“လွှတ်တော်ဥက္ကဌကနေတစ်ဆင့် ပြည်နယ်အစိုးရကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်သင့်သလဲ၊ သူတို့ လုပ်နေတဲ့ ကိစ္စက ငြိမ်းချမ်းရေးကို အထောက်အကူပြုမှု အားနည်းနေသေးရင်လည်း ဝေဖန်ထောက်ပြတာတွေ လုပ်မယ်” ခူးမိုက်ကယ်ဘိုးရယ် (ရှားတောမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁) အနိုင်ရအမတ်လောင်း)

0
354

အသက်အငယ်ဆုံး အနိုင်ရလွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် တွေ့ဆုံခြင်း

၅ ဇန်နဝါရီ ၂၀၂၁

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ၈ အထွေထွေရွေးကောက်ပွဲကြီးတွင် အနိုင်ရအသက်အငယ်ဆုံး လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ခူးမိုက်ကယ် ဘိုးရယ်က ကယားပြည်နယ်ထဲက ဖွံ့ဖြိုးမှု အနှောင့်နှေးဆုံးမြို့နယ်ဖြစ်တဲ့ ရှားတောမြို့နယ်မှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမှတ် ၁ နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။ ခူးမိုက်ကယ်ဘိုးရယ်နဲ့ တွေ့ဆုံမေးမြန်းထားတွေကို တင်ပြပေးလိုက်ပါတယ်။

မေး ။ ။ မင်္ဂလာပါရှင့်… ပထမဆုံးအနေနဲ့ ဒီရွေးကောက်ပွဲမှာ အနိုင်ရလာခဲ့တဲ့အတွက် လူထုတွေကို ဘာများ ပြောချင်ပါသလဲ။

ဖြေ ။ ။ ဟုတ်ကဲ့။ ကျနော် ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုပြီးတော့ ရှားတောမြို့နယ် ပြည်နယ်လွှတ်တော် အမတ် ၁ ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက် ဖြစ်ပါတယ်။

မေး ။ ။ ပထမဆုံး လွှတ်တော် တက်ပြီး မေးခွန်းမေးခွင့်ရတဲ့အချိန်မှာ ဘာကို မေးဖို့ စီစဉ်ထားပါသလဲ။

ဖြေ ။ ။ ပထဆုံးအနေနဲ့ ဒီမြို့နယ်အတွက်ကတော့ ကျနော်မေးခွန်းမေးမဲ့ အရာက ဒီမြို့နယ်ရဲ့ လက်ရှိရေသွယ်တန်းမှု စနစ်ကို ကျနော်က မေးဖို့ စိတ်ကူးထားတာပေါ့။ ဘာဖြစ်လို့လဲဆို ဒီရေ အသုံးပြုမှုပေါ့။ သောက်သုံးရေဖြစ်ဖြစ်၊ စိုက်ပျိုးရေဖြစ်ဖြစ် ဒါတွေက သူတို့ရဲ့ စားဝတ်နေရေးကို တိုက်ရိုက်အချိုးကျတယ်။ အရမ်းအရေးပါတယ်ဆိုတဲ့ အချက်တွေကြောင့် ကျနော် ဒီမြို့နယ်ရဲ့ ရေအသုံးပြုမှု ကိစ္စကို အရင်ဆုံးမေးဖို့ ကျနော် စိတ်ကူးထားတာ ရှိပါတယ်။ ဒီရေကိစ္စက ခုနက ပြောသလို ဒီမြို့နယ်အတွက် အရေးကြီးတဲ့ ကိစ္စတွေကို ချမှတ်ထားတဲ့အချိန်မှာ အဓိက ရေနဲ့ မီးပေါ့နော။ တချို့ရွာတွေကျတော့ သူတို့က ရေကို ပိုပြီးတော့ အခက်အခဲ ဖြစ်တယ်။ လိုအပ်တယ်။ သူတို့ရဲ့ အခက်အခဲတစ်ခုအနေနဲ့ ပိုပြီးတော့ လိုအပ်နေကြတယ်ပေါ့။ နောက်တစ်ခုက ရေရှားပါးလာတဲ့အပိုင်းပေါ့။ တချို့ကျေးရွာအုပ်စုတွေကတော့ တောင်ပေါ်မှာနေကြတော့ သူတို့ရေသွယ်တန်းဖို့ အခက်အခဲဖြစ်တယ်ပေါ့။ ရေကောင်းကောင်းမရဘူးဆိုတာကို ဆိုလိုချင်တာပေါ့။ ဒါကြောင့် ရေကိစ္စကို ဒီမြို့နယ်အတွက် အရင်ဦးဆုံးအနေနဲ့ စဉ်းစားထားတာ ရှိတယ်ပေါ့။

မေး ။ ။ ဟုတ်ကဲ့ ကျမတို့ သိရသလောက်တော့ ဒီအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးထဲမှာ အသက်အငယ်ဆုံး လွှတ်တော်အမတ်တစ်ယောက်အနေနဲ့ လူငယ်ရေးရာနဲ့ ပတ်သက်ပြီး ဘယ်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သွားဖို့ စီစဉ်ထားပါသလဲ။

ဖြေ ။ ။ ဟုတ်ကဲ့၊ လွှတ်တော်ထဲကနေပေါ့နော ကျနော်က လူငယ်တစ်ယောက်လည်း ဖြစ်တယ် ပြီးတော့ ကျနော်တို့ရဲ့ ဒီမြို့နယ် ပါတီအောင်နိုင်ရေးကို ဝန်းရံပေးခဲ့တဲ့သူတွေကလည်း လူငယ်အင်အားစုတွေ အများစုဖြစ်တယ်။ ပြီးတော့ တစ်ပြည်နယ်လုံးအတွက်လည်း လူငယ်အင်အားစုတွေ တော်တော်များခဲ့တယ်ပေါ့။ ဆိုတော့ ဒီလက်ရှိ ကယားပြည်နယ်မှာလည်း ကရင်နီလူငယ်အင်အားစုတွေဖြစ်တဲ့ မျိုးနွယ်စုလူငယ်တွေစုကလည်း တော်တော်အင်အားကောင်းခဲ့တယ်။ သူတို့ရဲ့ အကူအညီပေးခဲ့မှုတွေကို ပြန်လည်သတိယပြီးတော့မှ ကျနော်က ဒီပြည်နယ်လွှတ်တော်ကနေ လူငယ်နဲ့ ဆက်စပ်မှုရှိတဲ့ အသက်မွေးဝမ်းကျောင်း ကိစ္စတွေတို့၊ ပြီးတော့မှ လူငယ်နဲ့ ပတ်သက်တဲ့ အသိပညာ အတတ်ပညာ မြင့်မားရေး ကိစ္စတွေတို့၊ ပြီးတော့မှ လူငယ်နဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာ အခွင့်အလမ်းတွေပေ့ါ။ လူငယ်တွေနဲ့ ပတ်သက်တဲ့ မေးခွန်းဖြစ်ဖြစ်၊ အဆိုဖြစ်ဖြစ် လွှတ်တော်ထဲကနေ ကြိုးစားသွားမယ်။ နောက်တစ်ဖက်က ကျနော်က လွှတ်တော်ပြင်ပကနေ နေပြီးတော့မှ ကျနော်က ဒေသခံ လူငယ်တစ်ယောက်လည်း ဖြစ်တယ်ဆိုတော့ ဒီမြို့နယ်ရဲ့ လူငယ်ကိစ္စတွေကိုလည်း ဒီလွှတ်တော်ပြင်ပကနေပဲဖြစ်ဖြစ် အဆင်ပြေတဲ့ နည်းလမ်းကနေ ကျနော်ကိုယ်တိုင်သွားပြီးတော့ ပါဝင်မယ်၊ လုပ်ဆောင်မယ်။ ကိုယ်ကိုယ်တိုင်လည်း မြင့်တင်မှာပေါ့။ ကိုယ်တိုင်လည်း ကြိုးစားသွားမယ်။ ပြီးတော့ နောက်တစ်ခုက ဒီတစ်ပြည်နယ်လုံးနဲ့ဆိုင်တဲ့ လူငယ်အရေးကိစ္စတွေမှာဆိုရင် ကျနော်က သူတို့နဲ့ တိုင်ပင်ဆွေးနွေးပြီးတော့မှ လူငယ်အရေးတွေကို ဆောင်ရွက်ဖို့ရှိသလို တစ်နိုင်လုံးနဲ့ ပတ်သက်တဲ့ လူငယ်အရေးကိစ္စတွေမှာလည်း ကျနော်က တိုင်းရင်းသားလူငယ်အရေး ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင်လည်း ကျနော်ကိုယ်တိုင်က ကြိုးစားသွားမယ်။ သက်ဆိုင်ရာ ဆက်စပ်မှုရှိတဲ့ လူငယ်တွေကိုလည်း ကျနော်ထောက်ပ့ံသွားမယ်။ အားလည်းအားပေးသွားမယ်ပေါ့နော။ ဒါက ကျနော်ကြိုးစားသွားမဲ့ အပိုင်းပေါ့။

မေး ။ ။ အသက်အငယ်ဆုံးလွှတ်တော်အမတ် အနေနဲ့ ပြည်နယ်အရေးကို ဆောင်ရွက်ရတော့မယ်ဆိုတော့ ကိုယ့်အတွက် အဓိက စိန်ခေါ်ချက်က ဘာဖြစ်နိုင်မလဲ။

ဖြေ ။ ။ အဓိကက မြန်မာနိုင်ငံထဲပေါ့နော။ ပြီးတော့ တိုင်းရင်းသားလူငယ်ဖြစ်တယ်ပေါ့။ မြန်မာနိုင်ငံမှာက နိုင်ငံရေးစနစ်မှာက အဓိက ဥပဒေပေါ့။ ဥပဒေက ခေတ်နဲ့မလျော်ညီတဲ့ ဥပဒေတွေ တော်တော်များများ ရှိတယ်ပေါ့။ ဆိုတော့ အဲ့ဒီဥပဒေတွေက ကျနော်တို့ တိုင်းရင်းသားလူငယ်တွေအတွက် အခက်အခဲ အကန့်အသတ် တချို့ဖြစ်စေတယ်ပေါ့။ ဒါပေမဲ့ နည်းလမ်းရှာမယ်ဆိုရင်တော့ တချို့ဆိုရင် နည်းလမ်းရှာလို့ရမဲ့ တစ်ပိုင်းတော့ ရှိတယ်။ နောက်တစ်ပိုင်ကျတော့ တချို့လူကြီးတွေပဲဖြစ်ဖြစ်၊ အသိပညာအတတ်ပညာရှင်ဖြစ်ဖြစ် သူတို့က လူငယ်နဲ့ ပတ်သက်မယ်ဆိုရင် ရိုးရိုးလူငယ်နဲ့ ဆက်စပ်မှုရှိတဲ့ ကိစ္စမှာ လူငယ်တွေပွဲဆို သူတို့က အရမ်းအားပေးကြတယ်။ သူတို့က ကူညီတယ်၊ ထောက်ပ့ံတယ်၊ ပူးပေါင်းဆောင်ရွက်တာရှိတယ်။ ဒါပေမဲ့ တကယ့်နေရာပေးတဲ့နေရာမှာက လူုငယ်တွေကို သံသယများတဲ့ ပုံစံမျိုးရှိတယ်ပေါ့။ ကျနော်ကိုယ်တိုင်လည်း ကြုံတယ်။ ပြီးတော့ ဒီကယားပြည်နယ်မှာဖြစ်ဖြစ်၊ အမျိုးသားနိုင်ငံရေး ဒီတိုင်းရင်းသားလူငယ်တွေမှာပဲဖြစ်ဖြစ်၊ အဲ့လိုကိစ္စမှာဆို လူငယ်ပါဝင်မှု အခန်းကဏ္ဍက အရမ်းနည်းနေသေးတယ်ပေါ့။ ဆိုတော့ အဓိကပြောချင်တာက ဒီလူကြီးတွေက လူငယ်တွေကို တကယ့်ဆုံးဖြတ်ချက်ချမဲ့ နေရာမျိုးတွေမှာ ထားဖို့ကျတော့ လူငယ်တွေကို မယုံကြည်တဲ့စိတ်နဲ့ နေရာမပေးချင်တာကလည်း အဲ့ဒါက ဒုတိယ စိန်ခေါ်မှုပေ့ါ။

မေး ။ ။ ဆရာ အနိုင်ရခဲ့တဲ့ ရှားတောမြို့နယ်က ဒီကနေ့အထိ အညိုရောင်နယ်မြေလို့ အစိုးရက သတ်မှတ်ထားဆဲဆိုတော့ လာမဲ့ လွှတ်တော်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို စီစဉ်ဆောင်ရွက်ထားဖို့ ရှိပါသလဲ။

ဖြေ ။ ။ ဟုတ်ကဲ့၊ ဒီအညိုရောင်နဲ့ ပတ်သက်ပြီးတော့မှ ကျနော်က ကိုယ်စားလှယ်တစ်ယောက်ဖြစ်တယ်ပေါ့နော ဆိုတော့ ဥပဒေအရ နိုင်ငံရေး ဥပဒေလမ်းကြောင်းနဲ့ အလုပ်လုပ်လို့ရမယ်ဆိုတဲ့အချက်တစ်ချက်တော့ ရှိတယ်ပေါ့နော။ အညိုရောင်ဖြစ်နေတဲ့ ကျနော်တို့ မြို့နယ်လေးကို ကျနော်တို့က ဒီထက်ပိုပြီးတော့မှ ဖွ့ံဖြိုးတိုးတက်စေချင်တယ်။ လူထုတွေကိုလည်း အတွေးအခေါ် အရမ်းမြင့်ခိုင်းစေချင်တယ်။ နိုင်ငံရေးပိုင်းမှာပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ သူတို့ရဲ့ စားဝတ်နေရေးပိုင်းမှာပဲဖြစ်ဖြစ် ၊ တပါးသူတွေရဲ့ လွမ်းမိုးမှုတွေကို မခံရပဲနဲ့ပေ့ါ။ ကိုယ်ကြမ္မာကို ဖန်တီးခွင့်ရဖို့ ကျနော်က ဒီအညိုရောင်နယ်မြေက လူထုတွေ၊ ပြီးတော့မှ ကျနော်တို့ ဒေသခံတွေပေါ့ တိုင်ပင်ဆွေးနွေးပြီးတော့မှ ဒီကိစ္စကို သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့အစည်းပေါ့နော။ ကျနော်တို့ ဥပဒေလမ်းကြောင်းအရ သွားမဲ့လမ်းကြောင်းကနေ နှစ်ဖက်အဖွဲ့အစည်းကို ကျနော်တို့ တွေ့ပြီးတော့မှ နောက်ကျရင် ကျနော်တစ်ဦးတစ်ယောက် အနေနဲ့ပဲဖြစ်ဖြစ် ကျနော်တို့ ဒီမြို့နယ်ပဲဖြစ်ဖြစ်၊ ကျနော်တို့ ပါတီရဲ့ ဗဟိုကော်မတီအနေနဲ့ဖြစ်ဖြစ် ကျနော်တို့ ပါတီရဲ့ မူဝါဒတွေနဲ့အညီ ကျနော်တို့ ရှားတောမြို့နယ်အတွက် အညိုရောင်နယ်မြေ ကိစ္စအတွက် ကျနော်တို့ ဆက်လက်လုပ်ဆောင်သွားဖို့လည်း ရှိပါတယ်။

မေး ။ ။ အခုလက်ရှိမှာပေါ့နော ရှားတောမြို့နယ်က အညိုရောင်နယ်မြေလို့ သတ်မှတ်ထားခံရတဲ့အတွက် ဖွံ့ဖြိုးမှု နှောင့်နှေးတယ်လို့ ထင်ပါသလား။ သို့မဟုတ် အညိုရောင်နယ်မြေ မဟုတ်တော့ရင်လည်း ဒီလိုပဲဖြစ်မယ်လို့ ထင်သလားပေါ့။

ဖြေ ။ ။ အညိုရောင်နယ်မြေ ဖြစ်ခြင်း၊ မဖြစ်ခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်ခြင်း၊ မတိုးတက်ခြင်းပေါ့နော။ ဒါတွေက မတူပေမဲ့ တူသလိုပဲပေါ့နော။ တူပေမဲ့လည်း မတူသလို ဖြစ်တယ်ပေါ့နော။ သူတို့က အဓိက အကောင်းဆုံး စိတ်စေတနာနဲ့ အလုပ်လုပ်ပေးမဲ့အပိုင်းကို ပြန်ပြီးတော့ စဉ်းစားရမယ်ပေါ့နော။ တချို့ပြန်တော့လည်း အညိုရောင်နယ်မြေကို အသုံးချပြီးတော့မှ သူတို့ အကျိုးစီးပွားကို အသုံးချသွားတာတွေလည်း ရှိတယ်ပေါ့နော။ အဲ့လိုမြင်ရတော့ ကျနော်တို့ မြို့နယ်အတွက်လည်း အညိုရောင်ဖြစ်တာ မကောင်းဘူးပေါ့နော။ အညိုရောင်ဖြစ်နေတော့ လူများတွေ လာကစားလို့ရတဲ့ နေရာတစ်ခုလို ဖြစ်နေတယ်ပေါ့။ နောက်တစ်ခုက အညိုရောင်မဖြစ်ရင်ကော လက်ရှိထက် ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်မလားဆိုတော့ အဲ့အပိုင်းက အစိုးရနဲ့ ပိုပြီးတော့ ဆက်စပ်မှု ရှိလိမ့်မယ်။ အညိုရောင် မဖြစ်ရင်တော့ ကျနော်တို့ လုပ်ဆောင်ရမဲ့ အပိုင်းက တမျိုးတော့ ကောင်းသလိုလိုနဲ့ တခါတလေမှာ ကျနော်တို့ မမျှော်လင့်နိုင်တဲ့ ကိစ္စရပ်တွေလည်း ဖြစ်လာနိုင်တယ်လို့ ကျနော် အဲ့လို မြင်ပါတယ်။

မေး ။ ။ ကယားပြည်နယ်မှာ ရှားတောမြို့နယ်မှာ စစ်ဘေးဒဏ်ကို အခံခဲ့ရဆုံး မြို့နယ်လို့ ပြောလို့ရပါသလား။ ဘာကြောင့်လဲ။

ဖြေ ။ ။ ဟုတ်ကဲ့ ၉၆ လောက်မှာက ဒီမှာက စစ်ရေးအခြေအနေတွေ အများကြီး ဖြစ်ပေါ်ခဲ့တယ်ပေါ့နော။ ဆိုတော့ ကျနော်က ၉၅ ဖွားဆိုတော့ တစ်နှစ်သားလောက်နဲ့ပဲ ပြေးခဲ့ရတဲ့ အခြေအနေလည်း ရှိခဲ့တယ်ပေါ့။ ဆိုတော့ ကျနော်လည်း ကိုယ်တိုင် ခံရတာ ရှိတယ်ပေါ့နော။ ကျနော်တို့ လူကြီးမိဘတွေနဲ့ စကားပြောတဲ့အခါမှာ သူတို့တွေက ကျနော်တို့ထက် အများကြီး ကြုံခဲ့ရတယ်ဆိုတာကို ကြားခဲ့ရတယ်ပေါ့။ တော်တော်လေးလည်း ရင်နာဖို့ကောင်းတယ်ပေါ့နော။ ကြေကွဲရတယ်။ ဒီလိုကိစ္စမျိုး ဖြစ်ပွားခဲ့တယ်။ အဲ့အချိန်မှာ ဖြစ်ပွားခဲ့တာတွေက လွတ်လပ်ခွင့်က အရမ်းအားနည်းတယ်ပေါ့နော။ မီဒီယာလည်း လွတ်လပ်မှု အရမ်းအားနည်းတော့ သတင်းထုတ်ပြန်မှုတွေ အားနည်းခဲ့တယ်ပေါ့နော။ ပြီးတော့ ဒီမှာဆိုရင် အရင်က ကျေးရွာ သုံးရာကျော်လောက် ရှိခဲ့တယ်ပေါ့နော။ အခုဆိုရင် တစ်ရာတောင် မပြည့်တော့ဘူး။ သုံးဆယ်လောက်ပဲ ကျန်တယ်။ ဒီကျေးရွာတွေက စစ်ကြောင့်ပဲ သူတို့ ထွက်ပြေးတိမ်းရှောင်ရတယ်။ တချို့က အရှေ့ဖက်၊ တချို့က အနောက်ဖက်၊ တချို့က သေ သွားတဲ့ အထိ ဖြစ်သွားတာတွေရှိတယ်ပေါ့နော။

မေး ။ ။ စစ်ဘေးဒဏ်ကြောင့် ပြည်တွင်းမှာပဲ တဝဲလည်လည် ရှင်သန်နေရတဲ့ ပြည်တွင်း (IDP) တွေက ရှားတောမှာ တော်တော်များများ ရှိနေတယ်ဆိုတော့ သူတို့အရေးနဲ့ပတ်သက်ပြီး လွှတ်တော်ထဲမှာ ဘာတွေ ဆောင်ရွက်ပေးသွားမှာလဲ။

ဖြေ ။ ။ ဒီအပိုင်းမှာတော့ လွှတ်တော်တွင်းနဲ့ လွှတ်တော်ပြင်ပ လူထုတစ်ယောက်အနေနဲ့ပေါ့နော။ လူထုတစ်ယောက်အနေနဲ့ ဆောင်ရွက်ရမဲ့ အပိုင်းပေါ့။ ကျနော်က နှစ်ပိုင်း စဉ်းစားတယ်။ လွှတ်တော်တွင်းနဲ့ ဒီရှားတောဒေသခံနဲ့ပေါ့ အဲ့လို စဉ်းစားတယ်။ သူတို့အတွက်က လူထုတစ်ယောက်အနေနဲ့ ဆောင်ရွက်ရမဲ့ အပိုင်းက ပိုပြီးတော့ များတယ်။ တချို့ လွှတ်တော်ထဲမှာ ဆောင်ရွက်ရမဲ့ အပိုင်းကျတော့ ပြည်ထဲရေး အမည် မပေါက်တာတို့ဆိုရင် ကျနော်တို့ ဥပဒေကြောင်းအရ လွှတ်တော်ထဲမှာ ပြောဖို့က အခက်အခဲတွေ ရှိလာနိုင်တယ်။ ဆိုတော့ ဒီလွှတ်တော် ပြင်ပကနေ လူထုတစ်ယောက်အနေနဲ့ သူတို့နဲ့ သွားတွေ့ပြီးတော့မှ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ကျနော့်ရဲ့ အသိပညာ၊ အတတ်ပညာနဲ့ ကုစားပြီးပေးမယ်ပေါ့နော။ ကျနော်က ရွေးကောက်ပွဲ ကတိကဝတ်လည်း ပေးထားတာလည်း ရှိတယ်လေ။ လူထုရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်ပေးဖို့ ကျနော်က ပြောထားတာလည်း ရှိတယ်ဆိုတော့ အဲ့ဒါကို ကျနော်က အကောင်အထည်ဖော်သွားဖို့လည်း ရှိတယ်။ ပြီးတော့ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေ လိုအပ်ချက်တွေကို သူတို့နဲ့ တွေ့ပြီး ဆောင်ရွက်သွားမဲ့ အရာပေါ့နော ဒါကတော့ လူထုတစ်ယောက်အနေနဲ့ ဆောင်ရွက်ရမဲ့ အပိုင်းပေါ့နော။ ရွေးကောက်ခံ ကိုယ်စားလှယ်အနေနဲ့က ဒီကိစ္စတွေမှာ မေးခွန်းပဲဖြစ်ဖြစ်၊ အဆိုပဲဖြစ်ဖြစ် လက်ရှိ် တည်ဆဲဥပဒေကို လေးစားလိုက်နာရမယ်ဆိုတဲ့ အပိုင်းလည်းရှိတယ်။ မဆန့်ကျင်ရဘူးပေါ့နော။ ဒါပေမဲ့ ကျနော်တို့ကတော့ လူထုရဲ့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဥပဒေနဲ့ လူထုရဲ့ လိုအပ်ချက်ကြားက အဆင်ပြေနိုင်မဲ့ အခြေအနေနဲ့ ကျနော်တို့ ပါတီရော၊ ကိုယ်စားလှယ်တွေရော ဆောင်ရွက်သွားဖို့ ရှိပါတယ်။

မေး ။ ။ ဒီလက်ရှိ အာဏာရ လွှတ်တော်ကိုယ်စားလှယ်တွေက ငြိမ်းချမ်းရေးအပိုင်း ဆောင်ရွက်တဲ့နေရာမှာ အရမ်းအားနည်းတယ်လို့ အရပ်ဖက်အဖွဲ့တွေ မကြာခန သုံးသပ်ပြောဆိုထားတာတွေ ရှိတယ်ပေါ့နော။ ဆိုတော့ ဆရာတို့ လွှတ်တော်ရောက်တဲ့အခါမှာရော ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘာတွေ ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဖြေ ။ ။ ကျနော်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းပေါ့နော။ ဆိုတော့ ပြည်နယ်လွှတ်တော်ကနေ ဆောင်ရွက်လို့ ရတဲ့ အပိုင်းတွေတော့ ရှိတယ်ပေါ့နော။ ကျနော်တို့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်မှာလည်း ဒီ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဦးစားပေးဆောင်ရွက်မယ်ဆိုတဲ့ အပိုင်းလည်း ရှိတယ်ပေါ့နော။ လွှတ်တော်ထဲ ရောက်ရင် လွှတ်တော်ဥက္ကဌကနေတစ်ဆင့် ပြည်နယ်အစိုးရကိုတော့ ဒီ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်သင့်သလဲ၊ သူတို့ လုပ်နေတဲ့ ကိစ္စက ငြိမ်းချမ်းရေးကို အထောက်အကူပြုမှု အားနည်းနေသေးရင်လည်း ဝေဖန်ထောက်ပြတာတွေ ကျနော်တို့က လုပ်မယ်။ ပြီးတော့မှ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်သွားမယ်။ တစ်နှစ် နှစ်နှစ်အတွင်းမှာတော့ လွှတ်တော်အတွင်းမှာ မေးခွန်းတွေ၊ အဆိုတွေ တင်သွားမယ်ပေါ့နော။ နောက်တစ်ခုက ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီးတော့မှ ငြိမ်းချမ်းရေးကဏ္ဍကို ဒီထက်တိုးတက်အောင် လုပ်လို့ရမဲ့ ကိစ္စတွေမှာ ကျနော်ကိုယ်တိုင်လည်း ပါဝင်သွားမယ်။ လူထုတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး လူထုတွေ လိုချင်တဲ့ ငြိမ်းချမ်းရေးအရွေ့ကိုတော့ ဆောင်ရွက်သွားပါမယ်။

မော်ဦးမြာ(ကန္တာရဝတီတိုင်းမ်) – တွေ့မေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here