မဲဆောက်ရှိ မြန်မာနိုင်ငံသား မဲပေးခွင့်ရှိသူ ၁၀၀ ကျော် ကြိုတင်မဲပေးခွင့် ဆုံးရှုံးခဲ့ဟုဆို

အောက်တိုဘာ ၁၉ရက်၊ ၂၀၂ဝပြည့်နှစ်။

ထိုင်း-မြန်မာ နယ်စပ်မြို့ ၊ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ခြမ်းတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများထဲမှ မဲပေးခွင့်ရှိသူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀ ကျော်ခန့် ကြိုတင်ဆန္ဒမဲ ပေးခွင့် ဆုံးရှုံးခဲ့ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများပြောသည်။

လက်ရှိ ကာလအတွင်း မဲဆောက်မြို့၌ ကိုဗစ်ရောဂါပိုးရှိသူ တွေ့ရှိခြင်းနှင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှု တို့ေ ကြာင့် အာဏာပိုင်များ၏ သွားလာခွင့်ပိတ်ပင်ခံခဲ့ရခြင်းတို့ကြောင်း ယခုလို မဲပေးခွင့် ဆုံးရှုံးခဲ့ရကြောင်း မဲဆောက်အခြေစိုက် ရောက်ခြည်ဦး အလုပ်သမား များအဖွဲ့၏ မဲဆောက်ရုံး တာဝန်ခံ ဦးမိုးကျော်က ယခု လိုပြောသည်။

၎င်းက “အခု ဒီ တစ်ရာကျော်ဆိုတာက စက်ရုံတို့ စိုက်ပျိုးရေးလုပ်ငန်း ခွင်က ဖြစ်တယ်။ သူတို့က ခရီးသွား လာခွင့်ရှိပေမဲ့ ဘန်ကောက်တို့ဘာတို့ မသွားဖူးကြသလို သံရုံးနေရာလည်း မသိကြဘူး။ အဲ့တေ့ာ အလုပ်သမား သံအရာရှိရုံးက ဒီလူတွေအတွက် မူလက သွားလာရေး စီစဉ်ပေးမယ်ပေါ့။ စီစဉ်နေရင်းကနေ ထိုင်းနိုင်ငံတွင်း ထဲမှာ ဆန္ဒပြမှုတွေ ဖြစ်လာတယ်၊ အရေးပေါ်ကြေညာချက်တွေ ထွက်လာ တယ်။ တပြိုင်နက်ထဲမှာပဲ ဒေသ တွင်းမှာ ကိုဗစ်ရောဂါပိုးရှိသူလူနာတွေ ရုတ်ချည်း တက်လာတယ်။ အဲ့လိုတွေ့ရှိတာကြောင့် ဒေသအာဏာပိုင် တွေက နိုင်ငံရဲ့ အတွင်းပိုင်းကို အုပ်စုလိုက်ခရီးသွားလာခွင့်မျိုးကို ပိတ်ပင်လိုက်တာကြောင့်ဖြစ်တယ်” ဟု ကေအိုင်စီသို့ပြောသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း အစိုးရအပေါ် လူထုဆန္ဒပြ လှုပ်ရှားမှုများ ကြီးမားပြင်းထန်လာသည့်အတွက် အောက်တိုဘာလ ၁၅ရက်နေ့က အရေးပေါ်အခြေအနေ ကြေညာခဲ့သလို မဲ ဆောက်မြို့ တွင်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကိုဗစ်ရောဂါပိုးရှိသူ တွေ့ရှိလာပြီးနောက် မြို့နေ ရပ်ကွက်အချို့ကို သွားလာခွင့် ကန့်သတ်မှုများ ပြုလုပ်ခဲ့ရသည်။

ထိုသို့ ထိုင်းအစိုးရ၏ အရေးပေါ် အခြေအနေ ကြေညာမှု နှင့် အတူ မဲဆောက်မြို့အတွက် ရောဂါပိုး တွေ့ ရှိလာမှုတို့ကြောင့် လူစုလူဝေးဖြင့် သွားလာမှုကို ထိုင်းအာဏာပိုင်များမှ ခွင့်မပြုခဲ့ခြင်းဖြစ်သည်ဟု အလုပ်သမားသံအရာရှိမှ အတည်ပြုပြောဆိုခဲ့ကြောင်း ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့၏ လူမှုကွန်ယက် စာမျက်နှာ၌ ဖော်ပြထားသည်။

အလားတူ အဆိုပါ ဘန်ကောက်မြို့တွင်း လူထုအုံကြွမှုဖြစ်စဉ်များနှင့် အရေးပေါ် အခြေအနေ ကြေညာခြင်း တို့ကြောင့် မြန်မာနိုင်ငံသားအချို့ မဲထည့်ခွင့်ဆုံးရှူံးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်းလည်း မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ-JACBA ဥက္ကဌ ဦးမိုးကြိုးက ယခုလိုပြောသည်။

၎င်းက “အခုနောက်ပိုင်းက ဘန်ကောက်မြို့တော် တစ်ဝိုက်မှာ ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်နဲ့ ထိုင်းအစိုးရကို ဆန့် ကျင်ဆန္ဒပြတာတွေ ပေါ်ပေါက်လာတော့ ဟိုနေရာတွေ မသွားရ ဒီနေရာတွေ မသွားရဆိုတဲ့ ပိတ်ဆို့မှု တွေပေါ့ အဓိကကတော့ အောက်တိုဘာ ၁၇နဲ့ ၁၈လောက်မှာ အဲ့ဒါသွားကြုံရတယ်။ ဒါက ဆန္ဒပြမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးပေါ့။ ရှေ့ပိုင်းတွေတုန်းကကျတော့ ကိုဗစ်ကပ်ရောဂါကာလရဲ့ဆိုးကျိူးတွေပေါ့ အလုပ်ရှင်ဆီက ခွင့်မရ တာတွေ ၊ Lock down ချတာတွေကြောင့် မဲပေးခွင့် ဆုံးရှုံးကြတာလည်းရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆောက်မြို့အတွင်း ပုံစံ ၁၅ ဖြင့် ကြိုတင်မဲစာရင်း တင်ခဲ့သူ ၁ထောင်ကျော်ရှိပြီး အများစုမှာ ပုဒ်မ (၆၄) ရာသီအလိုက် အလုပ်သမား လက်မှတ်ကိုင်ဆောင်သူ များနှင့် ထိုင်းနိုင်ငံအတွင်းခရီးသွားလာခွင့်ရှိသော ပါ့စ်ပို့၊ CI၊ PJ စသည့် လက်မှတ်ကိုင်ဆောင်သူ များ ဖြစ်ကြသည်ဟု ရောင်ခြည်ဦး အလုပ်သမာများအဖွဲ့က ဆိုသည်။

ထိုင်းနိုင်ငံအတွင်း မဲပေးခွင့် ဆုံးရှုံးသွားသူအများစုမှာ စက်ရုံ၊ အလုပ်ရုံ နှင့် သွားလာရေး အခက်အခဲရှိသည့် ရာသီ အလိုက် မြန်မာရွှေ့ပြောင်း အလုပ်သမား များအပြင် မဲသွားရောက် ထည့်ရမည့် ဘန်ကောက် နှင့် ချင်းမိုင်မြို့ များနှင့် ဝေးကွားသော နေရာ ဒေသအသီးသီးတွင် ရောက်ရှိနေကြသူများပါဝင်ကြသည်။

ထိုင်းနိုင်ငံအတွင် ကြိုတင်ဆန္ဒမဲပေးခြင်းကို ပြီးခဲ့သည့် အောက်တိုဘာလ ၃ရက်နေ့က စတင်ခဲ့ပြီး ယမန်နေ့ အောက်တိုဘာလ ၁၈ရက်နေ့အထိ သတ်မှတ်ထားပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံး နှင့် ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ရုံးတို့တွင် သွားရောက် ဆန္ဒမဲပေးရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း တရားဝင် မှတ်ပုံတင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အင်အား (၁.၅) သန်းရှိ ပြီး ထိုင်းနိုင်ငံအတွင်း ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်လျှောက်ထားသူ များမှ မဲပေးခွင့်ရသူ (၃၉,၀၀၀) ကျော်ရှိ သည့် အနက် (၁၆,၈၃၀)ဦးသာ ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်းလည်း အလုပ်သမား အရေး ကူညီဆောင်ရွက် ပေးသူ များထံမှ သိရသည်။

ထို့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပိုမိုမဲထည့်ခွင့်ရရေး အတွက် ထိုင်းနိုင်ငံ၏ နီးစပ်ရာ ခရိုင် ဒေသ အလိုက် ယာယီသံရုံးများဖွဲ့၍ မဲရုံများ ဖွင့်လှစ်ပေးရန် သက်ဆိုင်ရာ မြန်မာအာဏာပိုင်များကို အလုပ်သမား အရေး ဆောင်ရွက်သူများက တောင်းဆိုခဲ့ကြ သည်ဟုလည်းသိရသည်။

စအိုင်ဆူး(KIC) – ရေးသည်။

Share me now!
Do NOT follow this link or you will be banned from the site!