29 March 2024 /

See today's Peace Related News

“လူ့အခွင့်ရေးချိုးဖောက်မှုတွေ အနည်းဆုံးဖြစ်အောင် ပဋိပက္ခဖြစ်စဉ်မှာပါဝင်နေတဲ့ တပ်မတော်နှင့် AA ကို စောင့်ကြည့်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်သွားပါမယ်” Salai Sang Hnin Lian (CHRO)

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှ Human Rights & Freedom Program Director တွေ့ဆုံမေးမြန်းခြင်း

၁၁ ဇန်နဝါရီ ၂၀၂၁

ချင်းပြည်နယ်အတွင်းဖြစ်ပွားနေတဲ့လူ့အခွင့်အရေးချိူးဖောက်မှုတွေကို အနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ ချင်းလူ့အခွင့် အရေးအဖွဲ့(CHRO) က ၂၀၂၀ ခုနှစ်အတွင်း ချင်းပြည်နယ်မှာဖြစ်ပွားနေတဲ့ အထူးသဖြင့် ပလက်၀မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိူးဖောက်ခံရမှု အစီရင်ခံစာတစ်ရပ်ကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာထဲ မှာ အဓိကဘာတွေပါ၀င်တာလဲ၊ ၂၀၂၀ ခုနှစ်အတွင်း ချင်းပြည်နယ်မှာ ဘယ်လိုလူ့အခွင့်အရေးချိူးဖောက်မှုတွေဖြစ်ပွားခဲ့ လဲ၊ အဲဒီလူ့အခွင့်အရေးချိူးဖောက်မှု တွေဟာ ဘယ်သူတွေကကျူးလွန်ခဲ့ကြတာလဲ စတဲ့အကြောင်းအရာကိစ္စနဲ့ပတ်သက်ပြီး CHRO အဖွဲ့ရဲ့ Human Rights Education & Freedom of Religion or Belief Program မှ Director Salai Sang Hnin Lian ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ချင်းလူ့အခွင့်အရေးအဖွဲ့အနေနဲ့ ၂၀၂၀ Annual Report ထုတ်ထားတယ်ပေါ့နော်၊ အဲဒီအကြောင်းကိုအရင်ဆုံးပြောပေးပါဦးဗျ

ဖြေ။ ။ ကျနော်တို့ လွန်ခဲ့တဲ့ ၃နှစ် ၂၀၁၈ ကနေ ဒီနှစ် ၂၀၂၀ ထိ နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာကို အမြဲတမ်းထုတ်ပါတယ်၊ ဒီနှစ်ဆို ၃ နှစ်မြောက်ရှိပြီပေါ့၊ ဒီနှစ်မှာတော့ ၂၀၂၀ နှစ်မှာ ဖြစ်ပျက်တဲ့ ချင်းပြည်သူတွေ ကြုံနေရတဲ့ လူ့အခွင့်ရေးချိုးဖောက်မှု အဆိုးဆုံးကြုံရတဲ့အခြေအနေ၊ လူ့အခွင့်ရေးချိုးဖောက်မှု အများဆုံး ကြုံရတဲ့နေရာတွေကို အဓိကထားပြီးတော့ Annaul Report မှာ ထည့်သွင်းထားပါတယ်၊ အဓိကပါတဲ့ အချက်အလက်တွေကို ခြုံငုံပြီးတော့ ပြောမယ်ဆိုရင်တော့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် အမ်းဘက်မှာ ချင်းတွေ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပေါ့၊ အဓိကတော့ တိုက်ပွဲကြောင့် ဒုက္ခခံရတဲ့ ပြည်သူတွေကို အဓိကထားပြီးတော့ ထုတ်ပြန်တာဖြစ်ပါတယ်၊ ပြီးတော့ တစ်ခြားကတော့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ တစ်ခြား လူ့အခွင့်ရေးကဏ္႑လေးတွေကိုလည်း ကျနော်တို့ ထည့်ထားပါတယ်။

မေး – ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်မှာဘဲဖြစ်ဖြစ် ချင်းပြည်နယ်မှာဘဲဖြစ်ဖြစ် ရက္ခိုင့်တပ်မတော် နဲ့ မြန်မာ့တပ်မတော်တို့ စစ်ဖြစ်ပြီးနောက်ပိုင်းမှာ ချင်းလူမျိုးတွေအနေနဲ့ ဘယ်လောက်ထိ ဆုံးရှုံးနစ်နာမှုတွေ ကြုံတွေ့နေရလဲ။

ဖြေ – အေအေနဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ်တာက ၂၀၁၅ မတ်လ ၂၈ရက်နေ့မှာ ပထမဆုံး သေနတ်သံကို ချင်းပြည်နယ် ပလက်ဝမှာ ကြားခဲ့ရတာဖြစ်ပါတယ်၊ ဒီနှစ်နဲ့ဆိုရင် ငါးနှစ်တိတိ ရှိနေပြီဖြစ်တယ်၊ ဒီငါးနှစ်အတွင်းမှာ ၂၀၂၀ ဟာဆိုရင် အဆိုးဝါးဆုံးနှစ်လို့ ပြောလို့ရတယ်၊ ပြည်သူတွေအခံရဆုံး နှစ်လို့လည်းပြောလို့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၉ နောက်ပိုင်း နိုဝင်ဘာ ဒီဇင်ဘာလောက်ကနေ သေနတ်သံတွေ ပြင်းထန်စွာ ကြားရလာပြီးတော့ ၂၀၂၀ ဖေဖော်ဝါရီလ မှာဆိုရင် အဆက်သွယ်တွေအကုန်လုံး လမ်းပန်းဆက်သွယ်ရေး ဖုန်းလိုင်းတွေ အင်တာနက်တွေ အကုန်ပိတ်လိုက်တယ်၊ တပ်မတော်ဘက်ကနေ တိုက်လေယာဉ်တွေသုံးတယ်၊ လက်နက်ကြီးတွေသုံးပြီးတော့ ပြည်သူတွေရှိတဲ့ နေရာကိုလည်း မချန်ထားဘဲနဲ့ ပစ်ချခဲ့လို့ ဒီနှစ်မှာဆိုရင် အသေပျောက် ဒဏ်ရာရတဲ့သူတွေ အများဆုံးနှစ်ဖြစ်တယ်၊ ကျနော်တို့ ချင်းပြည်နယ် ပလက်ဝမှာတင်မဟုတ်ဘဲနဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ ရခိုင်ပြည်နယ် မြေပုံ မင်းပြားဘက်မှာလည်း ဒီလိုမျိုးအခြေအနေကြုံရတယ်၊ ၂၀၂၀ ကတော့ အဆိုးရွားဆုံးနှစ်ဖြစ်တယ်ပေါ့။

မေး။ ။ အထူးသဖြင့် ပလက်ဝမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒေသံတွေအနေနဲ့ စစ်ဒဏ်ကို ဘယ်လောက်ထိ ဆိုးဆိုးရွားရွားခံစားခဲ့ရလဲ။

ဖြေ – ဒီနှစ်အတွင်းကိုဘဲ ပြောမယ်ဆိုလို့ရှိရင် ၂၀၂၀ ဖေဖော်ဝါရီလမတိုင်ခင်မှာ ရက်ပေါင်း ၄၀ အတွင်း တပ်မတော်နဲ့ အေအေတွေ စစ်တွေ ကျောက်တော် အဓိကရေကြောင်းလမ်း အနီးအနားမှာ ၄၁ ရက်တိုင်တိုင် မနားဘဲနဲ့ တိုက်ပွဲ တွေဖြစ်တဲ့အတွက်ကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ အကုန်လုံးပိတ်ရတယ်၊ ဖေဖော်ဝါရီ ၁၄ ရက်ကနေ လမ်းပန်း ဆက်သွယ်ရေးတွေ ပိတ်တဲ့အတွက်ကြောင့် ပလက်ဝကတော့ ဒီနေ့ဒီချိန်ထိလို့ ပြောလို့ရတယ်၊ ဝင်ထွက်သွားလာလှုပ်ရှား လို့မရတဲ့ ဒေသဖြစ်သွားတယ်၊ တစ်ဆက်တည်းမှာဘဲ ပျင်းထန်စွာ တပ်မတော်က လက်နက်ကြီးတွေသုံးတဲ့အတွက်ကြောင့် နှစ်ရက်တည်းမှာဘဲ မတ်လ ၁၅ ရက် ၁၆ ရက်မှာ ပလက်ဝနှင့် ကျောက်တော်အနီးအနားမှာရှိတဲ့ရွာတွေ ပွီဟုန်းဘက် မိတ်စာဝ ၁ ၂ ၃ ပြိုင်တင် ဘက်က တိုက်လေယာဉ်နဲ့ ရွာသားတွေရှိတဲ့နေရာကို တပ်မတော်ဘက်ကနေ မညှာဘဲနဲ့ တိုက်တဲ့အတွက်ကြောင့် နှစ်ရက်ထဲမှာ ၃၆ ယောက်နီးပါး ဒဏ်ရာရပြီးတော့ သေတဲ့လူလည်း ၂၁ယောက်လောက်ရှိတယ်၊ ဒီလိုမျိုး အခြေအနေတွေက အဆိုးရွားဆုံးဖြစ်တဲ့နှစ်လို့ပြောလို့ရတဲ့ဟာဖြစ်တယ်၊ နောက်ပြီးတော့ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်လိုက်တာကြောင့် ဖေဖော်ဝါရီလကတည်းကနေ ဒီနေ့ဒီချိန်ထိ လူသားချင်းစာနာထောက်ထားပြီးတော့ ဒုက္ခသည်တွေကို ထောက်ပံ့ဖို့သွားတဲ့ ပြည်သူတွေလည်း သွားလာလှုပ်ရှားရတာ တော်တော်ခက်တဲ့ အခြေအနေမှာ ရှိတယ်၊ ဒါကြောင့် ပလက်ဝမှာရှိတဲ့ပြည်သူတွေ IDPs ဒုက္ခသည်တွေဘဲ မဟုတ်ဘဲနဲ့ တိုက်ရိုက်မဟုတ်ဘဲနဲ့ သွယ်ဝိုက်ပြီးတော့ စစ်ရဲ့ဒဏ်ကို ခံရတာက ပလက်ဝပြည်သူတွေအကုန်လုံးဖြစ်တယ်၊ ပလက်ဝမှာ ရွာပေါင်း ၃၇၀ ကျော်ကျော်ရှိတယ်၊ အဲဒီမှာ လူဦးရေရဲ့ တစ်ဝက်ကျော်ကျော်က စစ်ဘေးဒဏ်ကို ခံနေရတယ်၊ စားနပ်ရိက္ခာကအစ ဆေးဝါးကအစ အခက်အခဲရှိတယ်လို့ ကျနော်တို့ရဲ့ မှတ်တမ်းပြုစုချက်အရ သိရပါတယ်။

မေး။ ။ စစ်ဖြစ်ပြီးနောက်ပိုင်းမှာ ဆရာတို့ရဲ့မှတ်တမ်းတွေအရ အခုချိန်ထိ ချင်းလူမျိုး ဒဏ်ရာရမှုတွေ သေဆုံးမှုတွေ အဖမ်းခံရမှုတွေ ဘယ်လောက်ထိ ရှိသွားပြီလဲမသိဘူး။

ဖြေ။ ။ ပထမဆုံးစစ်ပွဲဖြစ်ခဲ့တဲ့ ၂၀၁၅ကနေ ဒီနေ့ဒီချိန်ထိ ကျနော်တို့ တတ်နိုင်သလောက် ပြုစုတာက အသေပျောက်က ၄၆ ယောက်လောက်ရှိတယ်၊ အဲဒါက ကျနော်တို့ အတည်ပြုနိုင်တဲ့ဟာကိုဘဲ ပြောတာဖြစ်တယ်၊ တစ်ခြားအများကြီးရှိနိုင်တ ယ်၊ ပြီးတော့ ပျောက်ဆုံးတဲ့လူတွေ အဖမ်းခံရတဲ့သူတွေက ၂၀၁၅ မတ်လကနေ ၂၀၂၀ နိုဝင်ဘာလအထိ ၁၀၉ ဦးကို အဖမ်းခံရတာလား တစ်ခုခုကြောင့် သူတို့ပျောက်ဆုံးတယ်၊ အဲဒီထဲမှာ ကျနော်တို့ ချင်းတွေလည်းပါတယ်၊ ဗမာတွေလည်း ပါတယ်၊ နိုင်ငံခြားသားတွေလည်းပါတယ်၊ လွှတ်တော်အမတ်တွေလည်းပါတယ်၊ လူငယ်ခေါင်းဆောင်တွေလည်းပါတယ်၊ သာမန်လူတန်းစား တောမှာ အစာရှာဖို့သွားရင်းနဲ့ ပျောက်သွားတဲ့သူတွေလည်းရှိတယ်၊ အဲဒီထဲမှာ ရွာလုံးကျွတ်အဖမ်းခံရ တဲ့ သူတွေလည်းရှိတယ်၊ ဉပမာ ကင်းတလင်းရွာပေါ့၊ အဲဒီပျောက်သွားတဲ့သူတွေထဲမှာ အငယ်ဆုံးက ကျနော်တို့ရဲ့ မှတ်တမ်းအရ အသက်အငယ်ဆုံးက ၁၅နှစ် နဲ့ အသက်ကြီးဆုံးက အသက် ၆၀ရှိတယ်၊ အခုလက်ရှိအချိန်ထိ ကျနော်တို့ရဲ့ မှတ်တမ်းအရ ၁၆/၁၇ ယောက်လောက် ပျောက်ဆုံးနေဆဲဖြစ်တယ်၊ အေအေဆီမှာရှိတာလား တပ်မတော်ဆီမှာရှိတာလား ဆိုတာတော့ အတည်ပြုလို့မရဘူး။

ပြီးတော့ နှစ်ဘက်ကနေ မြေမြုပ်မိုင်းသုံးတဲ့အတွက်ကြောင့် ဒီနေ့အထိ ဖြစ်စဉ် ၁၂ ခုလောက် ကျနော်တို့ ပြုစုထားတာရှိ တယ်၊ ဒီနှစ်အတွင်းမှာဆိုရင် မြေမြှပ်မိုင်းထိတဲ့သူ ငါးခုလောက်ရှိတယ်၊ အဲဒီမှာ ငါးဦးသေ ငါးဦး ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေရှိ ပါတယ်၊ မြေမြှပ်ဗုံးကတော့ တိုက်ပွဲတွေပြီးသွားရင်လည်း ကျန်နေခဲ့မှာ၊ အဲဒါက ပြည်သူတွေအတွက် စိုးရိမ်ရတဲ့ အခြေ အနေမှာရှိတယ်၊ ဒီတိုက်ပွဲကြောင့်ဘဲ ဒေသဘက်မှာ အဖွဲ့အစည်းတွေကို ဦးစီးဦးဆောင်ပြီးတော့ ဒုက္ခသည်တွေအတွက် လှုပ်ရှားတဲ့သူတွေက ခြိမ်းခြောက်ခံရတယ်၊ နှစ်ဘက်စလုံးကနေ ခြိမ်းခြောက်ခံရတာဖြစ်တယ်၊ အခုလက်ရှိ သူတို့ မြို့ ရွာမှာ မနေရဲဘဲနဲ့ ထွက်ပြေးပြီးတော့ တစ်ခြားမြို့တွေ တစ်ခြားနယ်တွေမှာ တိမ်းရှောင်နေရတဲ့ ပလက်ဝချင်းပြည်သူ အများကြီးရှိတယ်၊ အကျဉ်းချုပ်ပြောရရင် ဒီနှစ် အဆိုးရွားဆုံးအခြေအနေမှာ တစ်ခြားအမျိုးသမီး တွေနဲ့ ပတ်သတ်ပြီးတော့လည်း ဖိနှိပ်ခံနေရတာတွေရှိတယ်၊ ရွာတွေမှာဆင်းပြီးတော့ တပ်မတော်ဘဲဖြစ်ဖြစ် အေအေဘဲဖြစ်ဖြစ်၊ ရွာသားတွေဆီကနေ စစ်ကြေးတောင်းတာတို့ ဆန်တောင်းတာတို့ စားစရာတွေတောင်းတာတို့ လည်းရှိတယ်၊ ဒီဟာတွေကိုလည်း ကျနော်တို့ရဲ့ အစီရင်ခံစာမှာ အသေးစိတ်ဖော်ပြထားပါတယ်။

မေး။ ။ ပလက်ဝဒေသမှာဘဲဖြစ်ဖြစ် တစ်ခြားဒေသမှာဘဲဖြစ်ဖြစ် လူအခွင့်အရေး ချိုးဖောက်ခံရမှုတွေက ဘယ်လို မျိုးပုံစံတွေများလဲ၊ အဲဒါတွေကို အေအေဘက်က ကျူးလွန်တာများလား၊ တပ်မတော်ဘက်က ကျူးလွန်တာများလား။

ဖြေ။ ။ လူ့အခွင့်အရေးချိုးဖောက်မှုလို့ ပြောတဲ့နေရာမှာ အခုကျနော်တို့ မှတ်တင်တဲ့ဟာကတော့ အဓိကအနေနဲ့ ပဋိပက္ခပေါ့နော်၊ တိုက်ပွဲကြောင့် ခံနေရတဲ့ပြည်သူတွေရဲ့အခြေအနေကို အဓိကထားပြီးတော့ မှတ်တမ်းတင်တာဖြစ်တယ်၊ နံပါတ် (၁) ပြည်သူတွေအသက်ဆုံးရှုံးရတယ်၊ ၃၆ဦး အသက်ဆုံးရှုံးရတယ်၊ ၂၇ဦး ဒဏ်ရာရတယ်၊ အဲဒီထဲက ၁၃ဦးက ကလေးသူငယ်တွေဖြစ်တယ်၊ ပြီးတော့ တိုက်ပွဲကြောင့်ဘဲ လမ်းပန်းဆက်သွယ်ရေးတွေ အကုန်ပိတ်တယ်ဆိုတော့ ဒီဟာက ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာအတွက် အခက်အခဲအများကြီး ဆုံးရှုံးရတယ်။ ပြီးတော့ ဒီတိုက်ပွဲကြောင့်ဘဲ တစ်ဘက်နဲ့တစ်ဘက်က မယုံကြည်လို့ ပြည်သူတွေ ဒါမှမဟုတ် ရွာဉက္ကဌတွေကို ခေါ်ပြီးတော့ ညှင်းပန်းနှိပ်စက်တာတွေရှိတယ်၊ အဲဒါက တပ်မတော်ဘက်ကလုပ်တာလည်းရှိတယ်၊ အေအေဘက်ကလုပ်တာ လည်းရှိတယ်၊ မြေမြုပ်မိုင်းကြောင့်လည်း ဒုက္ခခံနေရတယ်၊ ဒီလိုမျိုးအခြေအနေမှာ အခက်ခဲဆုံးဖြစ်တဲ့ဟာကတော့ သတင်းအချက်အလက်တွေထိန်ခြန်ထားတာဖြစ်တယ်၊ အစိုးရကနေ အင်တာနက်ဆက်သွယ်ရေးတွေ ပိတ်လိုက်တဲ့ အတွက်ကြောင့် သတင်းအချက်အလက်ရယူပိုင်ခွင့် ဆုံးရှုံးတယ်၊ ကမ္ဘာမှာအရှည်ကြာဆုံး အင်တာနက်ပိတ်ပင်မှု ဖြစ်တယ်လို့ နိုင်ငံတကာကလည်း သိထားပြီးသားဖြစ်တယ်၊ ဒီလိုမျိုးအခြေအနေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုကအများကြီးပါဘဲ၊ ခြုံငုံပြီးပြန်ပြောရရင် အသက်ဆုံးရှုံးရတယ်၊ ဒဏ်ရာတွေရတယ်၊ စားနပ်ရိက္ခာခက်ခဲတယ်၊ ပြီးတော့ ကိုဗစ်မစခင်မှာ ပလက်ဝမြို့နယ်မှာ ကျောင်းပေါင်း ၃၀၀ကျော်ရှိတဲ့အထဲက ၁၀၀ကျော်ကျော်မှာ ကလေးတွေကျောင်းမတက်နိုင်ခဲ့ဘူး၊ ကျောင်းနေရမယ့်ကလေးတွေ ကျောင်းမနေနိုင်ဘဲနဲ့ တိမ်းရှောင်နေရတဲ့ အခြေအနေမှာရှိတယ်၊ သူတို့တိမ်းရှောင်ပြီးမှ ဘာပြန်ကြုံရလဲဆိုရင် သူတို့ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားနပ်ရိက္ခာ အစားအစာတွေ လုံလုံလောက်လောက်မရတဲ့ဟာတွေရှိတယ်၊ တစ်ခါတစ်လေကျရင် ဆန်ပြုတ်ပြုတ်ပြီးတော့ စားနေရတဲ့အခြေအနေမှာရှိတယ်။

မေး။ ။ စစ်ဖြစ်တဲ့နေရာတွေမှာ ကြုံရတတ်တဲ့ မုဒိန်းမှုတွေ အမျိုးသမီးတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေရော ပလက်ဝဘက်မှရှိလား။

ဖြေ။ ။ လွန်ခဲ့တဲ့ ၉ လလောက် ကျနော်တို့ ပြုစုတဲ့ဟာထဲမှာ Case နှစ်ခု တက်လာပါတယ်၊ ဒါပေမယ့် ပလက်ဝရဲ့အခြေအနေ သတင်းစိစစ်နိုင်ဖို့အခြေအနေ၊ အခင်းဖြစ်တဲ့နေရာမှာ သွားပြီးတော့ ခံရတဲ့သူနဲ့ တိုက်ရိုက်စကားပြောတာတွေ မလုပ်နိုင်တဲ့အတွက် ကျနော်တို့အစီရင်ခံစာမှာ မထည့်လိုက်ရတဲ့ နှစ်ခုရှိတယ်၊ ကျနော်တို့အစီရင်ခံစာမှာက လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းအရ အတည်မပြုနိုင်တဲ့အတွက်ကြောင့် ကျနော်တို့ မထည့်ထားဘူး၊ CHRO ကလည်း အဖွဲ့အစည်းအကြီးကြီးမဟုတ်တော့ လက်လှမ်းမှီသလောက်ဘဲ လုပ်တဲ့အတွက် မြေပြင်မှာရှိတဲ့ ပြည်သူတွေက ရဲရဲဝံ့ဝံ့နဲ့ ကျနော်တို့ကို သတင်းပေးဖို့လိုတယ်၊ ပြည်သူလူထုတွေက ပူးပေါင်းဖို့လိုတယ်၊ ဒီလိုမျိုး အခြေအနေကရှိနိုင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့မြန်မာနိုင်ငံရဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကြာ ပဋိပက္ခအခြေအနေကို ကြည့်မယ်ဆိုလို့ရှိရင် တပ်မတော်ဘက်ကနေဖြစ်ဖြစ် မုဒိန်းမှုတွေ ကျူးလွန်ခဲ့တာတွေ အများရှိတဲ့အတွက်ကြောင့် မှတ်တမ်းမတင်တဲ့အတွက် မရှိဘူးလို့ ပြောချင်တာတော့မဟုတ်ဘူး၊ ဒါပေမယ့်တစ်ခြား လက်လှမ်းမမှီတာဘဲဖြစ်မယ်လို့ပြောချင်ပါတယ်။

မေး။ ။ ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပလက်၀အရေးကိုင်တွယ်ဖြေရှင်းမှုအပေါ် ကျေနပ်အားရမှုရှိလား။

ဖြေ။ ။ ချင်းပြည်နယ်အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ကျိူးစားတာတော့တွေ့ရပါတယ်၊ ဒါပေမယ့် ချင်းပြည်နယ်အ စိုးရအနေနဲ့ သူတို့မှာရှိတဲ့ ဘတ်ဂျက်ကို ခွဲဝေပေးပြီးတော့ ဒုက္ခသည်တွေအတွက် ဆိုပြီးတော့ သတ်သတ်ဆောင်ရွက်ပေး တာမျိုး မတွေ့ရဘူး၊ တစ်ခြားအဖွဲ့အစည်းတွေက အလှူငွေတွေပေးတဲ့ဟာကို စီမံခန့်ခွဲရေးလုပ်ရုံဘဲ များသောအားဖြင့်မြင်နေရတယ်၊ တကယ်ဆိုရင် ကျနော်တို့ချင်းပြည်နယ်မှာ လူဦးရေအားဖြင့်ကြည့်မယ်ဆိုရင် ပလက်ဝကအများဆုံး၊ ပထဝီအနေအထားအရကြည့်ရင်လည်း ပလက်ဝက အကောင်းဆုံးဖြစ်နေတယ်၊ အဲလိုမျိုး ချင်းပြည်နယ်ရဲ့ လူဦးရေအများဆုံး ဖြစ်နေတဲ့နေရာက ဒီလိုမျိုးကြုံနေရတယ်ဆိုတော့ ချင်းပြည်နယ်အစိုးရအနေနဲ့ တစ်ခြားအဖွဲ့အစည်းတွေလည်းပါပြီးတော့ အစိုးရလည်းပါမယ့် ကော်မတီတစ်ခုဖွဲ့စည့်ပြီးတော့ ပလက်ဝအရေးကို ဘယ်လိုဆောင်ရွက်မလဲဆိုတာကို လွတ်လပ်စွာဆွေးနွေးပြီးတော့ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်တယ်လို့ ကျနော်မြင်တယ်၊ ချင်းပြည်နယ်အစိုးရက မလုပ်ဘူးလို့ ကျနော်ပြောချင်တာမဟုတ်ဘူး၊ လုပ်တာတော့လုပ်တယ်၊ ဒါပေမယ့် အစိုးရအနေနဲ့ ဒီထက်ပိုပြီးတော့ အများကြီးလုပ်နိုင်တယ်ဆိုတာပြောချင်တယ်၊ အစိုးရဘဲဖြစ်ဖြစ် ပြည်သူတွေဖြစ်ဖြစ် ပူးပေါင်းပြီးတော့ လူဦးရေ လေး ငါး သောင်းလောက်ကြုံနေရတဲ့ ပြသနာကို အစိုးရအနေနဲ့ ပိုပြီးတော့ ဆောင်ရွက်သင့်တယ်လို့ ကျနော်ပြောချင်ပါတယ်။

မေး။ ။ အခုပလက်ဝမှာကြုံနေရတဲ့ စစ်ရေးပဋိပက္ခတွေကို ဘယ်လိုအဖြေရှာပြီးတော့ ဖြေရှင်းသင့်ပါသလဲ။

ဖြေ။ ။ တိုက်ပွဲနဲ့ပတ်သက်တာဖြစ်တဲ့အတွက် နံပါတ် (၁) ကတော့ သေနတ်သံတွေရပ်ပြီးတော့ တိုက်ပွဲမှာပါဝင်နေတဲ့ တပ်မတော်နဲ့အေအေက သေနတ်တွေထားပြီးတော့ စားပွဲပေါ်မှာ ငြိမ်းချမ်းရေးဆွေးနွေးသင့်တယ်လို့ ကျနော်မြင်ပါတယ်၊ အခုလက်ရှိက တစ်ကမ္ဘာလုံးက ကြုံနေရတဲ့ ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလလည်းဖြစ်တယ်၊ ပြီးခဲ့တဲ့ မတ်လ ၂၃ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရဲ့အတွင်းရေးမှူးက ပြောခဲ့တာက ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ လက်နက်ကိုင်တွေက လက်နက်တွေချပြီးတော့ သူတို့အချင်းချင်း တိုက်တာကိုရပ်ပြီး ကိုဗစ်ကို ပြန်တိုက်ရမယ့်အချိန် ပြည်သူတွေအတွက် လှုပ်ရှားရမယ့်အချိန်လို့ ပြောခဲ့တယ်၊ အဲဒါကြောင့် ဒီချိန်မှာ သေနတ်က အဓိကမဟုတ်သေးဘဲနဲ့ ပြည်သူတွေကြုံနေရတဲ့ ဒီကပ်ဘေးကြီး ကြောင့်ကြုံရတဲ့ အခက်အခဲတွေကို ဦးစားပေးပြီးတော့ ပိုလုပ်သင့်တယ်လို့ ကျနော်မြင်တယ်၊ ရေရှည်အတွက်တော့ အေအေနဲ့ တပ်မတော်ကြားမှာဘဲ မဟုတ်ဘဲနဲ့ အခုလက်ရှိ မြန်မာနိုင်ငံအတွင်းမှာ နှစ်ပေါင်း ၇၀ကျော် ပဋိပက္ခကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေလည်း သွားနေတဲ့ဟာတွေရှိတယ်၊ ဒီဟာကို အဓိကထားပြီးတော့ သွားသင့်တယ်လို့ ကျနော်မြင်တယ်၊ ပြီးတော့ နှစ်ပေါင်း ၇၀ကြာ ဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ဖို့ဆိုရင် လက်နက်ကိုင်တွေ၊ အစိုးရနှင့် တပ်မတော်တွေအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဓိကထားပြီးတော့ လုပ်သင့်တယ်လို့ပြောချင်တယ်။

မေး။ ။ အခုလက်ရှိ အစိုးရအနေနဲ့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ချင်းလူ့အခွင့်အရေးအဖွဲ့အနေနဲ့ အားရကျေနပ်မှုရှိလား၊ နောက်တက်လာမယ့်အစိုးရကိုရော ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လိုကဏ္ဍမျိုးကို အဓိကထားဆောင်ရွက်စေချင်လေ။

ဖြေ။ ။ ဒီလာမယ့်အစိုးရကလည်း NLD ပဲပြန်ဖြစ်မယ်၊ ကျနော်တို့ရဲ့ ချင်းပြည်နယ်အခြေအနေနဲ့ပြောရရင် လွန်ခဲ့တဲ့ ငါးနှစ်တာမှာဘဲ တိုက်ပွဲတွေကြုံနေရတာဖြစ်တယ်၊ အဲဒီမတိုင်ခင်က သေနတ်သံတွေ မကြားခဲ့ရဘူး၊ CNF တော့ရှိခဲ့တယ် ဒါပေမယ့် ၂၀၁၂မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးစာချုပ်ချုပ်ခဲ့တော့ သေနတ်သံတွေမကြားခဲ့ရဘူး၊ ၂၀၁၅ ကနေ လက်ရှိ အချိန်ထိက သေနတ်သံတွေကြားနေရတယ်၊ ပြီးတော့ ၂၀၂၀ က အဆိုးရွားဆုံးနှစ်လို့ ပြောလို့ရတယ်၊ ငြိမ်းချမ်းရေး ကိစ္စကိုပြောမယ်ဆိုရင် အခုက လုံးဝရပ်နေသလိုဖြစ်နေတယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျနော်အနေနဲ့ပြောမယ်ဆိုရင် ချင်းပြည်နယ်အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦးအကြား သဘောတူညီထားတဲ့ အချက် ၅၁ ချက်ရှိတယ်၊ ပြီးခဲ့တဲ့ငါးနှစ်တာမှာ အဲဒီအချက်တွေကို အကောင်အထည်ဖော်မှုက မရှိသလောက်ဖြစ်တယ်။

အဲဒီအချက်တွေထဲမှာ ပါတဲ့ဟာတစ်ခုက လူ့အခွင့်အရေးရှုထောင့်နဲ့ပြောမယ်ဆိုရင် ချင်းပြည်နယ်မှာ မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်လိုပုံစံမျိုး လူ့အခွင့်ရေးကော်မတီဖွဲ့ဖို့လည်း ပါတယ်၊ အဲဒီဟာက လာမယ့်အနာဂတ်မှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေ အနည်းဆုံးဖြစ်အောင် နှစ်ဘက်ကနေ ကြိုးပမ်းမှုလုပ်ဖို့ကို သူတို့အဓိကထားပြီးတော့ သဘောတူညီချက်မှာထည့်ထားတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ငါးနှစ်အတွင်းမှာ လက်တွေ့အကောင်အထည်ဖော်မှုကို တစ်ခုမှမမြင်တွေ့ရတာကို တွေ့ရပါတယ်၊ နောက်တစ်ခုက ချင်းပြည်နယ်မှာ မြန်မာ့တပ်မတော်နှင့် ချင်းအမျိုးသား တပ်ဦးမှအပ ဘယ်သူမှ နေရာချပြီးတော့ လှုပ်ရှားခွင့်မရှိဘူးလို့ပါတယ်၊ ဒါပေမယ့် အခုလက်ရှိကျွန်တော်တို့ ကြုံနေရာတာက တစ်မျိုးဖြစ်နေတယ်၊ ဒီလိုမျိုးအခြေအနေမှာ နှစ်ဘက်ကနေ အများကြီးလုပ်ဖို့လိုတယ်လို့ ကျနော်တို့မြင်ပါတယ်။

မေး။ ။ ခုလက်ရှိ ပလက်ဝအရေးနဲ့ပတ်သတ်ပြီးတော့ ချင်းအမျိုးသားတပ်ဦးအနေနဲ့ ဘာမှဝင်မစွက်ဖက်ဘဲနဲ့ နှုတ်ဆိတ်သလိုဖြစ်နေတာကိုတွေ့ရတယ်၊ အဲဒီအပေါ် ဆရာ့ရဲ့အမြင်ကိုသိချင်တယ်။

ဖြေ။ ။ CNF ဘက်ကနေ ဘာမှ လှုပ်ရှားမှုမရှိဘူးဆိုတာကတော့ ကျနော့်အနေနဲ့ CNF တွေရဲ့ အတွင်းကျကျ လှုပ်ရှားမှုကို မသိတာလည်းဖြစ်နိုင်တယ်၊ ဒါပေမယ့် အခုကြားနေတဲ့ဟာတွေတော့ရှိတာပေါ့၊ ဒါပေမယ့်ဒီထက်တော့ သူတို့အများကြီးလုပ်နိုင်တယ်လို့မြင်တယ်၊ ဉပမာ ပလက်ဝမှာရှိတဲ့ ပြည်သူတွေတင်မဟုတ်ဘဲနဲ့ ချင်းပြည်နယ် တစ်ခုလုံးမှာရှိတဲ့ ပြည်သူတွေရဲ့ လှုပ်ရှားတဲ့ အခွင့်အရေးအတွက် လှုပ်ရှားတဲ့အဖွဲ့၊ ဒီမိုကရေစီအတွက် လှုပ်ရှားတဲ့အဖွဲ့၊ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လှုပ်ရှားတဲ့အဖွဲ့ ဖြစ်တဲ့အတွက်ကြောင့် သူတို့လုပ်နိုင်တဲ့ဟာ အများကြီးရှိတယ်လို့မြင်ပါတယ်၊ တစ်ဘက်မှာက သူတို့ကို ပြည်သူတွေက ဘယ်လောက်ထိ ထောက်ခံအားပေးတာလဲဆိုတာ မေးခွန်းမေးစရာ တွေရှိပါတယ်။

မေး။ ။ ချင်းပြည်နယ်မှာ စစ်ရေးပဋိပက္ခကြောင့် လူ့အခွင့်အရေးချိူးဖောက်မှုတွေအပြင် တခြားဘယ်လို လူ့အခွင့်အရေးချိူးဖောက်မှုတွေရှိလဲ။

ဖြေ။ ။ ၁၉၉၅ ကနေ ဒီနှစ်အထိ ချင်းလူ့အခွင့်ရေးအနေနဲ့ မှတ်တမ်းတွေပြုစုပြီးတော့ အဓိကအကြောင်းအရာ အနေနဲ့ ထွက်လာတာကတော့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုဘဲဖြစ်ပါတယ်၊ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေ အပိုဒ် ၃၆၁၊ ၃၆၂ မှာ ဖော်ပြထားတဲ့ဟာက ဗုဓ္ဒဘာသာက အထွဋ်အမြတ်ထားတဲ့ ဘာသာဖြစ်နေတယ်၊ ဒါပေမယ့် တစ်ခြား ခရစ်ယာန် မူဆလင် ဟိန္ဒူတွေက ဖွဲ့စည်းပုံအခြေခံဉပဒေရေးတဲ့အချိန်မှာ တည်ရှိနေတဲ့ဘာသာတွေဖြစ်တယ်ဆိုပြီး အသိအမှတ်ပြုထားတာပဲ ရှိတယ်၊ တစ်ကယ့်လက်တွေ့မှာ အစိုးရကနေ အကောင်အထည်ခေါ်တဲ့နေရာမှာ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ အခွင့်အရေးချိုးဖော်မှုတွေ အများကြီးကြုံတွေ့ရတယ်။

၂၀၁၂ မှာ CHRO ကနေ “ကျနော်တို့ရဲ့ရပ်တည်မှုကိုခြိမ်းခြောက်တယ်”ဆိုတဲ့ခေါင်းစဉ်နဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာလည်းထုတ်ခဲ့တယ်၊ အဲမှာထည့်ထားတာတွေက လက်ဝါးကားတိုင်တွေ ဖြိုချခံခဲ့ရတာတွေ အများကြီးရှိတယ်၊ လက်ရှိအခြေအနေမှာတော့ အရင်တုန်းကလို ပေါ်တင်ချိုးဖောက်ခံရတာတွေတော့ မရှိဘူး၊ ဒါပေမယ့် မူဝါဒပိုင်းဆိုင်ရာ တွေမှာ ချိုးဖောက်ခံရမှု အများကြီးကြုံတွေ့နေရတာတွေတော့ရှိတယ်၊ ပြောင်းလဲဖို့လည်း အများကြီးလိုသေးတယ်။

ဉပမာပြောရမယ်ဆိုရင် ကျနော်တို့ချင်းပြည်နယ်မှာ ခရစ်ယာန်အသင်းတော်ပေါင်း ၂၀၀၀ ဝန်းကျင်ရှိတယ်၊ အဲဒီထဲမှာ အကုန်လုံးနီးပါးက ဘာသာရေးဆိုင်ရာအသိအမှတ်ပြု မှတ်ပုံတင်ရတဲ့အဖွဲ့အစည်းမရှိဘူး၊ ဒီလိုမျိုးချိန်မှာ နိုင်ငံတော်က အထွဋ်အမြတ်ထားတဲ့ ဘာသာကျတော့ နေရာအထူးပေးပြီးတော့ သူတို့ကြိုက်တဲ့နေရာမှာ သူတို့လိုချင်တာအများကြီး လုပ်နိုင်တဲ့ အနေအထားမှာရှိတယ်၊ ပြီးတော့ ၁၉၉၃ ကနေ တပ်မတော်က နှစ် ၃၀ စီမံကိန်းနဲ့ချထားတဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိူးများ၏ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (နတလ) အစီအစဉ်မှာ ကျနော်တို့ချင်းတွေအများကြီး ချိုးဖောက်မှုကြုံနေရတာတွေရှိတယ်၊ အခုချိန်ထိ နတလ ကနေ ဖွင့်ထားတဲ့ကျောင်းက တစ်နိုင်ငံလုံးမှာ ကျောင်းပေါင်း ၃၃ ကျောင်းလောက်ရှိတယ်၊ အဲဒီမှာ ၁၀ ကျောင်းက ကျနော်တို့ ချင်းပြည်နယ်မှာရှိနေတယ်၊ ဘာဖြစ်လို့ ကျနော်တို့ချင်းပြည်နယ်မှာ နတလကျောင်းတွေ အဲလောက်များနေရတာလဲဆိုတာ မေးစရာရှိတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာ ရှိပါသေးလဲ။

ဖြေ။ ။ လက်ရှိချင်းပြည်သူတွေကြုံနေရတဲ့ ချင်းပြည်နယ် ပလက်ဝမှာဘဲဖြစ်ဖြစ် ရခိုင်ဘက် အမ်း မြေပုံ မြင်းပြားဘက်မှာဘဲဖြစ်ဖြစ် တိုက်ပွဲကြောင့်ခံနေရတဲ့ ပြည်သူတွေအများကြီးရှိတယ်၊ ဒီလိုမျိုးအခြေအနေမှာ ပြည်သူတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် ချင်းတွေရဲ့အရေးကို လှုပ်ရှားနေတဲ့လူတစ်ယောက်အနေနဲ့ဘဲဖြစ်ဖြစ် ကျနော်တို့ကျရာကဏ္ဍမှာ လုပ်စရာတွေအများကြီးရှိတယ်လို့ ပြောချင်တယ်၊ ဉပမာ စစ်ဘေးရှောင်းနေရတဲ့ ပြည်သူတွေ စားနပ်ရိက္ခာဖူလှုံရေးအတွက် အများကြီး ကူညီပေးဖို့ လိုနေသေးတယ်၊ ဆုလည်း အများကြီး တောင်းပေးဖို့ လိုနေသေးတယ်၊ ဒီလိုမျိုးအခြေအနေမှာ CHRO အနေနဲ့ကတော့ ဒီလိုမျိုး လူ့အခွင့်ရေးချိုးဖောက်မှုတွေ အနည်းဆုံးဖြစ်အောင် ပဋိပက္ခဖြစ်စဉ်မှာပါဝင်နေတဲ့ တပ်မတော်နှင့် အေအေကိုစောင့်ကြည့်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်သွားပါမယ်၊ လက်ရှိပြည်သူတွေ ကြုံနေရတဲ့ ဖြစ်စဉ်တွေကိုလည်း ရပ်ကြည့်နေတာမဟုတ်ဘဲနဲ့ ကျရာကဏ္ဍကနေ ပါဝင်ကူညီပေးကြဖို့ ပြောချင်ပါတယ်။

ခိုနူမ်းသုန် မှ ပေးပို့သည်။