ဖာပွန်ဒေသ စစ်ရေးတင်းမာမှုကြောင့် ဒေသခံ သုံးထောင်ကျော် ထွက်ပြေးနေရကြောင်း KNU ပြောဆို

0
171

၅ ဇန်နဝါရီ ၂၀၂၀

ဖာပွန်ဒေသ၊ မယ်ဝေ(မဲဝိုင်)ကျေးရွာအနီး ဝန်းကျင်ဖြစ်ပွားခဲ့သော တပ်မတော် နှင့် ကရင်အမျိုးသား အစည်း အရုံး (KNU) တပ်မဟာ (၅)လက်အောက်ခံ တပ်ရင်းတို့အကြား စစ်ရေးတင်းမာမှု ဂယက်များကြောင့် ဒေသခံ ရွာသား သုံးထောင်ကျော် ဘေးလွှတ်ရာသို့ ထွက်ပြေးတိ်မ်းရှောင်ခဲ့ရကြောင်း KNUဘက်ကပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ လဆန်းပိုင်းကစ၍ မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုမြို့နယ်၊ မယ်ဝေ(မဲဝိုင်)ဒေသတွင် KNU လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် တပ်မတော်တို့အကြား စစ်ရေးတင်းမာမှုများကြောင့် မယ်ဝေ(မဲဝိုင်)ကျေး ရွာအုပ်စုနှင့် မယ်သူကျေးရွာအုပ်စုတို့တွင် ဒေသခံ ရွာသား (၃,၁၇၆) ဦးအပါအဝင် လူဦရေး အတည်မပြု နိုင်သေးသည့် ခူသူထကျေးရွာမှ အိ်မ်ထောင်စု ၄၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း KNU တပ်မဟာ(၅)မှ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့ကပြောသည်။

“မဲဝိုင်ကျေးရွာအုပ်စုဘေးလွတ်ရာကို တိမ်းရှောင်ထွက်သွားတဲ့ကျေးရွာက(၁၀)ရွာ အိမ်ခြေပေါင်း(၄၉၉) ခု၊ လူဦးရေ က အမျိုးသမီး(၁,၄၆၆)ဦး၊ အမျိုးသား (၁,၄၀၇)ဦးစုစုပေါင်း(၂,၈၇၃)ဦး။ နောက်ပြီး နီးတဲ့ မယ်သူကျေးရွာ အုပ်စုက ရွာ(၂)ရွာအိမ်ခြေ(၅၁)အိမ်လူဦးရေက မ(၁၅၆)ဦး၊ ကျား(၁၄၇)ဦးစုစုပေါင်း(၃၀၃)ဦးဖြစ်တယ်။ ခူသူထကျေးရွာ လည်းအိမ်ထောင်စု(၄၀)က ဘေးလွတ်ရာကို ထွက်ပြေးပြီး ရွာမှာအိမ်ထောင်စု (၅)စုဘဲ ကျန်တယ်။” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ ဒေသခံများသည် ဘေးလွှတ်ရာကျေးရွာများနှင့် နီးစပ်ရာ ဒေသများတွင် ထွက်ပြေး တိမ်းရှောင်နေကြ ရပြီး လတ်တလောတွင်လည်း နယ်ခြားစောင့်တပ် နှင့်တပ်မတော်တို့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ခြိမ်းခြောက်ပစ်ခတ်မှုများကြောင့် ၎င်းဒေသခံများမှာ သက်ဆိုင်ရာကျေွးရွာများသို့ ပြန်လည်ဝင်ရောက် နေထိုင် နိုင်ခြင်းမရှိသေးကြောင်းလည်း KNU တပ်မဟာ(၅)က ပြောသည်။

၎င်းဒေသတွင် တပ်မတော်ဘက်မှ တပ်မတော် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈)လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၃၃၉)မှ အဓိက လှုပ်ရှားနေပြီး KNU ဘက်မှ တပ်မဟာ (၅) လက်အောက်ခံ KNLA (၁၀၂) တပ်ရင်းတို့ အဓိက အခြေချလှုပ်ရှားနေကာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ နှစ်ဖက် ပစ်ခတ်မှု များ စတင် ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ရက်နေ့က KNLA၏ မိုင်းဆွဲတိုက်ခိုက်မှု ကြောင့် တပ်မတော်သားအချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

KNU ၏ ယခုလို တိုက်ခိုက်မှုများသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA ပါ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘတ်ဆိုင်ရာ ကျင့်ဝတ် (Code of Conduct) အခန်း(၃) ပါ ပြဌာန်းချက်များကို ချိုးဖောက်ကြောင်း၊ ၎င်းချိုးဖောက်မှုများကို ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေး ကော်မတီ(JMC)သို့ (၃၉) ကြိမ်တိုင် ကန့်ကွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် နယ်မြေတည်ငြိမ်ရေး နှင့် လုံခြုံ ရေးအတွက် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒီဇင်ဘာလ ၁၅ ရက်နေ့က တပ်မတော်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။

အလားတူ ၎င်းထုတ်ပြန်ချက်အပြီး KNU တပ်မဟာ (၅)ဘက်မှလည်း မယ်ဝေ(မဲဝိုင်) ကိစ္စရပ်အပေါ် ပြန်လည်ရှင်းလင်းသည့် စာကို ဒီဇင်ဘာလ (၁၆)ရက်ပါ ရက်စွဲဖြင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် JMCသို့ ပြန်လည်ပေးပို့ခဲ့ပြီး လက်ရှိပြဿနာတွင် တပ်မတော်ဘက်မှ နှစ်ဖက်သဘောတူညီချက်များအပြင် လူ့အခွင့် အရေးကိုပါ ချိုးဖောက်နေမှုများသာဖြစ်ကြောင့် ဆိုထားသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ဒါရိုက်တာ “လူ့အခွင့်အရေးရှု့ထောင့်အရ ဒေသခံတွေကျေးရွားသားများ အနေဖြင့် ကြောက်ရွံ့မှုမရှိဘဲ နေထိုင်ခွင့် သူတို့မှာ ရှိပြီးသား။ အခုလက်ရှိ အချိန်ဆိုလည်း အေးတဲ့ရာသီ ဖြစ်တဲ့ အပြင် သီးနှံရိတ်သိမ်းချိန်လည်းဖြစ်တယ်အတွက် အခုလို ပြေးလွှားနေရတယ်ဆိုရင် သူတို့ရဲ့ ရှေ့အနာ ဂတ်အတွက် စိန်ခေါ်မှုတွေ များလာနိုင်ပါတယ်။ ကိုဗစ် ကာလကလည်းရှိနေတဲ့အခါမှာ သူတို့တွေ အနေနဲ့ လူသားတစ်ယောက်အနေနဲ့ အသက်ရှင် နေထိုင်ခွင့် မရကြဘူး” ဟု ကေအိုင်စီသို့ပြောသည်။

လက်ရှိ အရပ်သား ထွက်ပြေးတိမ်းရှောင်နေရမှု နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရ တာဝန်ရှိသူများ ကို ဆက်သွယ်မေးမြန်းထားသော်လည်း ယနေ့ ဒီဇင်ဘာလ ၂၈ရက်နေ့ ညနေပိုင်းအထိ တစ်စုံတစ်ရာ တုန့်ပြန် ပြောကြားခြင်း မရှိသေးပေ။

KNU နှင့် အစိုးရ၊ တပ်မတော်တို့အကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို သဘောတူ လက်မှတ်ရေးထိုးထားသည်မှာ (၅)နှစ်ကျော်ကြာပြီးဖြစ်သော်လည်း ယနေ့အချိန်ထိ တပ်ပိုင်း ဆိုင်ရာ ကိစ္စများကို အကြေအလည်မဆွေးနွေးနိုင်မှုများကြောင့် နယ်မြေကျူးကျော်သည့် အပြန်အလှန် စွပ်စွဲချက်များ ဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများမကြာခဏ ဖြစ်ပွားလျက်ရှိသည်။

၎င်း NCAပါ သဘောတူညီချက်၏ အခန်း(၃)ပါ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အကြား လိုက်နာရမည့် အရပ်သားများကို အကာအကွယ်ပေးခြင်းဆိုင်ရာ သဘော တူညီချက်၏ အပိုဒ်(၉) အပိုဒ်ခွဲ(ဂ)အရလည်း ဒေသခံပြည်သူများကို အဓမ္မ နေရပ်စွန့်ခွာစေခြင်း ၊ ရွှေ့ပြောင်းစေခြင်းမပြုရ ဟူ၍ ပါရှိသည်။

လတ်တလော တင်းမာမှု ဖြစ်ပွားနေသည့် မယ်ဝေ(မဲဝိုင်)ရွာလယ် ဘုန်းကြီးကျောင်းအနီး စခန်းချထားသည့် တပ်မတော် စခန်းအပါအဝင် KNU သတ်မှတ် နယ်မြေများအတွင်းရှိ ဒေသခံလူထုနှင့်နီးကပ်သည့် တပ်စခန်းများအား ယခုနှစ်ကုန်တွင် အပြီး ရုပ်သိမ်းပေးရေး အတွက် KNLA ဗဟိုမှ ဒီဇင်ဘာလ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင်ထုတ် ပြန်ခဲ့သေးသည်။

စအိုင်ဆူး(KIC) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here