC မှ ဆရာခါးလီက ယခုနှစ် KNG က မေးမြန်းသောအင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြောဆိုခဲ့သည်။

နေရပ်ပြန်ရေးအစီစဉ်သည် စစ်ရှောင်များ၏ ရွေးချယ်မှု

အစိုးရဘက်မှ အမျိုးသားအဆင့်စခန်းပိတ်သိမ်းရေးမဟာဗျူဟာကို လက်တွေ့အကောင်ထည်ဖော်လာသည်နှင့်အညီ စစ်ရှောင်များ၏ ကူညီထောက်ပံ့မှုများလျော့နည်းလာကာ ကဏ္ဍစုံတွင် ကြပ်တည်းမှုများစွာဖြင့်ကြုံတွေ့လာရသောကြောင့် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် နမ်ဆန်ယန်စစ်ရှောင်များက မည်သည့်အကူညီမျှ မယူဘဲ နေရပ်ပြန်ခဲ့ကြသည်။

မည်သည့်အကူညီမှမယူဘဲပြန်ခဲ့ခြင်းမှာ မိမိအိမ်မြေယာကို ကာကွယ်လိုစိတ်နှင့် စစ်ရှောင်စခန်းတွင် ဆက်လက်နေထိုင်လိုခြင်းမရှိတော့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

လူ့အခွင့်အရေးချိုးဖောက်မှုကို ထပ်ခါတလဲ ခံစားခဲ့ရသော ကချင်စစ်ရှောင်များ၏ နေရပ်ပြန်ရေးခရီးစဉ်သည် ဂုဏ်သိက္ခာရှိစွာနှင့် လုံခြုံစွာဖြစ်ရမည်ဟုအများက ယုံကြည်ထားကြသော်လည်း စစ်ရှောင်စခန်းတွင် မွန်းကြပ်လာသောကြောင့် နေရပ်ပြန်ရေးကိုသာ တောင်းဆိုလာကြသည်။

လူသားချင်းစာနာထောက်ထားမှုအဖွဲ့တစ်ခုဖြစ်သော Joint Strategy Team (JST) က စစ်ရှောင်များ၏ ရွေးချယ်မှုအတိုင်း အတတ်နိုင်ဆုံးကူညီသွားမည်ဟု ဆိုသည်။

“ဂုဏ်သိက္ခာရှိတဲ့ နေရပ်ပြန်ရေးမဖြစ်သေးပေမယ့် စစ်ရှောင်တွေရွေးချယ်ပြီးမှ အိမ်ပြန်တဲ့အခါ ဒါမှမဟုတ် နေရာအသစ်မှာ နေရာချခံရတဲ့အခါ JST ကတော့ ဒီအခြေအနေမှာ တတ်နိုင်သလောက်ပါဝင်သွားမယ်။ ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး နည်းလမ်းရှာဖွေသွားမှာပါ။” ဟု JST မှ ဦးဂွမ်ရှာအောင်က ပြောသည်။

မြန်မာအစိုးရက စခန်းပိတ်သိမ်းရေးဗျူဟာကို အကောင်ထည်ဖော်နေပြီဖြစ်သောကြောင့် ယခုဖြစ်စဉ်တွင် နိုင်ငံတကာစံချိန်စံညွန်းအတိုင်းဖြစ်ပေါ်လာရေးကိုသာ အရပ်ဖက်အဖွဲ့အစည်းများက စောင့်ကြည့်နေကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခေါ်န်ဂျာက ပြောသည်။

“ပြန်ကြပါ၊ မပြန်ပါနဲ့အုန်း စသဖြင့် ကျမတို့ပြောလို့မရဘူးဖြစ်နေတယ်။ မပြန်ကြနဲ့လို့ပြောရင်လည်း မပြန်လို့ဖြစ်လာတဲ့နောက်ဆက်တွဲကို ကိုယ်က တာဝန်ယူရမယ်။ ပြန်ပါလို့ ပြောရင်လည်း ပြန်တဲ့အတွက်ဖြစ်လာမယ့်အခြေအနေကို ကိုယ်က ကူညီပေးရမယ်။ ကျမတို့ အရပ်ဖက်အဖွဲ့အစည်းတွေကတော့ သူတို့ရှိနေတဲ့နေရာမှာ တတ်နိုင်သလောက် အတူတကွ ဆက်လျှောက်သွားပြီး ကူညီသွားရမှာဖြစ်တယ်။” ဟု ပြောသည်။

လက်ရှိ နေရပ်ပြန်ရန်ပြင်ဆင်နေသည့်ကျေးရွာများတွင် တပ်မတော်က ကျေးရွာဧရိယာအတွင်းသာ မိုင်းရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်နေပြီး စစ်ရှောင်များလုပ်ကိုင်စားသောက်မည့် တောင်ယာ၊ လယ်ယာစသည့်နေရာများတွင်မူ ရှင်းလင်းနိုင်းခြင်းမရှိသေးကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တို့၏ ဒီဇင်ဘာလ ၁ ရက်နေ့ တွေ့ဆုံရာတွင် စစ်ပြေးဒုက္ခသည်များနေရပ်ပြန်ရေးကိစ္စ ဆွေးနွေးခဲ့ပြီး တပ်မတော်က မိုင်းရှင်းလင်းရေးကို အစအဆုံးဆောင်ရွက်သွားမည်ဟု ဆိုခဲ့ကြောင်း KHCC ဥက္ကဌလည်းဖြစ် သိက္ခာတော်ရ ဆရာဆမ်ဆွန်က ပြောသည်။

နေရပ်ပြန်ရေးတွင် စစ်ရှောင်တို့၏ စိုးရိမ်မှု

အစိုးရနှင့် KHCC တို့ အစီစဉ်ဖြင့် စစ်ရှောင်များ၏ နေအိမ်များကို ဆောက်လုပ်ပေးရာတွင် ခိုင်ခံမှုမရှိသော နေအိမ်များဖြစ်မည်ကို စစ်ရှောင်များက အထူးစိုးရိမ်နေကြသည်။

“အခု နေအိမ်ဆောက်တဲ့အခါမှာလည်း သုံးတဲ့တိုင်တွေက မရင့်တဲ့အတွက် ရေရည် မခိုင်မှာစိုးတယ်။” ဟု မြစ်ကြီးနား ဇီးလွန်း စစ်ရှောင်စခန်းက ဒေါ်လုဆန်က ပြောသည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အားစိုက်နေရချိန် မိမိတို့နေအိမ်များသည် ရေရှည်တွင် ခိုင်ခံရန် လိုအပ်ကြောင်း သူက ထောက်ပြပြောဆိုသွားခဲ့သည်။

ထို့အပြင် တပ်မတော်နှင့် KIA တပ်ဖွဲ့ကြား တိုက်ပွဲပြန်ဖြစ်လာ၍ တဖန်ထွက်ပြေးရမည်ကိုလည်း အထူးစိုးရိမ်နေကြသည်။

စစ်ရှောင်များ၏ လုံခြုံရေးနှင့် လူမူဖူလုံရေးအတွက် အဆင်သင့်မဖြစ်သေးချိန် နေရပ်ပြန်ပါက ဒုတိယအကြိမ် လူ့အခွင့်အရေးချိုးဖောက်ခံရသလိုဖြစ်လာနိုင်ကြောင်း ထွယ်ဂျန်ဒါဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒေါ်နန်ပူက ပြောသည်။

“လုံခြုံရေးအတွက် အာမခံချက် ရှိရမယ်။ ပြီးတော့ နေ့စဉ် လုပ်ကိုင်စားသောက်ဖို့အတွက် အဆင်သင့်မဖြစ်သေးရင် ဖြစ်အောင် လုပ်ပေးရမယ်။ ပညာရေး ကျန်းမာရေးကို အဆင်ပြေအောင်မလုပ်ပေးသေးဘူးဆိုင်ရာ လူဂုဏ်သိက္ခာနဲ့တကွ မနေနိုင်တဲ့အတွက် လူ့အခွင့်အရေးထပ်မံချိုးဖောက်ခံရသလိုဖြစ်သွားလိမ့်မယ်။” ဟု ပြောသည်။

ကချင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီများမှလည်း စစ်ရှောင်များ နေရပ်ပြန်ရေးနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ချက်များ ထုတ်ထားသည်ကို မတွေ့ရသေးပါ။

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ စတင်ခဲ့သော ကချင်ဒေသတစ်ကျော့ပြန်တိုက်ပွဲကြောင့် ကချင်ပြည်နယ်တွင် စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်ထွက်ပေါ်ခဲ့ပြီး အစိုးရထိန်းချုပ်နယ်မြေနှင့် KIO ထိန်းချုပ်နယ်မြေတို့တွင်ရှိနေကြသည်။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA ကြား ၂၀၁၈ ခုနှစ် ဟူးကောင်းချိုင့်ဝှမ်းဒေသ KIA တပ်ရင်း ၁၄ ကို ထိုးစစ်ဆင်သောတိုက်ပွဲနှင့် အင်ဂျန့်ယန်မြို့နယ်သို့ ထိုးစစ်ဆင်သော အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲအရှိန်များ လျော့နည်းသွားခဲ့သည်ကို တွေ့ရသည်။

တိုက်ပွဲအရှိန်ကျလာသော ၂၀၁၈ နောက်ပိုင်းမှစကာ စစ်ရှောင်များသည်လည်း နေရပ်ပြန်ရေးကို ပိုမိုလုပ်ဆောင်လာကြသည်ကို တွေ့ရသည်။

နောနော်(KNG) – ပေးပို့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here