နိုင်ငံရေးအကြပ်အတည်းကို တိုင်းရင်းသားလူမျိုးစုံနှင့် ပူးပေါင်းကျော်လွှားရန် အစိုးရနှင့် တပ်မတော်အား UNA တိုက်တွန်း

0
253

မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် နိုင်ငံရေး အကြပ်အတည်းမျိုးစုံကို အစိုးရ၊ တပ်မတော်တို့ အနေဖြင့် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ လူမျိုးစုံတိုင်းရင်းသားများနှင့် ယုံယုံကြည်ကြည် ပူးပေါင်း ကျော်လွှားရန် ဖေဖေါ်ဝါရီ ၂၆ မှ ၂၇ ရက်ထိ ရန်ကုန်မြို့တွင် ပြုလုပ်သည့် UNA နှင့် မိတ်ဖက်အဖွဲ့ အစည်း နှီးနှောဖလှယ်ပွဲတွင် တိုက်တွန်းလိုက်သည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းညွန့်လွင်က “ဒီနေ့မြန်မာနိုင်ငံမှာ အကြပ်အတည်းတွေ မျိုးစုံရှိတယ်။ မျိုးစုံတော့ ပြောဖြစ်တယ်။ ဆုံးဖြတ်ချက်အနေနဲ့ တိတိ ကျကျမရှိဘူး။ အခု ညှိနှိုင်းဆွေးနွေးပွဲကနေ အချက် ၉ ချက်ပါတဲ့ သဘောထား ထုတ်ပြန်ချက်ကို ထုတ်လိုက်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ သဘောထား ထုတ်ပြန်ချက်တွင် ငြိမ်းချမ်းရေးဖြစ်စဉ် ရပ်တန့်နေသည်ကို စိုးရိမ်ဖွယ်တွေ့ရပြီး ငြိမ်းချမ်း ရေးဖြစ်စဉ် အခြေခံဖြစ်သည့် NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်)ကို ပြန်သုံး သပ်ပြင်ဆင်ရန်နှင့် ၎င်းဖြစ်စဉ် ပြင်ပမှ အပစ်ရပ်ရေး ချဉ်းကပ်နေသည့် အဖွဲ့များအတွက် NCA မဟုတ်သည့် အခြားနည်းလမ်းဖြင့် လမ်းဖွင့်ပေးရန်တိုက်တွန်းထားသည်။

အလားတူ ငြိမ်းချမ်းရေး ဖြစ်စဉ်အကြပ်အတည်းကြောင့် ဒီမိုကရေစီပြုပြင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် ကြီးစွာသက်ရောက်နေပြီး ပါဝင်သည့် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများအပေါ် လူထုက ယုံကြည်မှုကျဆင်းစ ပြုနေသည်ကိုလည်း နှီးနှောဖလှယ်ပွဲက သတိပြုမိသည်ဟု ဖော်ပြထားသည်။

ထို့အပြင် တစ်တိုင်းပြည်လုံး အပစ်ရပ်ရေးအတွက် အစိုးရနှင့် တပ်မတော်တို့က ဦးစွာလုပ်ဆောင်ရန် မေတ္တာရပ်ခံသလို တပ်မတော်အနေဖြင့် တိုင်းပြည်အကျိုးကိုကြည့်ပြီး နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာရန် မေတ္တာရပ်ခံထားပြီး လုံခြုံရေး အခြေအနေကြောင့် ဆုတ်ခွာရန် ခက်ခဲနေပါက မည်သည့် အချိန်တွင် ဆုတ်ခွာမည်ကို အချိန်ဇယား အတိအကျဖြင့် ပြည်သူများအား ကတိပေးရန် တိုက်တွန်းထားသည်။

UNA နှင့် မိတ်ဖက် အဖွဲ့အစည်းများ၏ နှစ်ရက်တာ နှီးနှောဖလှယ်ပွဲသို့ UNA အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေး ပါတီများ၊ မိတ်ဖက် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ စုစုပေါင်း ၁၀၀ ဦးခန့်တက်ရောက်ဆွေးနွေးခဲ့ပြီး ပိုမိုအဖွဲ့အစည်းစုံပါသည့် နှီးနှောဖလှယ်ပွဲ ထပ်မံပြုလုပ်သွားမည်ဟု UNA အတွင်းရေးမှူး အဖွဲ့ဝင်များက ပြောသည်။

UNA အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် နှီးနှောဖလှယ်ပွဲကို သုံးကြိမ် ကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီတွင် နောက်ဆုံးအကြိမ် ကျင်းပခဲ့သည်။ ထိုနောက် အစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ စတင်ကျင်းပခဲ့သည့်အတွက် စင်ပြိုင်သဘောမျိုးဖြစ်မည်ကို စိုးရိမ်သဖြင့် နှီးနှောဖလှယ်ပွဲ ကျင်းပခြင်းကို လေးနှစ်နီးပါး ရပ်နားခဲ့ရမှ လက်ရှိ မျိုးစုံသောနိုင်ငံရေး အကြပ်အတည်းများကြောင့် ယခုလို နှီးနှောဖလှယ်ပွဲများ ပြန်လည် ကျင်းပခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here