“အစိုးရရော စစ်တပ်ပါ ရခိုင်ပြည်ဆိုတာက ပဋိပက္ခပေါင်းစုံနဲ့လွမ်းခြုံပြီးတော့ ပြဿနာ ပေါင်းစုံကို ရင်ဆိုင်နေရတဲ့အခြေအနေတစ်ခု ဖြစ်တယ်ဆိုတာကို နှလုံးသွင်းဖို့လိုတယ်” ဦးဝင်းအောင် (အမျိုးသားလွှတ်တော်အမတ်လောင်း၊ မင်းပြား – မြေပုံမြို့နယ်မဲဆန္ဒနယ်)

0
251

ရွေးကောက်ပွဲမကျင်းပနိုင်တော့သည့် ရခိုင်ပြည်နယ်မှ အမတ်လောင်းများ၏ အသံများ

၂၀ အောက်တိုဘာ ၂၀၂၀
ရခိုင်ပြည်နယ်အတွင်းတွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် ၉ ခုရှိပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စု အလိုက် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် ၄ ခုရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။ ယင်းသို့ ရွေးကောက်ပွဲ မကျင်းပနိုင်သည့်မြို့နယ်များတွင် နိုင်ငံရေးအခြေအနေမည်သို့ဖြစ်လာနိုင်သည်ကို ရွေးကောက်ပွဲ မရှိတော့သည့်မြို့နယ်များမှ ကိုယ်စားလှယ်လောင်းများကို ဆက်သွယ်မေးမြန်းထားသည်။

ဦးဝင်းအောင် (အမျိုးသားလွှတ်တော်အမတ်လောင်း၊ မင်းပြား – မြေပုံမြို့နယ်မဲဆန္ဒနယ်)

“အစိုးရအနေနဲ့ပေါ့နော်၊ အစိုးရရော စစ်တပ်ပါ ရခိုင်ပြည်ဆိုတာက ပဋိပက္ခပေါင်းစုံနဲ့လွမ်းခြုံပြီးတော့ ပြဿနာ ပေါင်းစုံကို ရင်ဆိုင်နေရတဲ့အခြေအနေတစ်ခု ဖြစ်တယ်ဆိုတာကို နှလုံးသွင်းဖို့လိုတယ်။ အဲဒါကြောင့် သူတို့ ပြောနေတဲ့ ပြည်ထောင်စုစိတ်ဓာတ်ဆိုတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ကို စဉ်းစားဖို့အတွက် သူတို့ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားနိုင်ခဲ့မယ်ဆိုရင် သူတို့ရှေ့ဆက်မယ့် စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစြီပည်ထောင်စုမှာ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်ကိစ္စကလည်း ဦးစားပေးအရေးတစ်ကြီးလုပ်ရမှာဖြစ်တယ်။ အခုအနေအထားက သက်ဆိုင်တဲ့အစိုးရရော၊ စစ်တပ်ပါ လျစ်လျူရှုပြီးတော့ အမျိုးသားရင့်ကြားစေ့ရေးကို မြောင်းထဲကိုပို့လိုက် တယ်။ ဒီမိုကရေစီစံချိန်စံနှုန်းတွေကို အကုန်လုံးကို ဖယ်လိုက်တာဖြစ်တယ်လို့ ပထမ မှတ်ချက်ပေးချင်တယ်။
ဒုတိယတစ်ခုက လက်နက်ကိုင်ပဋိပက္ခဖြစ်နေတဲ့ အနေအထားတစ်ခုကိုတော့ အစကတည်းသိပြီးသားပေါ့လေ။ အစိုးရအနေနဲ့အဲဒါကို ဘာကြောင့် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး နည်းလမ်းတွေရှာပြီးတော့ မဆွေးနွေးတာလဲ၊ ဘာကြောင့် ဆွေးနွေးဖို့မလုပ်တာလဲဆိုတာပေါ့။

နောက်တစ်ချက်က လက်ရှိအခြေအနေမှာ ရခိုင်ပြည်သူပြည်သားတွေက သူတို့ရဲ့ နှစ်ပေါင်းမြောက်များစွာ ပျောက်ကွယ်နေတဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေနဲ့ တစ်စုံတစ်ခုကိုမျှော်လင့်ဖို့အတွက် နိုင်ငံရေး အခင်းအကျင်းတွေ၊ အမျိုးသားရေးအခင်းအကျင်းတွေက အတိုင်းအတာတစ်ခုထိ မြင်နေရတဲ့အချိန်မှာ အခု ဒီမိုကရေစီပါလီမန် အနေအထားတစ်ခုမှာလည်း ရခိုင်ပြည်သူပြည်သားတွေကို လက်ရှိရခိုင်မှာရှိနေတဲ့ ပါတီတွေနဲ့ တစ်သားတည်းဖြစ်နေတယ်ဆိုတာကို သိသိသာသာထင်ထင်ရှားရှားဖော်ပြလာနိုင်တဲ့ အနေအထား တစ်ခုလို့ ပြောလို့ရတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းအပါအဝင် တစ်ချို့မြို့နယ်တွေမှာ ရွေးကောက် ပွဲမကျင်းပပဲ ချန်လှန်ထားခဲ့တာဟာ ရခိုင်ပြည်သူပြည်သားတွေကို ကိုယ်စားပြုထားတဲ့ ရခိုင်ပါတီတွေ၊ ရခိုင်အမျိုးသားပါတီဆိုရင်လည်း မြန်မာနိုင်ငံမှာ တတိယအင်အားအကြီးဆုံးပါတီတစ်ခု ဖြစ်တယ်၊ အဲဒီနေရာတွေမှာ ရခိုင်အမျိုးသားပါတီက သေသေချာချာနိုင်မယ်လို့ ပြောလိုရတဲ့နေရာတွေကို ကန့်သတ်တာဟာ တမင်သတ်သတ်အကြံပတ်စက်တာဆိုပြီးေတာ့ ကျနော်မှတ်ချက်ပေးချင်တယ်။
ရွေးကောက်ပွဲမဖြစ်တဲ့ဒေသတွေမှာ နိုင်ငံရေးအရမဖြေရှင်းဘဲ အခြားလက်နက်ကိုင်ပဋိပက္ခတွေကို အင်းအား ဖြည့်ပြီးတော့ ဖြေရှင်းဖို့ကြိုးစားနေတဲ့ ရခိုင်ပြည်နယ်ရဲ့အနေအထားဟာဆိုရင် အင်မတန်စိုးရိမ်ရတဲ့ အခြေအနေ အကျပ်အတည်းတွေနဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဗြောင်ဆန်သွားနိုင်တဲ့ အနေအထားတစ်ခုကို ကျနော် အနေနဲ့ စိုးရိမ်မိတယ်ပေါ့”

ဦးအောင်သောင်းရွှေ (ပြည်သူ့လွှတ်တော်အမတ်လောင်း၊ ဘူးသီးတောင်မြို့နယ်)

“ကျနော်တို့မှာတော့ ရွေးကောက်ပွဲမကျင်းပနိုင်ရင်လည်း သိပ်တော့မထူးပါဘူး၊ ကျင်းပလိုက်ရင်လည်း သိပ်မထူး ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲကိုကျင်းပလို့ အခုကျနော်တို့ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်နေတယ်။ ဒါပေမယ့် ကျနော်တို့လူထုအသံကို လွှတ်တော်မှာလည်းပြောတယ်၊ မီဒီယာတွေမှာလည်းပြောတယ်။ ဒါပေမယ့် ဒီမှာဖြစ်နေတဲ့ဥစ္စာက တခြားစီဖြစ်နေတယ်။ ကျနော်တို့ ဘယ်လောက်ပဲပြောပြော မြေပြင်မှာဖြစ်နေတာကို ပြောတာနဲ့ လက်တွေ့ဖြစ်နေတာက ဘာမှမထူးဘူးဖြစ်နေတယ်။ ဆိုတော့ ရွေးကောက်ပွဲကျင်းပလို့ လွှတ်တော် ကိုယ်စားလှယ်တွေထွက်ပေါ်လာရင်လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြဆိုကြပေမယ့်လည်း ဒီဘက်ကဖြစ်နေတာက တစ်ပိုင်းဖြစ်နေတယ်။ ဆိုလိုတာက အစိုးရအနေနဲ့ လက်တွေ့မှာ ပြည်သူတွေကို ကိုယ်စားပြုပြီးမှ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အသံကို နားမထောင်ခဲ့ဘူး။ တချို့ဆိုလို့ရှိရင် လွှတ်တော် ကိုယ်စားလှယ်တွေကိုတောင်မှ ဖမ်းဆီးပြီးမှထောင်ချတာတွေရှိတယ်။ နောက်ပြီး တိုင်းရင်းသားတွေရဲ့ အသံ တွေဟာ လျစ်လျူရှုခံရတယ်၊ အဲလိုအနေအထားရှိတယ်။ ဆိုတော့ ရွေးကောက်ပွဲမကျင်းပရင်လည်း ကျနော်တို့ အနေနဲ့ သိပ်ကိုထူးထူးခြားခြားတော့ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် တစ်ခုရှိတာက ကျနော်တို့ကို တရားဥပဒေ စိုးမိုးမှုနဲ့ အုပ်ချုပ်ရေးပိုင်းမှာ လစ်ဟာမှုတွေရှိတဲ့အတွက်ကြောင့် ပြည်သူလူထုတွေအတွက် စိုးရိမ်မှုတွေရှိတယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိမယ်၊ လုံခြုံရေးအားနည်းတဲ့အတွက် စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့မြင်ပါတယ်။
ပြည်သူတွေမှာတော့ အခုလည်းတိုက်ပွဲတွေကြောင့် ပြေးနေရတယ်၊ သေနေရတယ် အဲလိုအနေအထားတွေ ဖြစ်နေတယ်။ ဆိုတော့ တရားဥပဒေစိုးမိုးမှုမရှိဘူး၊ အုပ်ချုပ်ရေးအာဏာ ပျက်ယွင်းနေတယ်၊ အဲတာကြောင့် လူထုတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်။ အဲတာတွေကိုကိုယ်စားပြုပြီး ကျနော်တို့ စကားမပြောနိုင် တော့ဘူးဆိုတော့ လူထုတွေအတွက်အများကြီးစိုးရိမ်နေရတယ်။ အဲတာကြောင့် ကျနော်တို့လူထုတွေ အကုန်လုံး သတိနဲ့နေထိုင်ဖို့ပြောချင်ပါတယ်”

ဒေါ်ခင်စောဝေ (ပြည်သူ့လွှတ်တော်အမတ်လောင်း၊ ရသေ့တောင်မြို့နယ်)

“ပေါက်တောက အဖြူရောင်နယ်မြေဖြစ်တယ်၊ တစ်ခါမှလည်း တိုက်ပွဲဖြစ်တာမရှိဘူး။ နောက်တစ်ခါ မောင်တော ဆိုရင်လည်း တိုက်ပွဲဖြစ်တာမရှိဘူးနော်၊ ရွေးကောက်ပွဲလုပ်ရင် လုပ်လို့ရတဲ့အခြေအနေဖြစ်တယ်။ အဲအတွက်ကြောင့် ရွေးကောက်ပွဲကော်မရှင်(UEC)အေနနဲ့ ဒါကိုဒီမိုကရေစီစနစ်အရ ပွင့်လင်းမြင်သာစွာပေါ့ အဲ ၉ မြို့နယ်က တိုက်ပွဲမဖြစ်တဲ့နေရာတွေ၊ နောက်တစ်ခါ မြို့ပေါ်မှာလုပ်လို့ရတဲ့ နေရာတွေလည်း တွေ့နေရတယ်။ အဲဒီအတွက် ၉ မြို့နယ်ကို ရွေးကောက်ပွဲမဖြစ်တဲ့ မြို့နယ်တွေကို ကြေငြာခဲ့တာကိုတော့ ပွင့်လင်းမြင်သာစွာ ပြည်သူလူထုကိုချပြဖို့အတွက် တိုက်တွန်းချင်တယ်။

ဆို့တော့ နိုင်ငံရေးဘောင်ကျဉ်းလို့ရှိရင် စစ်ဘောင်ကျယ်လာတယ်။ အဲတော့ နိုင်ငံရေးဘောင်ကျဉ်းသွား ရင်တော့ ဘာပဲဖြစ်ဖြစ် မြေပြင်က ပြည်သူတွေ တော်တော်လည်းအထိနာကြရမှာပဲ။ ဆိုတော့ ဒီစစ်ဘောင် ကျယ်လာရင် ဘယ်သူ့အတွက်မှမကောင်းဘူး။ အဲအတွက်ကြောင့် နိုင်ငံရေးလည်းရှိဖို့လိုတယ်။ အဲတော့ ကျမတိုဘက်မှာဆိုရင် မီဒီယာတိုင်းလည်းသိတယ်၊ တချို့ကနိုင်ငံရေးကို စိတ်ဝင်စားမှုအားနည်းလာတာ တွေ့တယ်။ နိုင်ငံရေးလုပ်နေလို့ ဘာမှတောင်းလို့မရတော့ဘူး။ ဆိုတော့ ငါတို့လက်နက်ကိုင်မှဖြစ်မယ်ဆိုတဲ့ အတွေးတွေကရောက်သွားတာကို လက်တွေ့ကြုံတွေ့နေကြရပါတယ်။ ဒါကြောင့် ဒီနိုင်ငံရေးမရှိဘူးဆိုရင် စစ်ဘောင်ကြီးဟာ တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာပိုပြီးတော့ ကျယ်ပြန့်လာလိမ့်မယ်လို့ပြောချင်ပါတယ်”

ဦးမောင်ဝင်းစိုး (ပြည်နယ်လွှတ်တော်အမတ်လောင်း ၊ မင်းပြားမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)

“ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ရခိုင်ဒေသက ၉ မြို့နယ်အပါအဝင်ပေါ့၊ ကျောက်ဖြူ၊ အမ်း၊ စစ်တွေ၊ တောင်ကုတ် မြို့နယ်တွေမှာလည်း ရပ်ကွက်တချို့နဲ့ ကျေးရွာအုပ်စုတချို့ မကျင်းပနိုင်ဘူးဆိုတော့ ဒီကြေငြာချက်က ရခိုင် တခုတည်းမဟုတ်ဘူးပေါ့၊ မြန်မာနိုင်ငံထဲမှာဆိုရင်လည်း ကချင်၊ ကရင်၊ မွန် စတဲ့ပြည်နယ်တွေလည်း မပါဝင်ဘူး။ အဲဒီဒေသတွေမှာဆိုရင် တိုင်းရင်းသားပါတီတွေ အားကောင်းတဲ့ အနိုင်ရနိုင်ခြေရှိတဲ့နေရာအများမှာ ရွေးကောက်ပွဲမကျင်းပတာ တွေ့ရတယ်။ ရခိုင်မှာဆိုရင်လည်း တောင်ပိုင်းလေးမြို့နယ်လောက်ပဲ အပြတ်သတ် ကျင်းပနိုင်တာပေါ့။ အဲတာကိုတော့ မရိုးသားဘူးလို့မေးခွန်းထုတ်ချင်တယ်။ ပြောချင်တာက တိုင်းရင်းသား ပါတီတွေ အားကောင်းတဲ့နေရာတွေကိုမှ ရွေးကောက်ပွဲမကျင်းပဖြစ်ပုံစံမျိုးဖြစ်နေတယ်။ ဥပမာပြောရမယ်ဆိုရင် ပေါက်တော၊ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲ တမင်ချန်လှစ်ထားတဲ့ပုံစံမျိုး ဖြစ်နေတယ်။ သူတို့က အဲဒီဒေသတွေဟာ နောက်ဖြစ်လာဖို့လုံခြုံရေးတွေကို မယူပေးနိုင်တဲ့ အဆင့်ဖြစ်လာမယ်လို့ တွေးလားတော့မသိဘူး။ ဒါပေမယ့် ၉ မြို့နယ်ထိမကျင်းပနိုင်ဆိုတာကေတာ့ အစိုးရရဲ့ ညံ့ဖျင်းမှုဖြစ်တယ်။ ကျနော်တို့က ဒီလောက်ထိမျှော်မှန်းမထားခဲ့ဘူး။ ဒီလောက်ထိမကျင်းပနိုင်တဲ့မြို့နယ်တွေ များပြားလိမ့်မယ်လို့ မျှော်မှန်းမထားဘူး။ အခုက ထင်ထားတာထက်ပိုတဲ့အတွက် တကယ့်ကိုအံ့သြသွားတယ်”

အောင်ထိန် (DMG) – မေးမြန်းသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here