29 March 2024 /

See today's Peace Related News

KIO နှင့် KNO တို့ မူဝါဒကွဲပြားလာမှုကြောင့် ရှေ့ဆက်လုပ်ငန်းများအတွက် အတူပူးပေါင်းဆောင်ရွက်ရန် ခက်ခဲလာ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ကချင်အမျိုးသားအစည်းအရုံး KNO တို့သည် နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင် မူဝါဒများ ကွဲပြားလာသောကြောင့် ရှေ့ဆက် လုပ်ငန်း ပူးပေါင်းဆောင်ရွက်သွားရန် ခက်ခဲလာကြောင်း KNO က ဇွန် ၂၁ ရက်နေ့တွင် ထုတ်ပြန်လိုက်ပါသည်။

KNO သည် ကချင်ပြည်နယ်နှင့် ကချင်လူမျိုးများ လွတ်လပ်ရမည်ဟူသော သီးခြား လွတ်လပ်သော ပြည်နယ်ကို ဦးတည်သော နိုင်ငံရေး စနစ်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပြီး ၊ KIO သည် ဖက်ဒရယ်စနစ်ဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း အတူနေထိုင်သွားမည်ဟူသော စနစ်ကို လက်ကိုင်ထားကြောင်း ပြောထားပါသည်။

၂၀၁၁ ၊ ၂၀၁၂ တွင် KIO နှင့် KNO တို့သည် အမျိုးသားလွတ်လပ်ရေး လုပ်ငန်းများကို အတူ လက်တွဲ လုပ်ဆောင်သွားရန် အပြန်အလှန်သဘောတူညီမှု MOU ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

ယခုနှစ် ဇွန်လ ၁၅-၁၆ ရက်နေ့တွင် KIO နှင့် KNO တို့၏ တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့ပြီး တစ်စုံတစ်ရာ သဘောတူညီမှု မရရှိသည့်အပြင် ယခုကဲ့သို့ အဖွဲ့အစည်း ၂ ခုကြား မတူညီသော သဘောထား ကွဲလွဲလာသည့် ထုတ်ပြန်ချက် ထွက်လာသည်ကိုသာ တွေ့ရပါသည်။

သို့သော်လည်း မတူညီသော နိုင်ငံရေး ရည်မှန်းချက်၊ ပေါ်လစီ နှင့် နည်းလမ်းများမှ တူညီမှု ရလာအောင် KIO နှင့် KNO အဖွဲ့အစည်း ၂ ခု သည် အမျိုးသားရေး တာဝန်ဝန်များကို အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ရန် ဆက်လက် ဆွေးနွေးတိုင်ပင်သွားမည်ဖြစ်ကြောင်း သိရပါသည်။